အပိုင်း-၁၀

263 51 2
                                    

[[UNICODE]]

တဘဝလုံးငေးကြည့်ခဲ့ရတဲ့ ကြယ်ပြာလေး
သစ္စာဖောက်တုန်းက ကောင်းကင်ကို မီးတက်ရှို့မလို့ပဲ။
ဒါပေမဲ့ ရင်ကွဲစရာကောင်းအောင် မလှလွန်းဘူးလားကွယ်၊
မြူးထူးကခုန်လို့ လောင်ကျွမ်းနေပုံများ။
▫️

လူတယောက်ဟာ ကိုယ်ချစ်မြတ်နိုးသည့် မိန်းမတယောက်အတွက် ပြာလဲ့လဲ့ကောင်းကင်၊ မွှေးကြိုင်သောပန်းနှင့် စိမ်းမြသောတောအုပ်ကို ဆက်စပ်ပြီး ပြနိုင်ဖို့ဆိုသည်မှာ မဖြစ်နိုင်သလောက်ခက်ခဲသည်။ အနှီမိန်းမသည် စိတ်အပြောင်းအလဲမြန်တတ်၍ မြို့ပြမှာနေချင်ပြန်လျှင်လည်း တိုက်အိမ်နှင့် မော်တော်ကားတို့ကို စီစဉ်ပေးနိုင်ရန်မှာလည်း လွယ်သည်မဟုတ်။

သို့သော် ဝမ်ကတော့ ဒါလင့်အတွက် လိုသမျှ အကုန်ဖြစ်စေသည်ပဲ။ ဝမ် အိမ်တော်ကိုပင် ဒါလင့်စိတ်တိုင်းကျ ဆောက်စေသည်။ အိမ်နောက်မှာ ပန်းပင်တွေကို တောဖြစ်အောင်စိုက်စေရသည်။ အိမ်ရှေ့မှာလည်း မြက်ခင်းကို အလှမွေးထားပေးရသည်။ ရုပ်ဝါဒကြီးစိုးသည့် လောကကြီးမှာ ဝမ်ကတော့ ချစ်ခြင်းမေတ္တာကို အကောင်အထည်ပြနိုင်မှ ယုံသည်။

ဒါလင်ဟာ မိုးဇက်ရဲ့ ဂီတထဲမှာ ကြည်နူးဖွယ်ကိုတွေ့သည်။  မိုနေးရဲ့ ပန်းချီကားအကြောင်းကို တနေကုန်ပြော၍မမောနိုင်ပါတဲ့လေ။ ဒီလိုဆိုပြန်တော့ ဝမ့်ခမျာ ဒါလင်သဘောကျတတ်သည့် အရာတွေအတွက် အချိန်ပေးရသည်။ ဝမ်က အလုပ်မှာ အလွန်ပင်ပန်းရပါသည်ဟု မဆိုနိုင်သော်လည်း ကိန်းဂဏန်းတွေ ဘဏ်အကောင့်ထဲ စက္ကန့်မလပ် စီးဆင်းနေစေဖို့ အမြဲတစေ ခေါင်းကို အလုပ်ပေးနေရသည်။ ဒါလင့်စကားနှင့် ပြောရလျှင် ဝမ်လည်း လူပေမို့ လူဓာတ်လိုအပ်သည်ပဲ။

ဒါလင်က လွဲရင် ကျန်တဲ့မိန်းမဟူသမျှဟာ တံတားအောက်ကရေလိုပဲ။ ဒါလင်ကတော့ နားလည်မပေးနိုင်။ ချစ်ခြင်းမေတ္တာကို သူနှင့်သာစပြီး သူနှင့်ပဲ အဆုံးသတ်စေချင်သည်။ လိင်မှုကိစ္စနှင့် ချစ်ခြင်းမေတ္တာဟာ သက်သက်စီ ဖြစ်တည်တာပဲ။ ဒါလင့်လို ဝေဝါးလှသည့်မေးခွန်းတွေလည်း ဝမ် မထုတ်တတ်။ ဝမ်ကတော့ ဒါလင့်ကိုချစ်သည်။ ဝမ့်ပခုံးပေါ်  ဒါလင့်ရဲ့ခေါင်းမှီတွယ်လိုက်တဲ့အခါ ပြုံးနေတဲ့ ကြယ်တွေဟာ ထိုနေရာမှာ လာကခုန်တတ်ကြမှန်း ဝမ်သိသည်။ 

Burning Tulips Where stories live. Discover now