Chapter 19

3.7K 604 46
                                    

"အိုမခ နောင်တော် အိမ်တော်မှာ ရှိရဲ့လား။"

ကောလွန်းက အိမ်ထဲဝင်ဝင်ခြင်း ရေတစ်ခွက်ဖြင့် ခရီးဦးကြိုပြုသော အိမ်တော်ထိန်းအမျိုးသမီးကို မေးလိုက်သည်။

"မှန်ပါ့ သခင်လေး။ ဒီလျှောက်လမ်းအတိုင်းမယ် တည့်တည့်သွားပြီး ညာဘက်ချိုးပါ့။ စာကြည့်ဆောင်တွေ့ပါမယ်ကော။ အရှင်ယောဝေ မနက်လင်းကတည်းက စာကြည့်ခန်းထဲ ဝင်သွားကြောင်းပါ။"

ကောလွန်းလည်း အိုမခပြောသည့်အတိုင်း ကြာမျိုးငါးပါးပွင့်နေပါသော ရေကန်ငယ်လေးနဘေးတွင် ဆောက်ထားသော တံတား လျှောက်လမ်းလေးအတိုင်း လျှောက်လာခဲ့သည်။ ကြာနံ့သင်းသင်းလေးနှင့် လေညှင်းသွဲ့သွဲ့က စိတ်ကို လန်းဆန်းစေပါသော်ငြား စာကြည့်ဆောင်တံခါးဖွင့်သည်နှင့် မြင်လိုက်ရသော မြင်ကွင်းကား ကောလွန်းအားအစောက ကြည့်လင်နေသည့် စိတ်အကြည်ဓါတ်ကလေးကို အဝေးသို့ တမဟုတ်ချင်း လွင့်ပါးသွားစေသည်။

"မယ်တော်သခင်မ!!! ဒါက ဘယ်နှယ့်... ဘယ်ပုံတွေဖြစ်လို့...."

စာကြည့်ခန်းတခုလုံးမှာ စစ်သလင်းတခုပမာ မွစာကြဲနေသည်။ စာရွက်များ၊ ပေပုရပိုဒ်များ၊ ကျမ်းစာအုပ်များသာမက စာရေးသည့် မင်အိုးရော ကလောင်တံတို့ကား ကြမ်းပြင်ပေါ်ဝယ် ဟိုတစဒီတစဖြင့် ပွထကြဲနေသည်။ ထိုမျှမက အဝတ်အစားတချို့ကလည်း စာရွက်တို့နှင့်အပြိုင် ကြမ်းပြင်ပေါ်ဝယ် အပုံလိုက်လေး။ မှီအုံးတို့ ခြုံစောင်တို့ကလည်း ကြမ်းပြင်ပေါ်ဝယ်။ သူ့ စာကြည့်ခန်းတောင် ဒီလောက် မရှုပ်ပွ။ တခန်းလုံးဝယ် နေရာတကျရှိတာဆိုလို့ အခန်းထောင့်ရှိ သလွန်ထက်ဝယ် ခွေခွေလေးလဲလျှောင်းနေသော တကိုယ်လုံး၌ ပိုးဘောင်းဘီအဖြူလေးသာရှိသည့် အမျိုးသားတစ်ဦးသာရှိသည်။ ဒါတောင် ထိုအမျိုးသား၏ ဆံပင်တို့သည်ကား ပြေလျော့ကာ ကပိုကယိုဖြစ်နေသေးသည်။

ဇန်နိုရာတွင် အမျိုးသား၊ အမျိုးသမီး အကုန် ဆံပင်ရှည်ထားကြသည်။ ပြီးလျှင် ကိုယ်နေ့စဉ်လှုပ်ရှားမှုတို့နှင့် အဆင်ပြေအောင်ထုံးဖွဲ့ကြသည်။ တစ်တသတ်မှတ်တည်းတော့ မရှိသော်ငြား ယေဘုယအားဖြင့်တော့ မင်းမျိုးမင်းနွယ်နှင့် အထက်တန်းလွှာတို့သည်ကား အမျိုးသမီးတို့ကသာ အဆင့်အတန်းအလိုက်ဆံထုံးပြီးပြီးမြင့်မြင့်ထုံးကာ အဆင်တန်ဆာအမျိုးမျိုးဆင်ယင်ကြသော်လည်း အမျိုးသားတို့ကား အဓိက ပွဲလမ်းသဘင်တက်ရောက်သည်မှလွဲ၍ ဆံထုံးထုံးခဲလှသည်။ ဆံပင်တို့ကို တဝက်ခန့်သာ စည်းနှောင်ကာ ရာထူးအလိုက် အဆင်တန်ဆာတို့ကို ခေါင်းပေါ်ဝယ်ဆင်မြန်းကြသည်။

ဖူးစာရှင် || ဖူးစာရှင်Where stories live. Discover now