ရင်ခွင်ဟောင်းလေးလှည့်ကြည့်ပါ Ep-12
Zawgyi
ကျန့်ကျန့် ကျောင်းတွေစပြီးတက်ရတဲ့နေ့မှာ ကြည်နူးရိပ်လေးတွေနဲ့ ပြည့်လျှံနေတဲ့ Daddyမျက်နှာ။
ကျောင်းသွားတော့မယ်လို့ နှုတ်ဆက်တော့ ခေါင်းလေးညိတ်ပြီး မုန့်ဖို့ထုတ်ပေး၏။ Yuan100တန်ကြီးမို့ ရှောင်ကျန့်လက်ကလေးပင် တွန့်ဆုတ်သွားရသည်။
တစ်သက်နဲ့တစ်ကိုယ် ကိုင်မသုံးဖူးတဲ့ ငွေစက္ကူကြီးမို့ သူမယူဘူးဟုငြင်းတော့ ဇွတ်အတင်းပင် လက်ထဲထိုးထည့်ပေး၏။ သူ လက်ခံလိုက်ရသည်။ ကျောင်းကိုသွားတော့ သူက ခြေလျင်။ အန်တီဝမ်ယီယီရဲ့ သမီးနှစ်ယောက်ဖြစ်သည့် မုယီရှင်း မုချန်းယီတို့နဲ့ စာသင်ကျောင်းချင်းတူပေမယ့် သူဌေးသမီးတွေမို့ ကျောင်းတက်ကျောင်းဆင်းအတွက် Driverနှင့် ကားတစ်စီး သီးသန့်ထားပေး၏။
သူ စီးနင်းလိုက်ပါခွင့်မရှိ။
ကိုယ့်ခြေထောက်ကိုယ်သုံးပြီး ကျောင်းသွားရ၏။
Daddy ဘာမှမသိ။
မုယီချင်း မုချန်းယီတို့နဲ့ တစ်ကျောင်းတည်းမို့ သူ့ကို ကားနှင့်တစ်ပါတည်းခေါ်သွားသည်ဟုပဲ Daddyက ထင်၏။
ဘာပဲဖြစ်ဖြစ် ကျန့်ကျန့် ကျေနပ်ပါတယ်။
ကျောင်းတက်ခွင့်ရတာကိုပဲ လုံလောက်ပါပြီ။
ကျောင်းက ရပ်ကွက်ထိပ် ကားလမ်းနံဘေးမှာဆိုပေမယ့် ခြံဝန်းကျယ်ကြီးတွေနှင့် နေကြသည်မို့ အတော်အလှမ်းဝေး၏။ ဘယ်လောက်ပင်ဝေးဝေး ကျောင်းတက်ရသည်ကြောင့် လျှောက်ပြီးသားပါပဲ။
"ချန်း"
သူငယ်ချင်းဖြစ်သူရဲ့ ခေါ်သံကြောင့် စာသင်ခုံလေးတွင် ထိုင်နေသည့် မုချန်းယီက ဖျတ်ခနဲ မော့ကြည့်၏။
"ရှောင်ကျန့်ဆိုတဲ့ ကောင်ကလေးက မင်းတို့အိမ်ကဆို ချန်း၊ ဝမ်အိမ်တော်ကဆိုလို့ အလယ်တန်းဒုတိယနှစ်အဆောင်မှာ အရမ်းကို နာမည်ကြီးနေတယ်"
"ဘာ...ဘာပြောတယ် ဟောက်ကျို့လွီ"
သူငယ်ချင်းဟောက်ကျို့လွီဆီမှ ကြားလိုက်ရတဲ့စကားကြောင့် မုချန်းယီ မျက်ခုံထူထူတန်းတန်းလေး ဆတ်ခနဲ ကျုံ့သွားရကာ၊ မျက်ဝန်းတွေ ဖျတ်ခနဲ စိမ်းတောက်သွား၏။ မျက်နှာဖြူဖြူလေးက ဒေါသသွေးရောင်လွှမ်းကာ ချက်ချင်းပင် ရဲသွပ်သွားလေသည်။ ကျောင်းတစ်ကျောင်းလုံးတွင် မုယီရှင်းနဲ့ မုချန်းယီတို့ ညီအစ်မနှစ်ယောက်ကပဲ နာမည်သတင်းကြီးတဲ့သူတွေမို့ပင်။