Chapter 25

4.7K 629 38
                                    

"ဝေ့.... ရောင်းရင်း ရှင်းဝဏ် ကျုပ်တို့ ဒီမှာကော။"

သောနက ထမင်းစားဆောင်ထဲဝင်လာသော ရှင်းဝဏ်အား မြင်သာအောင် လက်လှမ်းပြလိုက်သည်။ ရှင်းဝဏ်ကလည်း လက်လှမ်းပြရင်းမှ သူ့ရောင်းရင်းများထိုင်နေသော စားပွဲရှည်ကို လှမ်းအကဲခတ်လိုက်သည်။ ထောင့်တစ်နေရာရှိ နေရာလတ်ကို မြင်လျှင် သူ လာမည်ဖြစ်ကြောင်း လက်ဟန်ခြေဟန်ဖြင့်ပြကာ နေ့လည်စာထည့်သည့် ပန်းကန်အလွှတ်များကိုင်ကာ ကျန်သော စစ်သည်များနှင့်အတူ တန်းစီနေလိုက်သည်။

ယေဘုယျအားဖြင့် အောက်ခြေသိမ်းဖြစ်သည့် စစ်သည်တို့က သတ်သတ်တနေရာတွင် စားပြီး ရှင်းဝဏ်တို့လို အရာရှိငယ်ဟု သတ်မှတ်ထားသူတို့က တနေရာတွင်စားသည်။ ထမင်းစားချိန်တချိန်တည်း ထမင်းစားရုံတရုံတည်းဖြစ်သော်လည်း အထက်တန်းအရာရှိတို့နှင့် သင်ကြားပို့ချသော ဆရာတို့ကမူ ထမင်းစားချိန် သူတို့ထက်စောလေသည်။ မည်သို့ပင်ဖြစ်စေ ရာထူးအဆင့်အတန်းအလိုက် ဝတ်ဆင်ရသည့် စစ်ဝတ်စုံ အဆင်တန်ဆာတို့သာ ကွဲပြားခြားနားပေလိမ့်မည်။ စားရသည့် အစားအစာတို့က အတူတူပင်။

ယနေ့ဆိုလျှင် နေ့လည်စာက ဂျုံမုန့်ညက်နှင့် မုယောကို ဟင်းခတ်အမျိုးအကြိုင်တို့နှင့် ရောကာ ကျိုချက်ထားသော ယာဂုထမင်း၊ အသားစတူး၊ အသီးအရွက်သုတ်နှင့် အချဉ်တည်ထားသော သစ်ဥသစ်ဖုများ၊ အရိုးပြုတ်ရေစသည်ဖြင့် သိပ်တော့ ထူးခြားမှုမရှိ။ သို့သော် သူ့အား နေ့လည်စာထည့်ပေးသော တပ်သားလေးကတော့ စေတနာပိုစွာပြင် ဟင်းများထမင်းများ ထည့်ပေးသဖြင့် ရှင်းဝဏ်၏ ပန်းကန်သည် ဗောင်းလန်နေသည်။

"ကျေးဇူးပါ့။"

ရှင်းဝဏ်က ထိုဟင်းထည့်ပေးသော တပ်သားလေးကို ကျေးဇူးတင်ကြောင်းပြောကာ စားစရာများ အပြည့်ထည့်ထားသော ပန်းကန်ကြီးကိုင်လျှက် ရောင်းရင်းတသိုက်ရှိရာ ခုံတန်းတွင် ဝင်ထိုင်လိုက်ပါသည်။

"အလို.... ရောင်းရင်းပန်းကန်ဟာ ကျုပ်နှစ်ဆလောက်ရှိတယ်ကော။"

ဂေးဆက်က ဝင်နောက်သည်။ ရှင်းဝဏ်က မကြားသလိုသာနေလိုက်သည်။ မဟုတ်လျှင် သူ့အား ထိုထမင်းထည့်ပေးသော တပ်သားလေးနှင့် သမှုတ်နေဦးမည်။ တခါကလည်း သူတို့သမှုတ်ကောင်း၍ ဟံလွေနှင့် ပြသနာတက်ပြီးပြီ။ သူနှင့်တော့ မဟုတ်။ ဟံလွေကို တခြားတစ်ယောက်နှင့် မြင်မိကြောင်းပြောလာသဖြင့် သူက ဟံလွေ့ကို အကျိုးအကြောင်း မေးမိရာမှာ ဟံလွေနှင့် သူ့ရောင်းရင်းတို့ သူတပြန်ကိုယ် နှုတ်လှန်ထိုးကာ ရန်ဖြစ်ကုန်ကြခြင်းပင်။ သူအနေနှင့် ရောင်းရင်းတို့အားမယုံသည်မဟုတ်သော်လည်း နှစ်ဦးနှစ်ဖက်ပြောပြချက်အရ တစုံတရာအထင်လွဲတာမျိုးရှိဖြစ်နိုင်သဖြင့် ကြားထဲမှ ဝင်တောင်းပန်မှပင် ကိစ္စပြတ်သွားတော့သည်။

ဖူးစာရှင် || ဖူးစာရှင်Where stories live. Discover now