အခန်း ၅

3.2K 594 10
                                    

[UNICODE]

ရှဲ့လင်၏အသံကိုကြားသောအခါ ယွမ်ယဲ့ကအနောက်ကိုလှည့်၍ လှေကားပေါ်မှဆင်းလာနေသော ရှဲ့လင်အားကြည့်လိုက်သည်။ သူကခေါင်းကိုပြန်လှည့်ကာ ပြုံးပြလာပြီး ဖုယွမ်ကျုံးအား မေးလာခဲ့သည်။

"သူ့ကိုသိလား"

"အင်း....."

ဖုယွမ်ကျုံးကခေါင်းငြိမ့်ပြလိုက်ပြီး ရှဲ့လင်၏မျက်ခုံးတန်းများက မည်သည်မျှမရှိသလို အေးစက်စက်အငွေ့အသက်များ လွှမ်းခြုံနေသည်ကို မြင်လိုက်ရသည်။

ဒါကသိပ်တော့မဟုတ်သေးဘူးနော်။ သူတို့ကဘာမှလုပ်နေတာမဟုတ်။ ဘာမှမဖြစ်နေတာတောင်မှ ဘာလို့သူက အပြစ်ရှိသလိုခံစားနေရတာလဲ။ မည်သို့ပင်ဖြစ်စေ ဖုယွမ်ကျုံးက ချက်ချင်းပင် ယွမ်ယဲ့နဲ့ခွာလိုက်ကာ ရှဲ့လင်အားပြုံးပြလိုက်ပြီး အသံကိုမြှင့်ကာပြောလိုက်သည်။

"တိုက်ဆိုင်လိုက်တာ...မင်းကဘယ်လိုရောက်လာတာလဲ?"

"ကျောင်းသားသမဂ္ဂကို တစ်ချို့ကျောင်းသားတွေရဲ့ အချက်အလက်တွေ သွားပေးမလို့"

ရှဲ့လင်ကစကားပြောနေရင်းပင် သူ၏မျက်လုံးများက ယွမ်ယဲ့ဆီကိုလှမ်းအကဲခတ်နေကာ တစ်ချိန်တည်းမှာပဲ ယွမ်ယဲ့ကလည်း သူ့အားအပြုံးတစ်ခုနှင့် ကြည့်လာလေသည်။

သူတို့နှစ်ဦးတူတူရပ်နေသည်မှာ အစွန်းနှစ်ဖက်ဆန့်ကျင်ဖက်ပုံစံမျိုးလိုပင်။ ရှဲ့လင်၏ကိုယ်ဟန်အနေအထားက တည့်မတ်နေပြီး သပ်ရပ်နေကာ အင်္ကျီ၏ကြယ်သီးများကပင် အစမှအဆုံးထိ တပ်ဆင်ထားပြီး စံပြကျောင်းသားအနေအထားပုံစံဖြစ်သည်။

ယွမ်ယဲ့မှာမူကား လက်ကိုပိုက်ထားပြီး နံရံအား  ပျင်းရိစွာ ခြေထောက်ကွေးလျက်အနေအထားဖြင့် ကန်ထားကာ သူ၏အနက်ရောင်နားကပ်များကို ဖော်ပြထားသကဲ့သို့ ခေါင်းကိုလည်းစောင်းထားသည့်အပြင် နီညိုရောင်ဆံနွယ်များကလည်း နေရောင်အောက်တွင် စူးရှနေလေသည်။ ရှဲ့လင်နှင့်ယှဥ်လိုက်ပါက လုံးဝကိုကျောင်းသားဆိုးတစ်ယောက်လိုပင်ဖြစ်နေသည်။

ရှဲ့လင်က အကြည့်များအားရုတ်သိမ်းကာ ဖုယွမ်ကျုံးအားမေးလာသည်။

"မင်အတန်းဖော်လား?"

"ဟုတ်တယ် ငါတို့အတန်းထဲက ကျောင်းပြောင်းလာတဲ့ကျောင်းသားအသစ်...ယွမ်ယဲ့တဲ့"

ဖုယွမ်ကျုံးက ခေါင်းငြိမ့်ပြလျက် ရှဲ့လင်အား အလျင်အမြန်ရှင်းပြလိုက်သည်။

"ငါတို့က စာအုပ်တွေတူတူသွားယူမလို့။ ငါကလဲကျမလိုဖြစ်သွားတော့ ယွမ်ယဲ့က လှမ်းထိန်းပေးလိုက်တာ"

ထို့နောက် သူကယွမ်ယဲ့အား ရှဲ့လင်နှင့်မိတ်ဆက်ပေးလိုက်သည်။

"ရှဲ့လင်တဲ့ စီနီယာလေ ငါတို့ထက်တစ်နှစ်ကြီးတယ်"

"လက်စသတ်တော့ စီနီယာကိုး"

ယွမ်ယဲ့က အနည်းငယ်တည့်တည့်ရပ်လိုက်ပြီး ရှဲ့လင်အား အပြုံးတစ်ခုနှင့် စတင်မိတ်ဆက်လာသည်။

"ဟယ်လို စီနီယာရှဲ့လင်"

"ဟယ်လို"

ရှဲ့လင်က ဖြည်းညင်းစွာ ခေါင်းငြိမ့်ပြလိုက်သည်။

"စီနီယာက ကျောင်းသားသမဂ္ဂကလား"

ယွမ်ယဲ့ကပြောလာသည်။

"အခုလေးတင်ပဲ အချက်အလက်တွေပေးစရာရှိလို့ ကျောင်းသားသမဂ္ဂကို သွားမလို့ဆိုတော့လေ"

ဖုယွမ်ကျုံးက အခြေအနေအားပြောင်းလဲရန် အနည်းငယ်ဂုဏ်ယူသောလေသံဖြင့် ‌လောကွတ်ချော်လိုက်သည်။

"ဒါပေါ့ ရှဲ့လင်က ကျောင်းသားသမဂ္ဂဥက္ကဌလေ ပြီးတော့ သူတို့နှစ်ရဲ့ အဆင့်တစ်ကျောင်းသားပဲ"

"အိုး..တော်တော်မိုက်တာပဲ"

ယွမ်ယဲ့က ရယ်မောလျက်

"ဒါဆို စီနီယာရှဲ့က ကျောင်းစည်းကမ်းတွေနဲ့ ပတ်သက်ပြီး သေချာရှင်းရှင်းလင်းလင်းသိမှာပေါ့နော်။ ကျွန်တော်က အခုမှကျောင်းပြောင်းလာတာဆိုတော့လေ သိပ်မသိသေးလို့။ ဟိုလေ ကျွန်တော်တို့ကျောင်းက ချိန်းတွေ့ရည်းစားထားတာကို တားမြစ်ထားလားဗျ?"

ထိုစကားကိုကြားသောအခါ ဖုယွမ်ကျုံးက ယွမ်ယဲ့အား အံ့သြတကြီးကြည့်မိလိုက်သည်။ သူကစစရောက်ချင်းမှာပဲ ဘယ်လိုလုပ်ပန်းတိုင်နဲ့လွဲချော်နေတာလဲ? ဒီကောင်က အရင်ဘဝတုန်းက ဒီလောက်ထိချိန်းတွေ့တာကို အာရုံစိုက်ခဲ့လို့လားဆိုတာ သူမမှတ်မိတော့။

ရှဲ့လင်က ယွမ်ယဲ့အားစိုက်ကြည့်ကာ ဖြည်းဖြည်းချင်းပြောလာသည်။

"ကျောင်းစည်းမျဥ်းထဲမှာတော့ မထည့်ထားဘူး"

"မထည့်ထားဘူးဆိုတော့ ပိတ်ပင်ထားတာမဟုတ်ဘူးပေါ့?"

ယွမ်ယဲ့က

"ဒါဆို စီနီယာတို့နှစ်ယောက်က တိတ်တခိုးချိန်းတွေ့စရာမလိုဘူးဆိုတဲ့ သဘောပေါ့။ ရည်းစားတွေလို့မပြောပုံပေါက်ရင် ဒီတိုင်းသူငယ်ချင်းပဲဖြစ်ရမယ် ဟုတ်တယ်မလား?"

"ဒါပေါ့"

ဖုယွမ်ကျုံးကပြောလိုက်သည်။ သူနဲ့ရှဲ့လင်က ဘယ်လိုလုပ်ချိန်းတွေ့ရမှာလဲ။ တစ်ချိန်တည်းမှာပဲ ယွမ်ယဲ့ဘာကိုပြောချင်သည်ဆိုတာကို စဥ်းစားရင်း သူဝေဝါးလာလေသည်။

ယွမ်ယဲ့က ရယ်မောလျက်

"အခုလေးတင်မြင်လိုက်တာ စီနီယာရဲ့မျက်လုံးတွေက သိပ်ကြောက်ဖို့ကောင်းနေတာကို။ စီနီယာတို့နှစ်ယောက်က အတွဲတွေလို့ထင်သွားတာပေါ့။ လက်စသတ်တော့မဟုတ်ဘူးပဲ"

သူကမျက်ခုံးကိုပင့်လိုက်ကာ ရုတ်တရက်နှုတ်ခမ်းထောင့်များအား ကွေးညွှန့်လိုက်ပြီး မကောင်းဆိုးဝါးအငွေ့အသက်ကို ထုတ်လွှင့်လာတော့သည်။

"ဒါဆို ဖုယွမ်ကျုံးဘာလုပ်တယ်ဆိုတာနဲ့ ပတ်သက်ပြီး စီနီယာကဂရုမစိုက်ဘူးမလား? ဟုတ်တယ်မလား?"

ရှဲ့လင်၏အကြည့်များက အေးစက်သွားလေသည်။ ဖုယွမ်ကျုံးက တစ်ခုခုတော့မှားနေပြီဟု ခံစားမိလိုက်ကာ ချက်ချင်းပင်လက်ကိုဝှေ့ရမ်းလျက် ကြားဖြတ်ပြောလိုက်သည်။

"ရှဲ့လင်က မင်းကိုရန်လိုတာမဟုတ်ပါဘူး။ သူကမရင်းနှီးသေးတဲ့သူတွေနဲ့ဆို နည်းနည်းတစ်မျိုးဖြစ်နေလို့ပါ...ဒါပေမဲ့ သူကတကယ်ကောင်းတဲ့စီနီယာနော်။ မင်းတို့ရင်းနှီးသွားရင် သိလာလိမ့်မယ်"

"ဟုတ်ပါပြီ စီနီယာကသာ ဆန္ဒရှိရင်ပေါ့"

ယွမ်ယဲ့ကပုံမှန်အတိုင်းပြန်ဖြေလိုက်ပြီး ရှဲ့လင်မှာမူ ပြန်ပင်မဖြေတော့ဘဲ ယွမ်ကျုံးကိုသာကြည့်လျက် ပြောလာသည်။

"မင်းအတန်းဘယ်တော့ပြီးမှာလဲ?"

ဖုယွမ်ကျုံးက အနည်းငယ်ကူညီရာမရဖြစ်နေသော်လည်း အခုချိန်မှာတော့ တင်းမာနေသည့်အခြေအနေကို ပြေလျော့စေရန်အလို့ငှာ အမှန်တိုင်းမြန်မြန်သာပြန်ဖြေလိုက်သည်။

"တစ်ခြားဘာမှလုပ်စရာမရှိတော့ဘူး။ ငါတို့စာအုပ်တွေသယ်သွားပေးပြီးတာနဲ့ ခဏလောက်နေရင် ပြီးလောက်ပြီ"

"ငါအရမ်းတော့မနောက်ကျပါဘူး။ ခဏလောက်စောင့်နေဦး"

ရှဲ့လင်ကပြောသည်။

"ကိစ္စမရှိပါဘူး။ မြန်မြန်သွားပြီး အတန်းကိုပြန်သွားတော့"

ရှဲ့လင်က လှေကားပေါ်မှမဆင်းခင် လက်ကိုဆန့်ထုတ်ကာ သူ၏ဆံပင်အားသပ်သွားပေးသေးသည်။

ဖုယွမ်ကျုံးက မထင်မှတ်ထားသောအကြည့်ဖြင့် မျက်တောင်များတဖျတ်ဖျတ် ခပ်မိလေသည်။ သူမှတ်မိသလောက်ပြောရလျှင် ရှဲ့လင်ကသူများတွေ၏အရှေ့မှာ သူ့အားယခုလိုရင်းနှီးနေသည့်အမူအရာမျိုး လုပ်ခဲသူပင်ဖြစ်ပါသည်။

ယွမ်ယဲ့က ရှဲ့လင်၏နောက်ကျောအား အလေးအနက်စိုက်ကြည့်နေလျက် ဖုယွမ်ကျုံးကိုမေးလာခဲ့သည်။

"မင်းကသူနဲ့တူတူအိမ်ပြန်မလို့လား?"

"ဟုတ်တယ်လေ ငါတို့ကတစ်ရပ်ကွက်တည်းနေတာ။ ငါ့အိမ်ကနေသူ့အိမ်ဆီကူးဖို့ ငါးမိနစ်တောင်မကြာဘူး"

ဖုယွမ်ကျုံးကပြောလိုက်သည်။

"ခုနတုန်းက ငါ့ကိုကူညီပေးလို့ ကျေးဇူးပဲ။ ရှဲ့လင်ကအမြဲတမ်းအဲဒီလိုပဲ...မင်းတစ်ယောက်တည်းကိုမှမဟုတ်ဘူး။ မင်းစိတ်အနှောင့်အယှက်ဖြစ်သွားရင် ငါကပဲသူ့အစားတောင်းပန်ပါတယ်"

"ငါဘာမှမဖြစ်ပါဘူး"

ယွမ်ယဲ့ကပြုံးပြလျက်

"ပြီးတော့ သူငါ့ကိုသဘောမကျလည်း ဘာမှမဖြစ်ပါဘူး။ ငါကမင်းနဲ့ ပေါင်းမှာလေ...မင်း ငါ့ကိုသဘောကျနေသရွေ့ အဆင်ပြေတယ်"

ဖုယွမ်ကျုံးကပြောလိုက်သည်။

"ဒါပေါ့ ငါက...."

စကားပြောနေရင်းမှပင် ရုတ်တရက် ယွမ်ယဲ့က သူ့အား Omega လိုမြင်နေကြောင်းနဲ့ စကားပြောနေစဥ်သေချာလေး ဂရုထားပြောသင့်ကြောင်းကိုသတိရသွားကာ ရပ်လိုက်မိသည်။

ဖုယွမ်ကျုံးက ဆက်ပြောလိုက်သည်။

"ဒါပေါ့ ငါကမင်းကိုအရမ်းအားကျတာလေ။ မင်းနဲ့ငါကသေချာပေါက်သူငယ်ချင်းကောင်းတွေဖြစ်လာမှာ"

ယွမ်ယဲ့ကတစ်ချက်ရယ်လိုက်တာ မည်သည်မျှမပြောတော့ဘဲ စာအုပ်များသယ်ဖို့အပေါ်တက်ကိုနှစ်ယောက်တူတူတက်သွားကြတော့သည်။

သူတို့က အချိန်တစ်ချို့နောက်ကျနေသွားသောကြောင့် အတန်းထဲမှာတစ်ခြားသူများက စာအုပ်များကိုပြန်သယ်လုနီးပါးဖြစ်နေလေပြီ။ ဖုယွမ်ကျုံးကမသယ်ရသေးတဲ့ စာအုပ်များကိုမေးလိုက်ကာ ယွမ်ယဲ့နှင့် စကားပြောနေလိုက်သည်။

တိုက်ဆိုင်စွာနှင့်ပင် အတန်း - ၁မှကျောင်းသားများသည်လည်း စာအုပ်များသယ်ရန်လာကြရာ ဖုယွမ်ကျုံးကိုတွေ့သည်နှင့်တစ်ပြိုင်နက် ချက်ချင်းပင်လူအုံလာကာ "အစ်ကိုကြီးယွမ်"ဟု တစ်ပြိုင်တည်းအော်လိုက်ကြလေသည်။

ဖုယွမ်ကျုံးကသူတို့အားပြန်ပြုံးပြလိုက်ကာ သူ့ကိုဂရုမစိုက်ကြဖို့ပြောချင်သော်လည်း မသိလိုက်ခင်မှာပဲ အတန်း-၁မှ လူများကသူ့အားပိတ်ထားကြလေသည်။

"အစ်ကိုကြီးယွမ် တကယ်တော့ငါတို့မင်းကို စာပို့ပြီးမေးမလို့ပဲ။ မင်းရန်ရှုထန်ကိုခုနတုန်းက ဘာပြောလိုက်တာလဲ?"

ကျောင်းသားအနည်းငယ်က သူ့အားအာရုံစိုက်ကြည့်နေကြပြီး ထိုစကားကိုကြားသောအခါ ဖုယွမ်ကျုံးတစ်ယောက် ပျော်သွားလေသည်။
"မင်းတို့ဘာလို့ဒီလောက်သိချင်နေတာလဲ?"

"သိချင်တာပေါ့! မင်းကအမြန်ထွက်သွားလို့မမြင်လိုက်တာ၊ ရန်ရှုထန်ကချက်ချင်းကိုငေါက်ခနဲထလာတာနော်။ ခုံတွေပါတိုက်ကုန်တာ၊ သူ့မျက်နှာကလည်းနီရဲနေတာပဲ ချက်ချင်းကိုပြေးထွက်သွားတာ။ ကြည့်ရတာ မင်းနောက်ကိုလိုက်ရှာပေမယ့် မတွေ့လိုက်ဘူးထင်တာပဲ။ မင်းဘာပြောလိုက်တာလဲ?"

ဖုယွမ်ကျုံး - "အာ......."

သူထွက်လာစဥ်က စားပွဲခုံနှင့်ထိုင်ခုံများ တိုက်မိသည့်အသံကိုလည်းသူကြားလိုက်သေးသည်။ ဒါဆိုရန်ရှုထန်က တကယ်ကြီး သူ့နောက်လိုက်လာတာပေါ့? ဒီလိုတုန့်ပြန်မှုကြီးနဲ့ သူပြီးအောင်မပြောသွားတဲ့ဟာကို တကယ်ကြီးဂရုစိုက်နေတာပေါ့?

ဘာပဲဖြစ်ဖြစ် သူကဘာမှမပြောခဲ့ဘူးလေ။ သူပြောတာလေးက "တကယ်တော့ ငါကမင်းကိုအမြဲတမ်း....."ဆိုတာလေးပဲ မဟုတ်ဘူးလား? ရန်ရှုထန်က သူ့စကားကိုဘာတွေထင်သွားလို့ ရှက်သွားတာလဲ? ဒေါသထွက်တာလား? သူနဲ့ သူသေကိုယ်သေ ရန်ဖြစ်ချင်တာလား?

ဖုယွမ်ကျုံးပင်လျှင် သိချင်လာရသည်။ ရန်ရှုထန် မည်သည်ကိုတွေးနေသည်ကို သူသိချင်နေသော်လည်း ကံမကောင်းစွာဖြင့် တည့်သွားမေးလိုက်လို့လည်းမရပါပေ။

သူကအတန်း-၁မှ လူများကိုပြောလိုက်လေသည်။

"ငါသူ့ကိုဘာပြောလိုက်လဲဆိုတာ မင်းတို့တကယ်သိချင်တယ်ပေါ့?"

"ဒါပေါ့"

အတန်းသားများက ပြိုင်တူပင်ခေါင်းငြိမ့်ပြကြသည်။ဖုယွမ်ကျုံး၏နှုတ်ခမ်းထောင့်များက ကော့တက်သွားကာ သူ့ရဲ့မျက်နှာလှလှလေးပေါ်တွင် မထီမဲ့မြင်အပြုံးတစ်ခုပေါ်လာလျက်

"မပြောပြပါဘူး။ ကိုယ့်ဘာသာစဥ်းစားလိုက်ကြ။ သွားတော့"

သူကစာအုပ်များကိုကောက်ယူလိုက်ကာ သူ့အားစောင့်နေသည့် ယွမ်ယဲ့ဆီသို့ လျှောက်သွားလိုက်တော့သည်။ သူသိချင်တာကိုတောင် သူမသိရမှတော့ တစ်ခြားသူတွေလည်း သူ့လိုပဲခံစားရသင့်တယ်လေ။

ယွမ်ယဲ့ကလက်ထဲတွင်စာအုပ်များပိုက်လျက် ဘေးချင်းယှဥ်လျှောက်နေရင်းမှ မေးလာသည်။

"အဲဒါမင်းအတန်းဖော်တွေလား?"

"ဟုတ်တယ်"

ဖုယွမ်ကျုံးခေါင်းငြိမ့်ပြလိုက်သည်။ အတန်းထဲတွင် သူမိတ်ဆက်တုန်းကလည်း အတန်း - ၁မှပြောင်းလာကြောင်း ပြောပြပြီးဖြစ်ရာ ယွမ်ယဲ့လည်းကြားမည်ပင်။

ယွမ်ယဲ့က ဖုယွမ်ကျုံးသယ်လာသည့် စာအုပ်အထပ်များအားကြည့်ကာ မေးလာသည်။

"ငါမင်းဆီကနည်းနည်းကူသယ်ပေးရဦးမလား?"

"မလိုပါဘူး"

ဖုယွမ်ကျုံးက တစ်ခဏမျှစဥ်းစားကာ ပြောလိုက်သည်။

"မင်းငါ့ကို Omega တစ်ယောက်လို ဆက်ဆံနေစရာမလိုပါဘူး။ ငါက Omega ခန္ဓာကိုယ်နဲ့ဆိုပေမယ့် Alpha စိတ်နဲ့ကွ။ နောက်ကျရင် Omega မိန်းကလေးနဲ့ ချိန်းတွေ့မလို့စီစဥ်ထားတာ"

"အိုး...."

ယွမ်ယဲ့က သံရှည်ဆွဲလိုက်ကာ အပြုံးတစ်ခုနှင့်ပြောလာသည်။

"အမျှော်အမြင်ကြီးတာပဲ။ ဒါပေမဲ့ မင်းပြောတာ "နောက်ကျရင်"ဆိုတော့ မင်းအခုထိ တစ်ယောက်တည်းပဲပေါ့?"

ဖုယွမ်ကျုံး - "....."

ယွမ်ယဲ့ - "အခုထိ တစ်ယောက်တည်းပဲမလား"

ဖုယွမ်ကျုံး - "......"

မဟုတ်သေးဘူး။ ဒီလိုလည်းသူပြောလို့မရပြန်ဘူး။ အနည်းဆုံးတော့ သူ့အရင်ဘဝတုန်းက ယွီဖေးနဲ့ဆိုပြီးပြောစရာရှိသေးတယ်လေ!

ယွမ်ယဲ့က အကြိမ်အနည်းငယ်ရယ်မောနေပြီး ဖုယွမ်ကျုံးကသူ့ကို စိုက်ကြည့်လိုက်သောအခါ အပြုံးကိုလျော့ကာ ရှင်းပြလာသည်။

"မင်းကိုလှောင်တာမဟုတ်ပါဘူး စိတ်ဝင်စားဖို့ကောင်းလို့ပါ။ ငါလည်းဒီကိစ္စကို ပြောတောင် မပြောဖူးဘူးလေ။ မင်းကိုဘယ်လိုလုပ်လှောင်နိုင်ပါ့မလဲ"

ဖုယွမ်ကျုံးက အေးစက်စက်နှာခေါင်းသာရှုံ့ပြလိုက်သည်။

ယွမ်ယဲ့က ဖြည်းညှင်းစွာထပ်ပြောလာပြန်သည်။

"ငါကအရမ်းကြေးများတာလေ။ တော်ရုံတန်ရုံဆိုသဘောမကျတာကများနေတယ်။ ဒါကြောင့် တကယ်လို့ငါသာ အဆင်ပြေတဲ့လူတွေ့ရင် လွယ်လွယ်တော့လက်လျှော့မဟုတ်ဘူး....အဲဒီလူကိုကျေနပ်တဲ့အထိ လိုက်ဦးမှာ..."

ထိုအကြောင်းကိုပြောနေစဥ်တွင် ယွမ်ယဲ့၏အကြည့်များက ဖုယွမ်ကျုံးရဲ့ကိုယ်ပေါ်တွင် ပြေးလွှားနေပြီး စည်းကမ်းမဲ့အမူအရာများပျောက်သွားတာ အကြည့်တွေကလေးနက်လျက် အတည်ကြီးပြောနေသည့်အသံပေါက်လာနေသည်။

ယွမ်ယဲ့၏အကြည့်များကိုမြင်သောအခါ ဖုယွမ်ကျုံးတစ်ယောက် ခေါင်းမွှေးများပင်ထောင်ချင်လာရသည်။ သို့သော်လည်း ခဏအကြာမှာပင် ယွမ်ယဲ့ကရယ်မောလိုက်ကာ မျက်လုံးအိမ်များကိုပြန်ချုံ့လိုက်ပြီး စာအုပ်များကိုကိုင်လိုက်ပြောလာသည်။

"ဟုတ်ပြီ ပြန်သွားကြမယ်လေ"

သူတို့နှစ်ဦးမှာ အတန်းကိုပြန်သွားလိုက်ပြီး စာအုပ်များအားဝေပေးလိုက်ကြသည်။ သိပ်မကြာခင်မှာပဲ အစ်ကိုကြီးယန်းက ဒီနေ့အတွက်အတန်းပြီးပြီဖြစ်သောကြောင့် အတန်းမှထွက်လို့ရပြီဟု ပြောလာလေသည်။

ကျောင်းသားများက ထိုသတင်းကိုဝမ်းသာအားရနာခံလျက် အိမ်ကိုပြန်ပြီးညစာစားရန်စီစဥ်နေကြသည်။ အတန်းသားများက ဖုယွမ်ကျုံး အား တူတူပြန်ရန်မေးလာသေး၏။ ဖုယွမ်ကျုံးက ခေါင်းခါပြလျက်ငြင်းလိုက်သည်။ သူဒီမှာနေပြီး ရှဲ့လင်ကိုစောင့်ရဦးမည်လေ။

"ငါလည်းမင်းနဲ့တူတူ ခဏစောင့်ပေးချင်ပပါတယ် ဒါပေမဲ့ ငါ့မှာလုပ်စရာရှိသေးလို့"

ယွမ်ယဲ့က ပုခုံးတစ်ဖက်ပေါ်လွယ်အိတ်ကိုလွယ်လိုက်လျက် ဖုယွမ်ကျုံးအား လက်ပြလာသည်။

"ကျောင်းပြန်စရင်တွေ့ကြမယ်နော်"

"ကျောင်းတက်ရင်တွေ့ကြတာပေါ့"

ဖုယွမ်ကျုံးက ယွမ်ယဲ့အားနှုတ်ဆက်လိုက်ပြီး အတန်းထဲတွင်ထိုင်လျက် ဖုန်းကိုဆော့နေကာ ရှဲ့လင်ကိုစောင့်နေလိုက်သည်။

အကြာကြီးတော့မစောင့်လိုက်ပါပေ။ မိနစ်နှစ်ဆယ်လောက်ကြာသောအခါ ရှဲ့လင်က အတန်း - ၇ရှေ့သို့ရောက်လာပြီး အပြင်တွင်ရပ်လိုက် ဖုယွမ်ကျုံးအားခေါင်းဆတ်ပြလာသည်။

"သွားကြစို့"

ဖုယွမ်ကျုံးက လွယ်အိတ်အားလွယ်လိုက်ကာ ရှဲ့လင်နှင့်တူတူ ကျောင်းမှထွက်လာလိုက်သည်။ သူကလမ်းလျှောက်နေရင်း တက္ကဆီapp အား အသုံးပြုကာ ကားခေါ်ရန်ပြင်နေလေသည်။ ယနေ့ကျောင်းပြီးမည့်အချိန်က မသေချာပါ။ ထို့ကြောင့် သူက ဒရိုင်ဘာအားမစောင့်စေချင်သလို အခုခေါ်လိုက်ပြီး အိမ်မှကားယူလာကာ ကြိုမည့်အချိန်ကိုလည်း မစောင့်ချင်ပါပေ။

သို့သော် ကားခေါ်ပြီးသောအခါ ဖုယွမ်ကျုံး၏တန်းစီနေသော နံပါတ်မှာ တော်တော်လိုသေးကြောင်းတွေ့လိုက်ရပြီး တော်တော်ကြာကြာစောင့်ရဦးမည်ပင်။ ကျောင်းဂိတ်ဝတွင်လည်း အငှားကားများမလာကြဘဲ လာကြသည်များကလည်းခရီးသည်များ သယ်ဆောင်လာပြီးသောကားများပင် ဖြစ်၏။

ရှဲ့လင်က တစ်ချက်ကြည့်လိုက်သောအခါ အနီးအနားက တက္ကသိုလ်များတွင် ပွဲများကျင်းပနေသည်ကိုတွေ့လိုက်ရလေသည်။ တက္ကသိုလ်ကျောင်းဝင်းက နှစ်ခုရှိကာ တစ်ခုကပွဲများလုပ်နေသည်။ ထို့ကြောင့် အနီးအနားတက္ကသိုလ်မှ ကျောင်းသားများက တစ်ခြားဝင်းသို့သွားရန် အလျင်လိုနေကြပြီး အငှားကားများခေါ်နေသောကြောင့် ကားများလူပြည့်နေရခြင်းပင်။

ဖုယွမ်ကျုံးက အနည်းငယ်ကြောင်အနေပြီးရှဲ့လင်ကို ကြည့်ကာမေးလိုက်သည်။

"ငါတို့ဘာလုပ်ကြမလဲ?"
"မင်းမစောင့်ချင်ရင် ဘက်( စ် )ဖြစ်ဖြစ် ရထားဖြစ်ဖြစ် စီးပြီးသွားကြမယ်လေ"

ရှဲ့လင်ကပြောလိုက်သည်။

"ဒါဆို ရထားစီးကြတာပေါ့"

ဖုယွမ်ကျုံးကပြန်ဖြေလိုက်သည်။

သူ၏မိသားစုအခြေအနေက အတော်လေးကောင်းမွန်သော်ငြား သူကတစ်ခါမျှ ဘက်(စ်)နှင့်ရထားကို မစီးဖူးသည်တော့မဟုတ်ရပါပင်။ ပြောရလျှင် သူကပျက်စီးနေသောကလေးမဟုတ်ရပါ။ သို့သော် သူရထားမစီးချင်းရသည့်အကြောင်းအရင်းမှာ တစ်ခါတလေ ရထားပေါ်တွင် အိပ်ပျော်သွားတတ်ကြောင့်ပင်ဖြစ်ပါသည်။ ထိုင်ခုံမရဘူးဆိုလျှင် သူ့အတွက်ဒုက္ခရောက်တယ်လေ။

သို့သော် အငှားကားခေါ်သည်ထက်စာလျှင် ရထားနှင့်သွားသည်က အဆင်အပြေဆုံးပင်ဖြစ်သည်။ သူတို့နေထိုင်သောဗီလာက မြို့လယ်နှင့် အတန်ငယ်ဝေးသောနေရာတွင်ရှိသည်။ ဘက်(စ်)ကားစီးသွားပါက နှစ်ဆင့်ပြောင်းစီးရမည်ဖြစ်ပြီး သူတို့အားလာကြိုရန် ဒရိုင်ဘာကိုလည်း ထပ်စောင့်ရဦးမည်ပင်။

ရှဲ့လင်ကခေါင်းငြိမ့်ပြလိုက်ပြီး သူတို့နှစ်ဦးမှာ ရထားရှိရာသို့လျှောက်သွားကြတော့သည်။ ဖုယွမ်ကျုံးက သူနှင့်ပုံမှန်အတိုင်းစကားပြောနေကာ ရှဲ့လင်ကတစ်ခုချင်းပြန်ဖြေရင်း ရုတ်တရက်ပြောလာသည်။

"မင်းယွမ်ယဲ့နဲ့ သိပ်မပေါင်းတာကောင်းမယ်"

အရင်ဘဝတုန်းက သူနှင့်ယွမ်ယဲ့၏ဆက်ဆံရေးက သူငယ်ချင်းအဖြစ်သို့ ကူးပြောင်းသွားသောအခါတွင်လည်း ရှဲ့လင်က ယွမ်ယဲ့ကိုမကြိုက်ကြောင်း၊ အထူးသဖြင့် သူ့ရဲ့တန်ဖိုးကိုလျော့ကျစေနိုင်သည့် အပြုအမူများကိုသဘောမကျကြောင်း ပြောခဲ့သေးသည်။

ဖုယွမ်ကျုံးကထိုအချိန်က အနည်းငယ်စိတ်မကောင်းဖြစ်ခဲ့ကာ အခုတွင်တစ်မျိုးတစ်ဖုံ စိတ်ဓာတ်ကျသွားသော်လည်း ရှဲ့လင်က သူမကောင်းရာမကောင်းကြောင်းကို စိတ်ပူခြင်းသာဖြစ်ကြောင်းကို သူသိပါသည်။

အထက်တန်းပထမနှစ်တွင် သူ၏အဆင့်များက အတော်လေးကျသွားခဲ့သည်။ ရှဲ့လင်က တစ်ခါတလေစာလေ့လာရာတွင် စောင့်ကြည့်ပေးသော်လည်း ရလာဒ်ကမကောင်းခဲ့ပါပေ။ ထိုအချိန်တွင် သူက SNSပေါ်တွင် ထိုလူနှင့်တွေ့ကာ တစ်နေကုန်ထိုသူနှင့်ဆက်သွယ်ခြင်းတွင် နစ်မြုပ်သွားပြီး စာလေ့လာဖို့အား လုံးဝကိုမတွေးမိတော့ပါ။

ဖုယွမ်ကျုံးက သူ့ရဲ့အရင်ပုံစံကို သူကိုယ်တိုင်ပင်ထိုးပစ်ချင်နေကာ သူ့ခေါင်းထဲမှ အတွေးရေများလျှံကျသွားစေရန် ခေါင်းကိုပြင်းပြင်းခါလိုက်လေသည်။ ဒါပေါ့ သူကအခုလုံးဝကိုအသိဝင်နေပြီလေ၊ သူသေရင်တောင် အဲဒီလူနဲ့ဘာအဆက်အသွယ်မှလုပ်မှာမဟုတ်တော့ဘူး။

"စိတ်မပူပါနဲ့၊ သူ့ကိုအဲဒီလိုမမြင်ပါနဲ့ကွာ၊ တကယ်တော့သူ့အဆင့်တွေကကောင်းပါတယ်"

သူကရှဲ့လင်အားရှင်းပြလိုက်သည်။

"သူကမပြောင်းလာခင် အရင်ကျောင်းတုန်းက ထိပ်ဆုံးကျောင်းသားဖြစ်ခဲ့တာနော်။ လက်တွေ့အခန်းကိုဝင်ဖို့သူ့အတွက် ပြဿနာရှိလောက်မှာမဟုတ်ဘူး။ ဒါပေမဲ့ သူကဆံပင်ကိုပြန်ဆိုးဖို့နဲ့ နားကပ်တွေဖြုတ်ဖို့ကို ငြင်းလိုက်တော့ ငါတို့အတန်းမှာ ယာယီအထားခံလိုက်ရတာ"

"ဆရာက သူ့နားကပ်တွေ ဆံပင်စတိုင်လ်တွေကို မမြင်ချင်ယောင်ဆောင်‌ပေးထားတာလေ။ ငါတို့အတန်းပိုင်ဆရာက သူ့ကိုပြန်ပြောင်းဖို့ စကားတောင်မဟဘူး။ သူ့အဆင့်တွေကြောင့်နေမှာပေါ့...အိုး...မင်းကငါတို့အတန်းကမဟုတ်တော့ မင်းမသိသေးတာ"

ရှဲ့လင်ကမည်သည်မျှပြန်မပြောဘဲ နား‌ထောင်နေကာ ရထားလက်မှတ်များဝယ်လိုက်ပြီး ဖုယွမ်ကျုံးကိုတစ်ခုကမ်းပေးလာသည်။

"ဒါကြောင့်မဟုတ်ပါဘူး"

သူ၏မျက်လုံးများအား ဖုယွမ်ကျုံထံပင့်ကြည့်လျက် ဖြည်းဖြည်းချင်းပြောလာသည်။

"သူက Alpha လေ"

လာပြန်ပြီ ဒါကြီးပဲ...Omega တွေ Alpha တွေဆိုတော့ ဘာဖြစ်သလဲ။ ဒါကအဲဒီလောက်အရေးကြီးနေတာလား......

ဖုယွမ်ကျုံးက စိတ်ထဲအချဥ်ပေါက်သွားကာ အသံကိုနှိမ့်လျက် ရေရွတ်လိုက်သည်။

"အဲဒီတော့ဘာဖြစ်လဲ၊ မင်းကလည်း Alpha ပဲလေ...မင်းနဲ့မပေါင်းဘဲနေရမှာလား?"

ရှဲ့လင်က မည်သည်မျှပြန်မဖြေတော့သလို ဖုယွမ်ကျုံးကလည်းဆက်မပြောတော့ပါ။ သူတို့နှစ်ဦးက ရုံထဲဝင်ရန် လက်မှတ်များပြလိုက်ပြီး အောက်ထပ်ကိုဆင်းလာကြလိုက်သည်။

သူတို့သွားမည့်လမ်းကြောင်းပေါ်သို့သာ တစ်ခါတည်းသွားလိုက်ကြသည်။ မှန်ကာတံခါးအရှေ့တွင် စောင့်ဆိုင်းနေသည့်သူများလည်း သိပ်မရှိကြသလို တစ်ဝက်လောက်မှာလည်း အမှတ်တစ် အထက်တန်းကျောင်းမှ ကျောင်းသားများပင်ဖြစ်ကြသည်။

ထိုလူများထဲမှာ ဖုယွမ်ကျုံးတစ်ယောက် အသိတစ်ယောက်ကိုတွေ့သွားတော့သည်။ တစ်ယောက်တည်းရထားစောင့်နေသော ရန်ရှုထန်ပင်ဖြစ်ပါတော့သည်။

OMEGA တစ်ယောက်အဖြစ်ပြန်လည်မွေးဖွားပြီးနောက် လူတိုင်းကငါ့နဲ့လက်ထပ်ချင်နေကြတယ်!Where stories live. Discover now