Chapter 48

3K 488 23
                                    

မှောင်မဲနေသော တိမ်ညိုတိမ်မည်းတို့က နေ့လည်နေ့ခင်း၏ နေရောင်တို့ကို ပြောင်ပြောင်တင်းတင်းပင် ခိုးယူထားတော့သည်။ တဖန် အေးစိမ့်နေသော လေတို့သည်က သူရူးတစ်ယောက် ပြေးလွှားသည့်နှယ် ဟိုမှဒီမှနေ၍ ဦးတည်ရာမဲ့ကာ တိုက်ခတ်နေပြန်သည်။

ယောဝေမှာ အေးသည်၊ ပူသည် မသိ။ အုံ့မှိုင်းနေသော ကောင်းကင်ကိုကြည့်ကာ ချစ်ရသူနှင့် မယ်မယ်တို့အတွက် ပူပန်သော အတွေးတို့ဖြင့် ရင်ထဲဝယ် ယောက်ယက်ခတ်၍နေသည်။ အကျဉ်းထောင်ဆိုမှတော့ ဘယ်လိုမှ အေးအေးချမ်းချမ်းရှိမည်မဟုတ်။ အစောင့်တွေက ဘယ်လိုများ နှိပ်စက်ကလူပြုကျင့်နေလိမ့်မလဲဟု တွေးကာ ရင်တွေပူလွန်းလှပါ၏။

ကောလွန်းကတော့ သူတို့ ပုန်းအောင်းနေသော ဇရပ်အိုကြီးထဲမှ နေ၍ အပြင်ဘက်သို့ လည်တဆန့်ဆန့်ရှိနေပါတော့သည်။

ထိုဇရပ်ကား ချောင်းငယ်တခု၏ ဘေးတွင် လေသာဆောင်သဖွယ် ဆောက်လုပ်ထားပြီး အမိုးအကာတချို့နှင့် ကြမ်းခင်းတို့မှာ ဆွေးမြေ့ကာ ကျိုးပျက်နေပြီဖြစ်သည်။ သို့သော် သူတို့ သုံးဦးနှင့် ဘုရင်မင်းမြတ်နေရလောက်အောင်တော့ အဆင်ပြေသေးသည်။ ဘုရင်မင်းမြတ်အား ဇရပ်အဝနားရှိ ခုံတန်းရှည်လေးပေါ်ဝယ် လဲလျှောင်းစေပြီး ကောလွန်းကတော့ ထိုခုံတန်းလေးအောက်ဝယ် အိပ်စက်သည်။ ယောဝေနှင့် စောမထီးကတော့ တစ်ယောက်တစ်လှည့် ကင်းစောင့်ရင်းမှ ငိုက်မှီးကြသည်။

"နောင်တော် မဟုတ်သေးဘူး ထင်ရဲ့။ ဒီလောက်ဆို ဗိုလ်မင်းတစ်ယောက် ရောက်သင့်နေပြီကော။"

စောမထီးကား လိုအပ်သော ပစ္စည်းတချို့ကို ဝယ်ယူရင်းမှ စနည်းနာမည်ဟုဆိုကာ မြို့ထဲသို့ထွက်သွားလေသည်။ အချိန်အားဖြင့်တော့ တော်တော်ကြာပြီဆိုသော်ငြား ထိုမျှလောက်ကတော့ ကြာသင့်သည့်အချိန်မျိုး။ သို့ပါသော်လည်း
ကောလွန်းခမြာမှာ စိတ္တဇဆန်နေတော့သည်။

တပါးသူတို့ကတော့ လွန်လွန်းသည်ဟု ပြောကောင်းပြောနိုင်သော်ငြား ကောလွန်းနေရာတွင် ရှိသော မည်သူမဆို ထိုကဲ့သို့ပင် ခံစားရပေလိမ့်မည်။ သူ့ခမြာ မယ်မယ်တို့ကို စောင့်တုန်းကလည်း ယခုကဲ့သို့ပင် လည်ဆန့်၍ အမျှော်ကြီးမျှော်ပြီးမှ သိရသည်က ဖမ်းဆီးခံပြီမို့ အကျဉ်းထောင်ရောက်လို့နေသည်တဲ့။ ယခုကော အနောင်စောတစ်ယောက်ထိုသို့ မဖြစ်ဟု ဘယ်သူက အာမခံပါမည်နည်း။ နောက်ဆုံး သူ့မှာ တူတစ်ပိုင်းညီတစ်ပိုင်းဖြစ်သူနှင့် မွေးသမိခင်အတွက် ပွက်ပွက်ထမျှ ဆူပွက်နေသော အပူလုံးများကို မျိုသိပ်ထားရသည်ကတစ်ဖက် မြို့ထဲသို့ ထွက်ခွါသွားသော ခင်ပွန်းလောင်းအတွက် ပူရသည်က တဖက်နှင့် ရူးရမတတ်။

ဖူးစာရှင် || ဖူးစာရှင်Where stories live. Discover now