အပိုင်း-၁၂

225 55 6
                                    

[[UNICODE]]

ဟိုးက တောင်တန်းညို့ညို့ပေါ်
တောမီးတွေလောင်နေတာ လှလိုက်တာ။ *
▫️

'မနက်ဖြန်တွေကို မျှော်လင့်နိုင်သေးသရွေ့အသက်ရှင်ရခြင်းက သိပ်တော့ ပင်ပန်းစရာလည်း မဟုတ်ပါဘူးလေ'ဟု ဂျူဟျွန်း တွေးနိုင်လာသည်။ ရံဖန်ရံခါတော့ အတိတ်ဟာ ပစ္စုပ္ပန်ကို လွှမ်းမိုးဆဲပဲ။ ဝမ့်ရှေ့မှာ ငိုနိုင်သည့် တနေ့တော့ ဝမ့်ကို ခွင့်လွှတ်နိုင်လိမ့်မည်ဟု ဂျူဟျွန်း ထင်ခဲ့ဖူးသည်။ ဒါကတော့ ဖြစ်လာနိုင်တော့မည် မဟုတ်ပါဘူး။ မျက်ရည်တို့လည်း ခမ်းပြီ ထင်ရဲ့။

ဂျူဟျွန်းသည် စိတ်တံခါးကို ပိတ်ခဲ့ပြီးဖြစ်သည်။ စကားလုံးတို့ကို ပြန်မျိုချခဲ့ရပြီး ဆေးလိပ်ငွေ့တို့ကိုသာ ရှိုက်သွင်းခဲ့သည်။ ခုတော့ဖြင့် မျိုသိပ်ခဲ့ရသမျှဟာ ပန်းတွေအဖြစ် ပြန်ပြောင်းပွင့်လာသည်ထင်။ တွေဝေမှုတွေကြားမှာ တိမ်တိုက်တွေနှင့် ကြယ်တွေဟာ တကယ်ရှိနေခဲ့သည်။

"ဒါလင်~
ဒါလင်~"

ဝမ်က သုံး၊လေးခါလောက် ဆက်တိုက်ဆင့်ခေါ်မှ ဂျူဟျွန်းဟာ လက်ရှိကမ္ဘာကို ပြန်ရောက်လာရသည်။ ဂျူဟျွန်းက ဒီလိုပဲ။ ဒီနေရာမှာ ရှိနေပေမဲ့ စိတ်က ဟိုးအဝေးကြီးဆီ ရောက်နှင့်ပြီ။

"ဟင်~ ဝမ် ဘာပြောလိုက်တာလဲ"

ဂျူဟျွန်း အားနာနာနှင့်ပင် ဝမ့်ကိုပြန်မေးရသည်။ အခု သိပ်ပျင်းစရာကောင်းသည့် ညစာစားပွဲက အပြန်လမ်းမှာဖြစ်သည်။ ညဘက်ဆို ဝမ်က ကားမောင်းလေ့မရှိ။ ဂျူဟျွန်း အခုလို အာရုံမရသည့်အဖြစ်မျိုးကို အသားကျနေသည့်ဟန်နှင့် ဝမ်က ခပ်ရေးရေးပြုံးသည်။

"ဘာမှမဟုတ်ပါဘူး~ ဒါလင် အိပ်ပျော်နေပြီလားလို့"

ညစာစားပွဲက ထင်ထားသည်ထက် ပိုကြာသည်။ တရုတ်ကော်ပိုရိတ်နှင့် ပူးပေါင်းမည့်ကိစ္စကတော့ အဆင်ပြေသွားသားပဲ။ သေချာတော့လည်း မသိပါဘူး။ ဝမ့် အလုပ်ကိစ္စပဲ။ ဂျူဟျွန်း ဘာမှမပြောပဲ ဝမ့်ပခုံးပေါ် ခေါင်းတင်မှီလိုက်သည်။ ဘယ်သူကများ ကိုယ့်စိတ်ကို လိုသလို စေလို့ရနိုင်မည်လဲ။ တခါတလေတော့ ဂျူဟျွန်းဟာ ဒီ မပျော်ရွှင်ခြင်းထဲမှာမှ ပျော်ဝင်ပျော်ရွှင်မိချင်သေးသည်။

Burning Tulips Where stories live. Discover now