ဖမ်းဆုတ်၍မရနိုင်လောက်အောင် ရှုပ်ထွေးနေသော အိပ်မက်များနှင့် ဂျွန်မြောင်နိုးလာသည်။ ဘာတွေမက်ခဲ့မှန်းမသိပေမဲ့ ခံစားချက်မကောင်းသလို စိတ်ကလည်းကြည်မနေ။
အေးလိုက်တာ..။
စောင်တစ်ထပ်ခြုံထားသော်ငြား ခြေဖျားတွေပါ အေးနေသည်ကို ခံစားသဖြင့် ပြတင်းပေါက်ထပိတ်ရန်ကြံပေမဲ့ လှုပ်မရ။
ဘယ်ညာရွှေ့ကြည့်တာတောင်မှ လှုပ်မရသည့်အပြင် အသက်ရှုရခက်ခဲလာသည်ကိုပါ သတိထားမိလာ၍ ရုတ်တရပ်လန့်လာသည်။
ဘီလူးစီးတာများလား..?
အရင်က တစ်ခါနှစ်ခါဖြစ်ဖူးသဖြင့် ဒီအခြေအနေကို ဘယ်လိုရင်ဆိုင်ရမလဲ ဂျွန်မြောင်သိနေသည်မှာ ကံကောင်းသည်ဟုပင်ဆိုရမည်။
အသက်ကို ဖြေးဖြေးချင်းရှူသွင်းကာ ငြိမ်ငြိမ်နေကြည့်ကာမှ ဂျွန်မြောင်က အိမ်မှာ မဟုတ်မှန်း သတိထားမိတော့သည်။
အဖြူရောင်မျက်နှာကျက်က မီးချောင်းတစ်ချောင်းသာရှိပြီး ထိုမီးကလည်း ပိတ်ထားသည်မို့ ပြတင်းပေါက်ကနေ အခန်းထဲသို့ ဖြာကျနေသော လရောင်ဖျော့ဖျော့ကိုသာ မြင်နေရသည်။
ပြန်ပေးဆွဲခံရတာများလား..?
အားကစားခန်းမတွင် အခုလို အခန်းမျိုးမရှိသည်မို့ ဖြစ်နိုင်ချေက ထိုတစ်ခုသာရှိသည်လေ။
ဒါပေမဲ့ ဘယ်သူက ဓားစားခံကို ကုတင်ပေါ်တင်ပြီး စောင်ခြုံပေးမှာလဲ..?
ဂျွန်မြောင်က အပြင်တွင် အိပ်ခဲသည်မို့ ဖြစ်နိုင်မည့်နေရာများကို တွေးကြည့်ပေမဲ့ တစ်ခုမှ ဒီနေရာနှင့်မကိုက်။ စဥ်းစား၍မရသည့်အပြင် အိပ်ချင်စိတ်က ကြီးစိုးလာပြန်သည်မို့ နိုးမှသာ ဆက်စဥ်းစားရန် ဆုံးဖြတ်လိုက်သည်။ မျက်လုံးပိတ်ကာ အိပ်ပျော်လုဆဲဆဲမှာပဲ ရင်းနှီးနေပုံရသော အသံကို သတိထားမိသည်။
ခုနက စိတ်လှုပ်ရှားနေခဲ့သည်မို့ ပတ်ဝန်းကျင်ကို သေချာမကြည့်မိခဲ့သော်လည်း အခုကြည့်လိုက်မိတော့ တကယ်ပင် ဂျွန်မြောင့်ကုတင်ဘေးတွင် နှလုံးခုန်နှုန်းတိုင်းသောစက်ကရှိနေသည်။ ပုံမှန်ပင် တတီတီမြည်နေသောကြောင့် စိုးရိမ်စရာတော့ ရှိပုံမပေါ်။
ဂျွန်မြောင်က ဖျားခဲနာခဲသည့်အပြင် ဆေးရုံတက်ရလောက်သည်အထိ ကြီးကြီးမားမားမဖြစ်ဖူးခဲ့သောကြောင့် အခုလို ဆေးရုံကုတင်ပေါ်တွင် နိုးလာရသောအခါ အကြောင်းအရင်းကိုပင် သေချာမတွေးနိုင်တော့။ နှလုံးခုန်နှုန်းမြည်နေသောအသံကို ရင်းနှီးနေသလို oxygen maskတပ်ထားရသည်ကိုလည်း အခုမှပင် သတိထားမိ၍ ဆေးရုံရောက်နေသည်မှာ အတော်ပင်ကြာလောက်ပြီဖြစ်ကြောင်းခန့်မှန်းမိသည်။
အခြေအနေသိနိုင်ရန် အိပ်ရာပေါ်မှထကြည့်ပါသော်လည်း မတ်တပ်ရပ်ရန် မဆိုနှင့် လက်ချောင်းလေးတွေကိုပင် လှုပ်မရသောကြောင့် ဒေါသထွက်လာသည်။ ဒါပေမဲ့လည်း ဘယ်လောက်ပဲ ကြိုးစား ကြိုးစား ဂျွန်မြောင့်ကိုယ်က တစ်လက်မတောင်မှ မရွေ့။
အားကုန်သုံးကာ လှုပ်ရှားလိုက်သည့်အပြင် ခုနကတည်းက အိပ်ချင်နေသောကြောင့် ခဏနားကာ အမောဖြေနေတုန်းမှာပဲ မျက်ခွံများက စင်းကျလာပြန်သည်။ မျက်လုံးကို အတင်းဖွင့်ကာ ထရန် ဆက်ကြိုးစားပေမဲ့ ဒုံရင်းက ဒုံရင်းသာ..။
အဲ့လိုနဲ့ မကြာခင်မှာပဲ ဂျွန်မြောင် အိပ်ပျော်သွားပြန်သည်။
YOU ARE READING
ဒီနေ့
Fanfictionစကြာဝဠာတွင်းနက် သုံးခုလောက် ဖြတ်ကျော်ရသလို ခံစားချက်နှင့် ဂျွန်မြောင်နိုးလာချိန်တွင်မူ မျက်စိရှေ့တွင် မြစ်ရေတိုက်မည့် မုန့်ဘွားဘွားရော ရေနွေးကြမ်းတိုက်မည့် သေမင်းပါမရှိခဲ့။ အဲ့အစား အဖြူရောင်မျက်နှာကြက်တစ်ခုသာရှိသည်။ ဟုတ်သည်...ဂျွန်မြောင်က တစ်ဖန်ပြ...