အခန်း ၁၅?

279 26 0
                                    

Zawgyi

ကိုယ်က တစ်ခါတစ်လေလေး စိတ်ဆိုးပြရမလား စိတ်ကူးကြည့်မိပါသော်ငြား ၊ အချော့မခံရသည့်အပြင် အေးတိအေးစက်ပင် ဆက်ဆံခံနေရသေးသည်က သီထွဋ်ကို စိတ်ဓာတ် အကြီးကြီးကျစေသည် ။ နောက်ဆုံးတွင်တော့ သီထွဋ်သာ စိတ်လျှော့လိုက်ရသည် ၊ သီထွဋ်ဆိုသည်က တစ်ဖက်ကတင်းရင် သူကပြန်တင်းသည့်အမျိုးလည်း မဟုတ်ပေ ။

ယခုလည်း အစ်ကိုစံမင်းသည် သူ့ကို မခေါ်ပဲ မမတို့အား တစ်ယောက်တည်း သွားကြိုရန် ကြံစည်နေပုံပင် ။ သီထွဋ် မှာ အမြန်ပင် ခြုံရှေ့ကို ပြေးထွက်လာရသည် ။

" အစ်ကိုစံမင်း ကျောင်းသွားကြိုတော့မှာလား ကျွန်တော်ရော လိုက်ခဲ့မယ်လေ "

" မလိုက်နဲ့ အိမ်မှာနေခဲ့တော့ ကိုယ်ပဲ ကြိုချေလိုက်မယ် "

" ဘာဖြစ်လို့လဲ မနက်က ကိစ္စကြောင့်လား ကျွန်တော်က စကြည့်တာပါ တကယ်စိတ်ဆိုးတာ မဟုတ်ပါဘူး "

" အဲ့ဒါကြောင့် မဟုတ်ပါဘူး "

" ဒါဆို..ဘာလို့ "

" ခဏနေ သုတ တို့ ပြန်ရောက်တော့မှာ မင်းက စောင့်ပေးလိုက် "

မခေါ်ချင်သည်မှာ အသိသာမို့ သီထွဋ် အထွန့်မတက်တော့ပဲ နာခံလိုက်သည် ။ စရောက်ကတည်းကစ အလိုလိုက်ခံခဲ့ရ၍ထင် ထိုအခြေအနေက သီထွဋ်အား အနည်းငယ် ဝမ်းနည်းသွားစေသည် ။ ဟိုတစ်ချိန်က အစ်ကိုစံမင်း စကားနားမထောင်ပဲ ကိုသုတတို့နှင့် တောထဲ လိုက်သွားချိန်က ခံစားချက်နှင့် ခပ်ရေးရေးမျှ ဆင်လေသည် ။
ရုတ်တရက် သူဟာ ထိုလူအား ဆုံးရှုံးလိုက်ရသလိုမျိုး ခံစားချက်က သူ့ကို ဟာတာတာဖြစ်၍ သွားစေသည် ။
နောက်သို့ တစ်ချက်မျှ မကြည့်သွားလေသော ကျောပြင်ကျယ်က လမ်းကိုချိုးကွေ့ပြီးလိုက်ချိန်တွင်မှ သူသည်လည်း အိမ်ထဲပြန်ဝင်လိုက်သည် ။

" ငါ့မြေးငယ်ကို မခေါ်ဘူးလား မောင်မင်းမြတ်က "

" အင်း.."

ခေါင်းလေးကို လေးပင်စွာငြိမ့်လာသော ကလေးငယ်ကိုကြည့်ပြီး နိုင်ဝင်းတို့ ဇနီးမောင်နှံ နှစ်ယောက် ပြုံးလိုက်ကြသည် ။

" ကျွန်တော် နားလိုက်ဦးမယ်ဗျ ကိုသုတတို့လာမှပဲ ဆင်းခဲ့တော့မယ် "

ကွက်လပ်Where stories live. Discover now