Chapter 4

5.7K 769 140
                                    

ယနေ့ကား နေသာ၏။ မပူလွန်းသော နေရောင်နှင့် လေလေးတစ်ဖြူးဖြူးတိုက်ခတ်ကာ သာယာလှသဖြင့် မိသားစုလိုက် ပျော်ပွဲစားထွက်သင့်သော နေ့တစ်နေ့ဖြစ်သည်။ သို့ပါသော်လည်း ခရမ်းရောင် အသုဘအဝတ်အစားကိုယ်စီဖြင့် ထို Demon တစ်စုကတော့ သင်္ချိုင်းမြေတွင် ဈာပနအတွက် တိတ်ဆိတ်စွာဖြင့် စုဝေးကာနေသည်။ တိတ်ဆိတ်ငြိမ်သက်ခြင်းက ကြီးစိုးလွန်သဖြင့် ပေါက်တူးပေါက်သံ တဒုတ်ဒုတ်မှ လွဲ၍ ဘာသံမှ မကြားရ။ ဤသည်ကပင် ကြေကွဲစရာကောင်းလှသည့် သင်္ချိုင်းမြေကို ပို၍ ကြေကွဲစရာကောင်းစေသည်။

မြေကျင်းထဲတွင် လဲလျောင်းနေပြီဖြစ်သော အခေါင်းကို ယောဝေ ငေးကြောင်ကြောင်ဖြင့် စိုက်ကြည့်နေမိသည်။ သူများတွေ ပြောပုံအရဆိုလျှင် သူ၏ ချစ်ရသူက ထိုအထဲတွင် လဲလျောင်းနေသည်တဲ့။ ပုရောဟိတ်ဆရာကြီးကလည်း သူ၏ ချစ်ရသူသည် မယ်တော်သခင်မ၏ ဘုန်းတန်ခိုးအားဖြင့် ပို၍ ငြိမ်းချမ်းသော ဘဝ၌ရှိသည်တဲ့။

သူကတော့ ထိုသူအားလုံး၏ စကားကို တစ်လုံးမှ နားမလည်။ ယခုအခြေအနေသည် အိမ်မက်လား တကယ်လားဆိုသည်မှာ မသဲကွဲ။ သူ၏ အသိစိတ်ကတော့ပြောရှာပါသည်။ ဤသည်အားလုံးဟာ အမှန်တွေတဲ့။ ချစ်ရပါသော ခင်ပွန်းသည် ရှင်းဝဏ်ကား သူ့အား ထားရစ်ကာ တမလွန်သို့ ထွက်ခွာသွားလေပြီတဲ့။ သို့ရာတွင် ဤအဖြစ်အပျက်အားလုံးတို့သည် အိပ်မက်ဟု သူ ယုံကြည်၏။ အဘယ်ကြောင့်ဆိုသော် သူ၏ နှလုံးသားက သူ့ကို မရပ်မနားပဲ တီးတိုးပြော၍ နေသည်။ အမောင်က ဘာဖြစ်လို့ သေရမှာလဲတဲ့။ အမောင်သည် သူ့၏ နှလုံးသားထဲတွင် ယခုထိတိုင် အသက်ရှင်နေသေးသည်။ ဤသည်ကို သူ အသိဆုံး။

"အဲ့ဒီညက ဘာတွေဖြစ်ကြတာတုန်း ယောဝေ။"

သူအား ရှင်းဝဏ်၏ ဖခင်ဖြစ်သူ သခင် ကွန်းဖြူထွန်းက မာထန်သော လေသံဖြင့် မေးလာသည်။

"အဲ့ဒီ့ ညက...???"

ယောဝေ ဘာလို့မေးပါလိမ့်ဟူသော ဇဝေဇဝါ မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ထို့နောက် ထိုမေးခွန်းကို ဖြေရန် မှတ်ဉာဏ်ကိုပြန်ခေါ်ကြည့်သည်။ သူနှင့် ရှင်းဝဏ်တို့၏ အပြုံးအပျော်တို့ ထုံလွှမ်းနေသော အချိန်တို့၏ မှတ်ဉာဏ်တချို့မှ လွဲ၍ တခြားဘာမှ စဉ်းစားမရ။ သို့သော် သေချာတာ တခုကတော့ သူတို့နှစ်ဦး အတူရှိနေလိမ့်မည်။ ဤသည်က မှားစရာမရှိ။

ဖူးစာရှင် || ဖူးစာရှင်Where stories live. Discover now