အပိုင်း-၅

291 61 1
                                    

[[UNICODE]]

တစ်ညလုံး
စကားလုံးတွေ အတင်းထထခုန်နေလေခဲ့။
ဒါပေမဲ့ ကိုယ့်ထွက်သက်လေ နွေးနွေးသာ
မင့်မျက်ခွံမို့မို့ပေါ် ကျလို့။ *
▫️

လူတစ်ယောက်သည် မည်မျှကြာအောင် အိပ်မက်မက်လေ့ရှိသနည်း။ ဆူးလ်ဂီကတော့ တစ်ဘဝလုံးစာဟု ဖြေချင်သည်။ တကယ်ပင် တစ်ဘဝလုံးစာ ကြာလိမ့်မည်ထင်သည်။ ဂျူဟျွန်းသည် အရောင်အသွေးစုံလင်လှသော၊ အိပ်မက်မှန်း သိသာစေသော အိပ်မက်ကလေး ဖြစ်ပါ၏။

အို... ရူးတယ်ဆိုဆို၊ မနက်မိုးလင်းသည်နှင့် သူ့စိတ်နှင့် နိုးလာရသည်။  ၉ နာရီထိုးသည်နှင့် ကာဖီဆိုင်သို့ ဆူးလ်ဂီ ရောက်နှင့်ပြီ။ သူကတော့ ၁၀ နာရီကျော်ရင် ရောက်လာတတ်တာပါပဲ။ အချိန်းအချက် ပြုလုပ်ထားခြင်းလည်း မရှိပါပဲ ထိုသို့ တွေ့ဖြစ်ကြသည်။ နောက်တော့ သူနှင့် ရောက်တတ်ရာရာ ပြောကြသည်။ စိတ်လိုလက်ရ ရှိလာရင် လမ်းလျှောက်ထွက်ကြသည်။ ဆိုးလ်မြို့ရဲ့ လမ်းကြိုလမ်းကြားများဟာ ဘယ်တော့မှ ဆုံးမယ်မထင်ပါဘူး။

ပုံမှန်အားဖြင့်တော့ သူဟာ နွားနို့တစ်ခွက်သောက်ရင်း ဆစ်ကရက်ဖွာမည်။ တစ်လိပ်၊နှစ်လိပ်၊သုံးလိပ်၊ နောက်တော့ ဆစ်ကရက် ဖွာရသည်ကိုပင် ငြီးငွေ့လာဟန် ပေါ်လာမည်။ ပြီးလျှင် ဆူးလ်ဂီ စကားပြောသည်ကို စိတ်လိုလက်ရ နားထောင်မည်။ အကယ်၍ ဆူးလ်ဂီဟာ သူ့လက်ကို ခပ်ဖွဖွ ကိုင်မိသည် ဆိုပါစို့။ သူဟာ ကျန်လက်တစ်ဖက်နှင့် ဆူးလ်ဂီရဲ့ လက်ကို အုပ်မိုးလို့ ကိုင်လိမ့်မည်။ နောက်တော့ "နားလည်ပါတယ်"ဟု ဆိုလိုပုံပေါ်သည့် မျက်ဝန်းများနှင့် ကြည့်လိမ့်မည်။

တစ်ခါက "တို့တွေ ငယ်တော့တာလည်း မဟုတ်ပါပဲနော်" ဟု ရယ်လျက်ပင် ဆိုသေးသည်။ ဘာကိုဆိုလိုသည်မှန်း သိပ်တော့နားမလည်။ တစ်ခါတစ်လေများတော့ ဘာမှမပြောပဲ တစ်ခုခုကို စဉ်းစားနေတတ်သည်။ ထိုအခါမျိုးတွင် သူ့ကို စကားပြောဖို့ မကြိုးစားမိ။ သူနှင့် ဆူးလ်ဂီဟာ ရင်းနှီးသားပဲဟု ဆူးလ်ဂီ တွေးမိသည်။ ဆူးလ်ဂီ အတွေးမှားကြောင်း သူက ဤသို့ဤပုံ သက်သေပြသည်။

"သူ.. ဝမ် လုပ်ငန်းစုကို သိလား"

စေဇန်း၏ ပန်းချီကားများအကြောင်း ပြောကြပြီးနောက် သူက အဆက်အစပ်မရှိ ထိုသို့ မေးခဲ့သည်။ ဆေးရောင်တွေ၊ ကင်းဗတ်စတွေကလွဲလို့ ဘာမှ သိပ်မသိသော ဆူးလ်ဂီပင် ထို လုပ်ငန်းစုကို ကြားဖူးနားဝ ရှိသည်။ နေရာတကာ မြင်နေရသည့် အထပ်မြင့်ဟိုတယ်ကြီး မှန်သမျှသည် သူတို့ လုပ်ငန်းစု ပိုင်လေသလားဟုပင် ထင်ရသည်မလား။

Burning Tulips Where stories live. Discover now