(Unicode)
ရင်ခုန်ခြင်းသည် မျက်လုံးမပေါ်အောင် ပြုံးတတ်သော စီနီယာကြောင့် ဖြစ်ပေါ်လာသည်❤
ကန်တင်းတွင် အုပ်စုလိုက် စကားဖောင်ဖွဲ့နေစဉ် ရုတ်တရက် ချန်းယောလ်မေးလိုက်သော မေးခွန်းက အကုန်လုံးကို တိတ်ဆိတ်စေသည်။
" ဂျုံအင်နီးရ...မင်းကို Surprise လုပ်နေတဲ့ အကိုကြီးကို သဘောကျနေပြီလား..."
"အဟွတ်....အဟွတ်...."
ချန်းယောလ်ရဲ့ အမေးကြောင့် အအေးသောက်နေသော ဆယ်ဟွန်းခမျာ သီးလေသည်။
"စီနီယာ....အဆင်ပြေရဲ့လား"
စိုးရိမ်တကြီး မေးမိသော ဂျုံအင်သည်ကား ပတ်ဝန်းကျင်ကို ဂရုမစိုက်မိ။
"ရတယ်....က...ဂျုံအင်နီး ကိုယ်ဘာမှ မဖြစ်ဘူး..."
ကလေးဟု ယောင်မှားကာ အသံထွက်မိတော့မည်ကို မနည်းထိန်းနိုင်မိ၍ ဆယ်ဟွန်းခမျာ သက်ပြင်းချမိတော့သည်။
"ဂျုံအင်နီး...ငါမေးတာ ဖြေဦးလေ"
ချန်းယောလ်အသံကြားမှ အဖြစ်အပျက်ကို သတိရသွားဟန် ဂျုံအင်နီးလေးက မျက်နှာလေးနီရဲလျက်။
" အားနာပေမဲ့ မကြိုက်ပါဘူး...ငါ့မှာ သဘောကျရတဲ့သူရှိတယ်..."
ဂျုံအင်နီးရဲ့ စကားကြောင့် ဆယ်ဟွန်း မျက်နှာပျက်သွားသည်ကို ချန်းယောလ်နှင့် ရိဖန်သာ မြင်လိုက်သည်။ ခေါင်းငုံ့ကာ ရှက်သွေးဖြာနေသော ဂျုံအင်နီးလေးကတော့ မမြင်ရှာ။
"မင်း...ငါ့ကို လျှိုထားတာလား"
စိတ်ကောက်နေကြောင်း လေသံစွက်သော ချန်းယောလ်အသံက သူတို့ကြား တိတ်ဆိတ်မှုကို ဖြိုခွဲလျက်။
"ငါတောင်...ငါ့ဘာသာ မသေချာလို့ဟာကို...."
မျက်နှာကြီး စူပုတ်ကာ ပြောသော ဂျုံအင်နီးကြောင့် ဆယ်ဟွန်းခမျာ ရင်ခုန်ရသလို နာကျင်မိသည်။
" ဘာဖြစ်လို့လဲ"
"သူ့....သူ့ကို တွေ့တိုင်း ရင်ခုန်လာလို့"
ဂျုံအင်နီးအဖြေကြောင့် ချန်းယောလ်လီက နှာခေါင်းရှုံ့ပြသည်။