Chapter 45

3.5K 556 34
                                    

ညနေစောင်းလာသည်နှင့်အမျှ တနေကုန် အစွမ်းရှိသမျှ ထွန်းလင်းလာရပါသော ရှင်နေမင်းခမြာ နွမ်းနယ်လာပြီထင့် လင်းရောင်ခြည်တို့က ယုတ်လျော့ကာ ကျဲဖျော့လာပါ၏။ တစစနှင့် အားပြင်းလာသည့် အမှောင်ယံအောက်ဝယ် ဥယျာဉ်တခုလုံးသည် မှိုင်းရီလာတော့သည်။

"ကလေးငယ်.... ဒီလောက်ဆို ရလောက်ပြီထင်ပါ့။"

စောမထီးက နဘေးရှိ ကြိမ်ခြင်းလေးထဲသို့ သူ တူးဖော်ထားသော ဆေးမြစ်တချို့ကို ထည့်လိုက်ပြီး ခပ်လှမ်းလှမ်းဝယ် သူ့နည်းတူ ခရင်းတစ်ချောင်းဖြင့် ဆေးစိုက်ခင်းများကို ထိုးဆွနေသော ကောလွန်းအား လှမ်းမေးလိုက်ပါသည်။

ကောလွန်းက ချက်ချင်းမဖြေသေး။ သူ တူးဆွထားသော မြေပြင်ထဲမှာ မြေကြီးများကို လက်ဖြင့် ဂရုတစိုက် ဖယ်ရှားနေသည်။ သို့သော် လိုချင်သည့် အနေမရောက်သေး။ သူလိုသည်က ထိုအပင်၏ ပဉ္စငါးပါးဖြစ်သော အသီး၊ အပွင့်၊ အရွက်၊ အမြစ်နှင့် ပင်စည်ထဲမှ အမြစ်။ သို့သော် ထိုအပင်၏ အမြစ်က သေးသွယ်ကာ ရှည်လျားလွန်းသည်ဖြစ်ရာ ဆွဲနှုတ်ပါလျှင် ကျိုးပြတ်မည်စိုးရပါ၏။ ထိုကြောင့် ထိုအမြစ်တခုလုံးရအောင် ထပ်မံကာ တူးဆွလိုက်ပြန်သည်။ ထိုသို့တူးဆွရာတွင်လည်း အမြစ်ကို မတော်တဆမထိစေရန် ဂရုစိုက်က တူးဆွရပြန်သည်။

"ကျုပ် ကူပါမယ်ကော။"

စောမထီးက ချစ်သူလေး၏ ဖွဖွရွရွလေး တူးဆွနေပုံကို ကြည့်ကာ အသည်းယားလှသည်ဖြစ်ရာ ဝင်ရောက် ကူညီပါရန် ကမ်းလှမ်းလိုက်တော့သည်။ သို့သော် ချစ်သူလေးက ဆတ်ဆတ်အထိမခံသည့်ပုံဖြင့် လက်ကာပြလာသဖြင့် ကိုယ်ဟန်သတ်ကာ ဒင်းကလေးလုပ်သမျှ ကိုင်သမျှကိုသာ ထိုင်ကြည့်နေရပါတော့သည်။

ထိုလက်သွယ်သွယ်လေးများက မြေစိုင်မြေခဲများကို ယက်ထုတ်နေပုံမှာ ကယုကယင်ရှိလှသော်ငြား လိုအပ်သည်မို့ ခွန်အားတို့ကို ညှင်သာမှုတရပ်နှင့် ကန့်သတ်ထားပုံပင်။ မည်သူဖြစ်စေ သူ့မျက်လုံးထဲဝယ်တော့ ချစ်သူလေး၏ လက်ချောင်းဖြူဖြူလေးတို့၏ လှုပ်ရှားဟန်က လေညှင်းသွယ်သွယ်ဝယ် ယိမ်းနွဲ့နေသည့် မိုးမခကိုင်းလေးလို။ လှပမှုနှင့် ရှု့မောဖွယ်ရာကောင်းလှပါ၏။

ဖူးစာရှင် || ဖူးစာရှင်Where stories live. Discover now