အပိုင်း-၁

1.2K 87 1
                                    

[[UNICODE]]

လွမ်းဆွတ်တမ်းတတယ်ဆိုတာ
ရှိခဲ့သော်လည်း မရှိနိုင်တော့သော
အရာတွေနဲ့သာ ဆက်သွယ်မှုရှိတာကိုး။*
▫️

ဂူစတာ့ဗ်မာလာ၏ ပီယာနိုကွာတက်နှင့် ယနေ့ပြပွဲသည် မလိုက်ဖက်။ သံစဉ်သည် ဂယောက်ဂယက်နိုင်လွန်းသည်။ ဒီပန်းချီပြပွဲကို "နော်စတဲဂျား" လို့ နာမည်ပေးထားရင် ဘီသိုဗင်၏ တေးသွားကို ရွေးဖို့ကောင်းသည်။ တစ်ချက်တစ်ချက် ဝေ့ခနဲရသည့် လာဗင်ဒါနံ့ကတော့ ကောင်းသားပဲ။ ယယ်ရင်းတစ်ယောက် ပန်းချီကားများကို ဟိုဟိုသည်သည် ကြည့်နေရင်းပင် အာရုံများရသေးသည်။

ယယ်ရင်းက ပန်းချီကားများကို သဘောကျသည်ဆိုတာထက် သဘောကျသည်။ နူးညံ့သိမ်မွေ့သော ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ရလို့ထင်သည်။ အနုပညာသည် ဘဝ၏ အခန်းကဏ္ဍတစ်ရပ် ဖြစ်မှန်းမသိ ဖြစ်ခဲ့သည်။ အနုပညာပြခန်းများသွားတိုင်း၊ ကျူးလစ်ပန်းတွေတွေ့တိုင်း မေမေ့ကို နင့်နင့်သည်းသည်း သတိရမိသည်။ အေးလေ၊ လွမ်းဆွတ်တမ်းတတယ်ဆိုတာ ရှိခဲ့သော်လည်း မရှိနိုင်တော့သော အရာတွေနဲ့သာ ဆက်သွယ်မှု ရှိတာကိုး။

သစ်ပုပ်ပင်ကြီးကို ဆွဲထားသည့် ပန်းချီကားရှေ့တွင် အချိန်အတော်ကြာ ရပ်နေမိသည်။ "ရိုဘတ်ဖရို့စ်" ရဲ့ "ပြတင်းပေါက်က သစ်ပင်" ဆိုတဲ့ ကဗျာကို သတိရစေသည်။ ကဗျာရွတ်ပြသူကတော့ မေမေဖြစ်သည်။ ဖြစ်ခဲ့သည်။ ငယ်စဉ်ကတော့ ကဗျာရဲ့ အနက်ကို နားမလည်ခဲ့။ မေမေဟာ မပျော်ဘူးလား။ ဒီလောက်ပဲ သိတတ်ခဲ့သည်။ ယယ်ရင်းရဲ့ အာရုံကို အပြည့်အဝ ဖမ်းစားသွားနိုင်သည်က ဘေးကပ်လျက်ရှိ ပန်းချီကား ဖြစ်သည်။ မည်သို့ ခံစားရမည်ပင် မသိအောင် မှင်သက်နေမိသည်။

အို.. ဒီပုံကို သိသားပဲ။ အမျိုးသမီးတစ်ဦး ပြုံးနေသည့်ပုံ။ စိတ်လိုလက်ရ ပြုံးနေသည်။ အို..လှလိုက်လေခြင်း။ အလှထဲတွင် ဘာပါသေးသည်မသိ။ ထိုအမျိုးသမီးရဲ့ မျက်လုံးများထဲတွင် ပန်းခက်တွေထဲ ခုန်ချတော့မည့်ဟန်ကို မြင်ရသည်။ သူရှိနေတဲ့နေရာမှာ သူရှိမနေသလို။ ထိုအမျိုးသမီးကို သိသည်။ ပန်းချီဆွဲသူကိုသိသည်။ ရင်ဘတ်ထဲတွင် ဆေးလိပ်ငွေ့တွေ ပြည့်တက်လာသည်။

Burning Tulips Where stories live. Discover now