Episode-5

11.6K 1.1K 41
                                    


Zawgyi Version

ဈာပနအခမ်းအနား....။
နာမည်နဲ့လိုက်ဖက်စွာ ပျော်ရွှင်မှုတစ်စုံတစ်ရာမရှိသောနေရာ။ ငိုကြွေးဝမ်းနည်းမှုတွေသာပြည့်နှက်နေသောနေရာ။
ဒီနေရာမှာရှိနေတဲ့လူအားလုံး တစ်ကိုယ်လုံးကိုအမည်းရောင်သာဝတ်ဆင်ထားကြပြီး ကွယ်လွန်သွားသူအတွက် ဝမ်းနည်းကြောင်းဖော်ပြကြသည်။

ယူမင်ဟိုရဲ့မိဘတွေကတော့ သူတို့ရဲ့တစ်ဦးတည်းသောသား အဖိုးတန်ရတနာလေးဆုံးရှုံးလိုက်ရသည့်အတွက် ယူကြုံးမရဝမ်းနည်းကြလေသည်။
ထို့အတူ အရည်အချင်းရှိ၍ လူ‌နာတွေအပေါ်စေတနာမေတ္တာအပြည့်ဖြင့် ဆက်ဆံပေးသော
ဆရာဝန်ကောင်းတစ်ယောက် ဖြစ်တာကြောင့်
ဆရာဝန်လောကအတွက်လည်း လှပသောကြယ်လေးတစ်ပွင့် ‌ကြွေကျသွားသလိုပင်။

ဆရာဝန်တစ်ယောက်အနေနဲ့ကော၊ လူသားတစ်ယောက်အနေနဲ့ပါ လူတော်လူကောင်းတစ်ယောက်ဖြစ်သည့် ယူမင်ဟိုရဲ့ဈာပနပွဲသည် သူ့ကိုချစ်ခင်လေးစားကြသောလူတွေရဲ့ငိုကြွေးသံနှင့်အတူ စည်ကားလျက်ရှိပေသည်။

မှန်ဘောင်အမည်းရောင်ကွပ်ထားသောဓာတ်ပုံထဲတွင် အတောက်ပဆုံးအပြုံးများဖြင့်ပြုံးပြနေပါသော ကောင်လေးတစ်ယောက်။
အခုတော့ အဲဒီ့အပြုံးလေးတွေကိုထပ်မြင်ရဖို့လမ်းမမြင်တော့ပေ။

မင်ဟိုရဲ့ဓာတ်ပုံရှေ့ဆောင့်‌ကြောင့်ထိုင်ပြီး ထိုဓာတ်ပုံကိုသာ မျက်တောင်မခတ်တမ်းထိုင်ကြည့်နေပါသော ထယ်ယောင်း။
မျက်ဝန်းညိုညိုလေးတွေနဲ့ ချောင်ကျနေပြီဖြစ်သောမျက်နှာလေးက အိပ်ရေးပျက်တဲ့ညတွေဘယ်လောက်များနေပြီလဲဆိုတာ ဖော်ပြနေသလိုပင်။

ခေါင်းထဲတွင် ကိုကိုနဲ့ပတ်သက်သည့်အတွေးတွေကလွဲလို့ အခုချိန်ဘာမှမရှိ။
ငယ်ငယ်လေးကတည်းက၊ မဟုတ်ဘူး... မွေးကင်းစအရွယ်ကတည်းက ကိုယ့်အနားအမြဲရှိလာပေးခဲ့တဲ့ကိုကို.....
ကိုယ်ပျော်ရင် နှစ်ဆပိုပျော်တဲ့ကိုကို။
ကိုယ်ဝမ်းနည်းရင် ခေါင်းလေးကိုအသာပုတ်ပေးပြီး အဆင်ပြေသွားမှာပါဟု နှစ်သိမ့်ပေးတတ်တဲ့ကိုကို။
အခုမရှိတော့ဘူး.........။

ဖခင်တစ်ယောက်လို ဆုံးမပေးခဲ့သလို၊ အစ်ကိုတစ်ယောက်လိုလည်း စောင့်ရှောက်ပေးခဲ့သည်။
ချစ်သူတစ်ယောက်အဖြစ်လည်း တစ်စက်ကလေးမှ တာဝန်မလစ်ဟင်းဖူးသောကိုကို။
တစ်ခါတစ်လေဆိုရင် ငါးနှစ်ငယ်သောကိုယ့်အပေါ် ကလေးလေးတစ်ယောက်လိုလည်း ချွဲတတ်ပါသေးသည်။

I Hate U [Completed]Where stories live. Discover now