အပိုင်း-၆

327 64 2
                                    

[[UNICODE]]

မုန်တိုင်းဆိုတာ
နေ့တိုင်းတော့ မကျနိုင်ပါဘူးလေ။*
▫️

ရက်တို့ကြာခဲ့ပြီ။ ဆူးလ်ဂီသည် ဂျူဟျွန်းကြောင့် တစ်ဖန်ပြန်ပြီး အသက်ရှင်ရသည်။ ရှင်ဖို့ ကြိုးစားရသည်။ ၂၄ နှစ်အရွယ် ဆူးလ်ဂီသည် ဆစ်ကရက်လည်း လက်ကြားမညှပ်တတ်။ စိတ်လည်းမကူးခဲ့။ ပေါ်လာသည့် ဝေဒနာတို့ကို သိစိတ်အတွင်းမှာသာ ထားရသည်။ တတ်နိုင်သလောက် လွမ်းရပြီး မတတ်နိုင်တော့လျှင် ငိုရသည်။ နောက်တော့ တစ်ဖန် အိပ်မက်မက်ပြန်သေးသည်။

"အရေးမပါလိုက်တာ" 

ကင်းဗတ်စပေါ်တွင် ပြေးလွှားနေသည့် စုတ်ချက်တို့သည် ထိုအမျိုးသမီးရဲ့ ပုံလွှာဖြစ်လာသည်။ တစ်ကိုယ်တည်း ရေရွတ်ရင်း ပုံကို ဆုတ်ဖြဲပစ်မည် ကြံသည်။ မတတ်နိုင်။ နောက်တော့ ဒီတိုင်း ဖြုတ်သိမ်းထားလိုက်သည်။ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသည့် ပုံကြမ်းများနှင့် သတင်းစာက ဆူးလ်ဂီကို လှောင်ရယ်နေသည်ဟုပင် ထင်မိသည်။ ပုံကြမ်းများမှာ ဂျူဟျွန်း၏ ပုံတူများဖြစ်ပြီး သတင်းစာကတော့ ဝမ်လုပ်ငန်းစု ပိုင်ရှင် ဆွန်းဝမ်အကြောင်း ဖော်ပြထားသည့် နေရာတွင် ဖွင့်လျက်သား ဖြစ်သည်။

ဆွန်းဝမ်ဆိုသည့် အမျိုးသမီးသည် လူရှေ့သူရှေ့ ရဲရဲထွက်နိုင်စွမ်းရှိသူဖြစ်သည်။ ပိုင်ဆိုင်မှုကို ခန့်မှန်းလို့ပင် မရလောက်သည်အထိ ချမ်းသာသည်။ စီးပွါရေးလုပ်ငန်းရှင်များအသင်း၏ ချယ်ယာမင်လည်း ဖြစ်ပြန်သေးသည်။ အရေးအပါဆုံးအချက်ကတော့ သူဟာ ဂျူဟျွန်းဘယ်ရဲ့ ကာမပိုင်ဇနီး ဖြစ်သည်။ ဆူးလ်ဂီ ရယ်ချင်ပက်ကျိပင် ဖြစ်မိသည်။ ဂျူဟျွန်းနဲ့ ဆူးလ်ဂီဟာ ကမ္ဘာတစ်ခုစီက လာကြမှန်း အခုမှ သဘောပေါက်သည်။

ကိုယ်တိုင်ကရော ဘယ်လိုကမ္ဘာကလာခဲ့ပါလိမ့်။ သာမန်ပါပဲဟု ဆိုရမည်လော။ အဖေဖြစ်သူ ဘဏ်မန်နေဂျာ၏ ဝင်ငွေသည် ဆူးလ်ဂီတို့ မိသားစုအတွက် လောက်ငပါ၏။ ပိုလျှံသည်ဟုပင် ဆိုနိုင်သေးသည်။ အမေ့ဘက်မှ မိဘများ၏ အထောက်အပံ့ကလည်း ရှိသေးသည်မို့ ဆူးလ်ဂီဟာ စိတ်ပါလျှင် သူဋ္ဌေးကလေးလို သုံးနိုင်ဖြုန်းနိုင်သားပဲ။ တစ်ဦးတည်းသော သမီးပေမို့ မိဘများက မျက်နှာ အငြိုးမခံ။ ဒါကြောင့်လည်း အနုပညာကောလိပ် တက်ပြီး အခုထိ အလုပ် မည်မည်ရရ မရှိသေးပေမဲ့ စိတ်အေးလက်အေး နေနိုင်သည်။

Burning Tulips Donde viven las historias. Descúbrelo ahora