အပိုင်း-၇

354 57 1
                                    

[[UNICODE]]

မယုံနိုင်စရာပဲ တချို့များ ကိုယ့်ရှိသမျှ စည်းစိမ်ကို
မြေတစ်ကွက်တည်းမှာ ပုံအောလိုက်တာ
တချို့ကျ ကိုယ့်နှလုံးသားမှာ မီးလောင်တာကို
ကြိတ်ငြှိမ်းနေတာ နှစ်များစွာ။*
▫️

လူဟာ လူဓာတ်လိုအပ်တာပဲ။**ဝမ့်ဇနီးသည် ဂျူဟျွန်းကတော့ ထိုစကားကို ခဏခဏ ဆိုတတ်သည်။ နားလည်ရခဲခက်သော ဒါလင်နှင့် ဆုံစည်းရခြင်းသည်ပင် ဆာတန်၏ အငြိုးပေလော။ ဝမ်ကတော့ ဒါလင့်ကို ချစ်သားပဲ။ ဒါလင်ကလည်း ဝမ့်ကို ချစ်ခဲ့ပေလိမ့်မည်။ ပြင်သစ်က လာဗင်ဒါခင်းတွေထဲ ဒါလင့်အပြုံးဟာ အလှဆုံးဖြစ်ခဲ့သည်မလား။

ဒါလင့်စကားအတိုင်း ဝမ်သည်လည်း လူပေမို့ သွေးသားဆန္ဒ တောင့်တမှုဆိုတာ ရှိသားပဲ။ မိန်းမဟူသမျှသည် ဝမ့်အတွက် အိမ်ချက်ဝိုင်လိုပင် ဖြစ်သည်။ ဒါလင့်လို ကျောင်းဆောက်ပြီး ကိုးကွယ်ဖို့ကောင်းသည့်မိန်းမကတော့ ဒါကို နားလည်ပေးနိုင်မည်မဟုတ်။ ဒါကြောင့်လည်း "ဝမ်နဲ့ အသားချင်းထိရတာတောင် မသတီဘူး" လို့ ခါးခါးသီးသီး ပြောခဲ့ဖူးသည့်ကာလများ ရှိခဲ့တာပေါ့။

"ဒါလင်~ဝမ့်ဒါလင်"

အိပ်တော့မည်ကြံသည့် ဒါလင့်နဖူးကို ထိကပ်တာ ထိုသို့ဆိုတော့ ဒါလင်က မျက်လုံးတို့ကို အသာအယာ ဖွင့်ကြည့်ပြီး ပြန်မှိတ်သွားသည်။ မျက်ခွံမို့မို့ဟာ ကြည့်မိသူအပေါင်း စိတ်ဂယောက်ဂယက်ဖြစ်စေလောက်သည်အထိ လှနေတာတော့ လွန်လွန်းသည်ထင်။

"ဟင်~ဒါလင် အိပ်တော့မယ်"

ဒါလင်ဟာ ဝမ့်ကို ကျောပေး၍ အိပ်မည်ကြံတော့ ဝမ်ဟာ ဒါလင့်ပခုံးကို ဆုပ်ကိုင်ကာ ကိုယ့်ဘက်သာ လှည့်စေသည်။ ဝမ့်ဒါလင်ဟာ ဝမ်နှင့် ဒီလို နီးနီးကပ်ကပ် အမြဲရှိနေတာပါပဲဟု တွေးရသည်။

"ကဲ~ ဘာဖြစ်နေတာလဲ ဝမ်ရဲ့"

လည်ချောင်းတစ်လျှောက် မေးခွန်းပေါင်းများစွာကခုန်နေခဲ့သည်။ တွန့်ချိုးလိုက်သော မျက်ခုံးအစုံအထိ ဝမ် မြတ်နိုးမိပါသည်ဟု ဒါလင့်ကို ပြောမိလျှင်တော့ ရယ်ချေဦးမည်။

"ဒါလင်က သိပ်လှတာပဲ~
ချစ်တယ်~ အိပ်မက်လှလှ မက်ပါစေ"

ဒါလင်ဟာ သာ၍ပင် မျက်မှောင်ကြုံ့သွားသေးသည်။ အတိတ်ကာလကို ဝမ် ဖြတ်ခနဲ သတိရမိသည်။ ဝမ်ဟာ စည်းတောင် မစောင့်နိုင်သည့် မိန်းမဟု ဒါလင် နေ့စဉ်ရက်ဆက် ပြောခဲ့တုန်းက ဖြစ်သည်။အဲသည်တုန်းက ဒါလင်ဟာ သူရူးထက်ပင် ရူးခဲ့သည်။

Burning Tulips Where stories live. Discover now