သဲမှုန်များနှင့်အတူ သစ်ရွက်ကြွေအချို့က လေနှင့်အတူ လွင့်မြောသွားသည်။
ဆိတ်ငြိမ်တောဆိုသည့်အတိုင်း လေတိုးသံ၊ သစ်ပင်များလှုပ်ရှားသံမှလွဲ၍ မည်သည့်အသံမှရှိမနေ။ သက်ရှိဟူ၍ သူတို့တစ်စုသာ ရှိကြောင်း အရမ်းသိသာသည်။
လေရိုင်း၏ အထိအတွေ့က ရှောင်းကျန့်၏ အရေပြားပေါ်သို့ ခိုနားလာသည်နှင့် တပြိုင်နက် သူဟာ မြေကြီးထဲထည့်မြှုပ်ခံထားရသော လူသေကောင်ဘဝမှ အဆုံးသတ်သွားကြောင်း နားလည်လိုက်သည်။
တစ်စုံတစ်ယောက်က သူ့ကို ကယ်တင်လိုက်ပြီ။ သူ၏အထက်၌ ရှိနေခဲ့သော မြေကြီးများကို ဖယ်ရှားပေးခဲ့ပြီ။
တကယ့်ကို ကျေးဇူးတင်စရာပါ။ ရှောင်းကျန့် ပျော်ရွှင်သွားမိသည်။
အကယ်၍ နောက်ထပ်မိနစ်အနည်းငယ်ခန့်သာ ထိုသေတ္တာထဲ၌ ရှိနေဦးမည်ဆို အသက်ရှုကျပ်သည့်ဝေဒနာကို ပြင်းစွာခံစားရကာ ထပ်သေရဦးမည်။
ကြောက်စရာကောင်းသော ကိစ္စတို့ကို ရှောင်းကျန့် ထပ်ပြီးမကြုံချင်တော့။ လက်ကောက်ဝတ်ကို လှီးခဲ့စဉ်ကတောင် ရူးလောက်အောင် နာကျင်ဆိုးရွားခဲ့တာ မဟုတ်လား။
သေတာကကြောက်ဖို့မကောင်းသော်လည်း အသက်ရှုကျပ်၍ မရှုမလှခံရခြင်းကတော့ ကြောက်ဖို့ကောင်းသည်။
သစ်ရွက်လေးတစ်ရွက်ဟာ လေနှင့်အတူ မြောလွင့်လာပြီးနောက် ရှောင်းကျန့် လှဲလျောင်းနေသော သေတ္တာထဲသို့ တိတိကျကျဝင်ရောက်လာရာ...။
နီညိုရောင် သစ်ရွက်လေးက လက်ဖဝါးတစ်ခုစာ အရွယ်။
သစ်ရွက်၏ ထူးကဲသော အပူချိန်ကို ခံစားလိုက်ရသည်။
အေးစက်နေတာပဲ။ ရှောင်းကျန့်တွေးမိပါသည်။
" နောက်လှည့်နေကြ...."
မီးခိုးရောင်ဆံနွယ်များက တရွေ့ရွေ့လှုပ်ခတ်နေလေသည်။ လေကအတော်လေးကို ကြမ်းတမ်းစွာ တိုက်ခတ်လေ၏။
YOU ARE READING
Sugar & Brownies [ Wang Yibo × Xiao Zhan]
Fanfictionတချို့လူတွေကအချစ်ဆိုတာ Sugar နဲ့ Brownies လိုပဲချိုမြတယ်လို့ပြောတယ်။ Xiao Zhan အတွက်တော့ အချစ်ဆိုတာLemonတစ်လုံးထပ်မပိုဘူး။ ထူးဆန်းတဲ့မေးလ်တစ်စောင်ကိုXiao Zhanလက်ခံရပြီးတဲ့နောက်မှာထူးဆန်းတဲ့နေရာတစ်ခုကိုရောက်လာခဲ့တယ်။အဲ့ဒီ...