အပိုင်း-၃

406 73 3
                                    

[[UNICODE]]

ဒါလင်ဟာ ဗလာနယ်ထဲကျွံနေတုန်းမှာ
ဝမ်က ပန်းခင်းထဲ လမ်းလျှောက်နေသလိုပေါ့။
▫️

ညနေခင်းလေထုထဲ မွန်းကြပ်မှုအပြင် အယောင်ဆောင်မှုရဲ့ အငွေ့အသက်ပါ တင်းပြည့်ကျပ်ပြည့် ပါဝင်သည်။ ဒီအသက်အရွယ်ရောက်သည်ထိ ဝံပုလွေတွေနှင့် ကခုန်နေရသည်။ သကာရည်လောင်းထားသော စကားများကို ဆိုကြရင်းပင် လှစ်ခနဲ ဝင်လာတတ်သော ဓားများကို ရှောင်ကြတိမ်းကြ။ စိတ်ပျက်စရာကောင်းသည့်လူတွေဟု ဂျူဟျွန်းမြင်သော်လည်း သည်းခံရသည်။

"ဒါလင်~ နားတော့မလား"

ဂျူဟျွန်းရဲ့ လက်ကို ခပ်ဖွဖွ ဆုပ်ကိုင်လို့ ဝမ်က ထိုစကားကိုဆိုသည်။ ဂျူဟျွန်း ဒီနေရာမှာ ငိုက်ကျမသွားမိအောင် မနည်း ကြိုးစားနေရသည်ကို ရိပ်မိပါလိမ့်မည်။

"ကဲ၊မိတ်ဆွေတို့~
ဒါလင်က ပင်ပန်းနေပြီမို့
အခန်းထဲ ခဏလိုက်ပို့လိုက်ဦးမယ်~
ပြန်လာခဲ့မှာပါ..အေးအေးဆေးဆေးနေကြပါ"

ဝမ်၏ မိတ်ဆွေများသည် လူကြီးလူကောင်းများသာ ဖြစ်ပါသည်။ အရိပ်အကဲ နားလည်ကြသည့် စီးပွါးရေး လုပ်ငန်းရှင်များသာ ဖြစ်သည်မို့ အလိုက်သိစွာ အသီးသီး နှုတ်ဆက်စကားဆိုကြပြီ။ ဝမ်ဟာ ဇနီးသည်ကို ချစ်တတ်သူပေပဲ။ လူတိုင်းကတော့ အဲ့လိုမြင်ကြမည်။ မြင်ကြလိမ့်မည်။

"ဒါလင်"

ဧည့်သည်များကို ဆင်ဝင်ထိ လိုက်ပို့ပြီး ယယ်ရင်း၏ အခန်းကို သွားမည့်ဟန်ပြင်တော့ ဝမ်က ဂျူဟျွန်း၏ လက်ကိုဆွဲကာ သူ့ဘက်လှည့်စေသည်။

"အင်း"

"ချစ်တယ်"

"ကျေးဇူး~ဝမ်"

ဝမ်သည် စိတ်မကြည်သာသည့် ကလေးတစ်ယောက်ကို ကရုဏာသက်နေသည့်မိခင်၏ ကြည့်ခြင်းမျိုးဖြင့် ဂျူဟျွန်းကို ကြည့်နိုင်သည်။ နောက်တော့ ဂျူဟျွန်းကို ငြင်ငြင်သာသာနမ်းသည်။ ဂျူဟျွန်းက မည်သို့မျှ မတုန့်ပြန်​။ ဘာသတင်းမှ ပါမလာခြင်းဟာလည်း သတင်းကောင်းတစ်ခုပဲမလား။ ဝမ်သည် တကယ် ချစ်ပြတတ်ပါလိမ့်မည်။ တကယ် ချစ်တာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။

Burning Tulips Where stories live. Discover now