အပိုင်း-၁၄

239 54 8
                                    

[[UNICODE]]

နောက်ဆို
အဆိပ်မရှိတဲ့ကြယ်ကိုရှာပါ
ကိုယ့်ကို တကယ်ဖိတ်ခေါ်တဲ့တိမ်တွေဆီပဲသွားပါ။*
▫️

ပစ္စုပ္ပန်ဟာ နေပျော်စရာ နည်းလာသည်ထင်ရဲ့။ ဝမ်သည် အတိတ်ကာလများဆီသာ ပြန်သွားလို့နေချင်တော့သည်။ လွင့်မျောလုဆဲစိတ်ကို ပြန်လည်ဖမ်းယူလိုစိတ်မရှိ။ မျက်လုံးများကိုပင် မှိတ်ပစ်လိုက်မိသေးသည်။

ဒါလင်၊ ဝမ်ချစ်သော ဒါလင်။ လှရက်လွန်းသော၊ သို့သော် ရက်စက်လှသော ဒါလင်။ ဘုရားသခင်က လောကရဲ့ အလှတရပ်အနေဖြင့် ဒါလင်ကို ဖန်ဆင်းခဲ့သည်။ ဒါလင့် ပါပါနှင့် မာမာကရော သူတို့ သမီးအလှကို ဘယ်လောက်ချစ်လိုက်သလဲ။ ဒါလင်ကတော့ နားလည်မပေးနိုင်၊ မသိသား ဆိုးရွားလှသည်။

ဝမ်နှင့်တွေ့စတုန်းက ဒါလင်ဟာ ကပွဲအလယ်က အဓိကဇာတ်ဆောင်လိုပဲ။ အဲ့သည်တုန်းက လန်ဒန်မှ ပြန်လာခါစ ဝမ်ဟာ အချစ်များစွာနှင့် ပျော်မွေ့ဆဲ။ မိန်းမချင်းသာ ချစ်တတ်သော ဝမ့်ကို ဒယ်ဒီက အပြစ်မဆို။ ငွေရှိသည်ပဲ။ နှင်းဆီမြင်ရင် စိတ်လိုတိုင်း နမ်းရှိုက်လို့ရသားပဲ။ ဘယ်သူကတော့ ဝမ်က ကိုယ့်ဘဝကို စင်တင်လို့ မီးရှို့ပြီး မိန်းမတယောက်ကို လက်ထပ်ယူလိမ့်မည်လို့ တွေးခဲ့မှာလဲလေ။

လူတွေဟာ ကိုယ့်အသိုင်းအဝိုင်းနှင့်ကိုယ် နေကြတာချည်းပဲ။ ကပွဲတက်သော၊ ဖိတ်စာကို မငြင်းဆိုတတ်သော၊ အသပြာနံ့ လှိုင်သော ဝန်းကျင်တွင် ကြီးပြင်းလာသူချင်းမို့ ဝမ်နှင့် ဒါလင်သည် အလျင်အမြန် ရင်းနှီးလာခဲ့သည်။ အဲ့သည်တုန်းက ဒါလင့်မှာ ဝမ့်အပေါ် ရင်းနှီးပိုင်စိုးချင်သော အမူအရာကလေးတွေတော့ ရှိသားပဲ။

"အို၊ သူနဲ့ တစ်ဘဝ တည်ဆောက်လို့မှ မရပဲကွယ်~"

ဒါလင်ကတော့ ဝမ့်ရင်ခွင်ထဲ တိုးဝင်ရင်း ထိုသို့ခပ်ဖွဖွဆိုခဲ့ရုံ။ ဝမ်ကတော့ တဇွတ်ထိုး ပင်လယ်ထဲ ခုန်ဆင်းပစ်ခဲ့သည်။ ဝေဖန်ခံရခြင်းနှင့် အသားကျနေသူမို့ ဒါဟာ သောက်လက်စရေခွက်ထဲ ရေကုန်သွားတဲ့အဖြစ်မျိုးလောက်ပဲ။ ထွေထူးပြီး အာရုံများစရာမရှိခဲ့။ ခက်ခဲသော မေးခွန်းတွေကြား ဒါလင့်မျက်ဝန်းညိုတွေကိုသာ ငေးမိခဲ့သည်။

Burning Tulips Where stories live. Discover now