နိဂုံး

7.7K 609 42
                                    

ဆယ်စုနှစ် ၃ ခုခန့်အကြာ....

ယနေ့ကား ဇန်နိုရာ၏  ရက်ထူးရက်မြတ်မို့ ဇန်နိုရာသူ၊ ဇန်နိုရာသားတိုင်းလိုလို အဝတ်ကောင်းအစားလှတို့ဝတ်ကာ တက်ကြွမြူးတူးနေကြသည်။ တချို့သော ဈေးသည်များဆိုလျှင် ဈေးဝယ်သူတို့ကို အဆစ်ဖောဖောသီသီပေးကာ၊ တချို့သော စားသောက်ဆိုင်များဆိုလျှင် ဆင်းရဲသားတို့ကို အလကားမတ်တင်ကျွေးမွေးသည်အထိကို စိတ်ကောင်းဝင်ကြကုန်သည်။ အကြောင်းမူကား ယနေ့သည် ဇန်နိုရာ၏ သားတော်ကြီးဖြစ်သူ သီဟဝင်္ဂ မင်းသားနှင့် ဘုရင့်တပ်မဟာမှ ဗိုလ်ချုပ်မှုးကြီး သူရိယဝဠာတို့၏ ထမ်းမြှားမင်္ဂလာအခမ်းအနားရှိသည် မဟုတ်လား။ ဇန်နိုရာပြည်သူပြည်သားတို့သည်ကား ထိုနှစ်ဦးကို လေးစားမြတ်နိုးကြလေရာ ထိုနှစ်ဦး၏ မင်္ဂလာပွဲသည် တိုင်းပြည့်အတွက် ကောင်းချီးကျက်သရေဟု ခံယူကြလေတော့သည်။ 

နန်းရင်ပြင်သည် အနက်ရောင်၊ အနီရောင်နှင့် ရွှေရောင်တို့ထုံမွှမ်းလျှက် ခန်းနားကြီးကျယ်မှုဖြင့် တောက်ပလို့နေသည်။ ထိုရင်ပြင်၏ အလယ်ဝယ် ခမ်းနားစွာ ဆင်ယင်ထားသော စင်မြင့်တခုရှိပြီး အရှေ့တည်တည့် ရင်ပြင်အဆုံးဝယ် ဘုရင်မင်းမြတ်အတွက် ရာဇပုလ္လင်ထားရှိရာ နောက်ထပ်စင်မြင့်ကြီးတစ်ခုကို စီစဉ်ထားရှိသည်။ ထိုပုလ္လင်မှသည် မင်္ဂလာတံခါးရှိရာ အရှေ့တံခါးအထိ သားမွှေးကော်ဇော်အရှည်ကြီးတချပ်ကို လျှောက်လမ်းအဖြစ် ဖြန့်ခင်းထားကာ နန်းရင်ပြင်ကို နှစ်ပိုင်းပိုင်းထား၏။ ဝဲဘက်အခြမ်းသည် အမတ်ကြီးငယ်တို့အတွက် နေရာထိုင်ခင်းစီစဉ်ရန်ဖြစ်ပြီး ယာဘက်အပိုင်းသည် တော်ဝင်သွေးသားတို့နှင့် အထူးဧည့်သည်တော်တို့အတွက် နေရာချထားရန်ဖြစ်သည်။

တကယ်ဆို ဒီလို နေ့သည် လွန်ခဲ့သော် နှစ်သုံးဆယ်ကတည်းက ဖြစ်ရမည့်ကိစ္စ။ သို့သော် ပယ်ရီနော့နှင့် စစ်မက်အရေးကြောင့် ဆိုင်းငံ့လိုက်ရသည်။ တဖန် ထိုစစ်ကြီးပြီးပြန်တော့ တိုင်းပြည်၏ ပုဆိန်ရိုးတို့၏ စနက်ဖြင့် ရှုပ်ထွေးလာသော နိုင်ငံရေး အခြေအနေအရပ်ရပ်ကို ဘုရင်မင်းမြတ်နှင့် ချစ်ရသူတို့နည်းတူ တဖက်တလမ်းမှ ကိုင်တွယ်ဖြေရှင်းနေရသည်ဖြစ်ရာ ထိုမျှနောက်ကျကုန်တော့သည်။ သို့သော် အကျိုးဆက်အားဖြင့်တော့ ကျေနပ်ဖွယ်ရာအတိ။

ဖူးစာရှင် || ဖူးစာရှင်Where stories live. Discover now