အခန်း-၇

3.5K 607 32
                                    

[ UNICODE ]

ဖုန်းမှာပေးထားတဲ့ နှိုးစက်ကတော့ သူ့အချိန်ရောက်တာနဲ့ ထမြည်နေလေပြီ။ ဖုယွမ်ကျုံးက အိပ်ချင်မူးတူးနဲ့ မျက်လုံးများကို ဖွင့်ကြည့်ကာ နှိုးစက်ကိုထပိတ်လိုက်သည်။ ထို့နောက် ကုတင်ပေါ်တွင် ဦးနှောက်ဗလာနှင့် ခဏလောက်ထိုင်နေပြီးမှ လက်ရှိလောကထဲအသိပြန်ဝင်လာကာ ဆေးကြောပြီး အဝတ်အစားလဲလိုက်တော့သည်။

အိပ်ခန်းထဲမှထွက်လာပြီး အောက်ဆင်းလာသောအခါ သူ့အိမ်တွင်အလုပ်လုပ်လာတာကြာပြီဖြစ်သည့် အိမ်အကူအဒေါ်ကြီးက စားပွဲပေါ်တွင်ကြက်ဥကြော်များကို နေရာချနေလေသည်။ ဖုယွမ်ကျုံးအိပ်ယာထလာသည်ကို မြင်‌လိုက်သောအခါ အဒေါ်ကြီးကအံ့သြသွားသည့်အမူအရာဖြင့်

"ယွမ်ကျုံးနိုးလာပြီလား? အဒေါ်ကအခုပဲ အ ပေါ်ကိုတက်လာပြီး မင်းကိုနှိုးတော့မလို့"

ဖုယွမ်ကျုံးက သန်းဝေနေရင်း ထမင်းစားပွဲတွင် ဝင်ထိုင်လိုက်ပြီး

"ကျောင်းပထမနေ့လေ နောက်ကျလို့မရဘူးဗျ"

အဒေါ်ကြီးက ပြုံးလျက် ခေါင်းငြိမ့်နေလေသည်။ သူ့မိဘများကလည်း အလုပ်သွားရန်အောက်သို့ဆင်းလာကြပြီး သူတို့မိသားစုတစ်ခုလုံး သာသာယာယာဖြင့် မနက်စာအပြီးသတ်လိုက်ကြတော့သည်။ အပြင်ကိုထွက်လာပြီး ကားထဲကိုဝင်လိုက်သောအခါ သူ့ကိုစောင့်နေပြီဖြစ်သော ကားထဲတွင်ထိုင်နေသည့် ရှဲ့လင်ကိုတွေ့လိုက်ရသည်။

"မင်္ဂလာနံနက်ခင်းပါ"

သူကရှဲ့လင်၏နံဘေးတွင် မှိတ်တစ်ဝက်ဖြစ်နေသော အိပ်ချင်နေသည့်မျက်လုံးများဖြင့် ဝင်ထိုင်လိုက်သည်။ ရှဲ့လင်ကလက်ဆန့်တန်းလာကာ သူ့ကော်လံအားပြင်ပေးနေလေသည်။ သူ့ကော်လံများက မကြာခဏဆိုသလို ရှုပ်ထွေးနေတတ်ပြီး ရှဲ့လင်ကငယ်ငယ်ကတည်းက သူ့ကိုအဆင်ပြေအောင် ပြင်ပေးနေကျပင်ဖြစ်သည်။ မကြာသေးခင်အချိန်များကလွဲလို့ပေါ့။ ယာယီအမှတ်အသား‌အပေးခံရပြီးနောက်ပိုင်း နည်းနည်းကြာလာသည့်အခါ ရှဲ့လင်၏အမူအရာများကိုပြန်၍ နေသားကျသွားပြန်ပြီဖြစ်သည်။

ကော်လံကို ပြင်ပြီးနောက်တွင်တော့ ဖုယွမ်ကျုံးက သူအိပ်ဖို့ရန်ပြင်ဆင်ပေးထားသလို ဖြစ်နေသော ရှဲ့လင်၏လက်မောင်းများသို့ လှဲချလိုက်တော့သည်။ ရှဲ့လင်က သူ့ကိုစိုက်ကြည့်လာပြီး

"မင်းမနေ့ညကနောက်ကျမှအိပ်တာလား?"

"မဟုတ်ပါဘူး...."

ဖုယွမ်ကျုံးကမျက်လုံးများကို ပိတ်ထားရင်းမှပြန်ဖြေလိုက်သည်။ တကယ်တော့ မနေ့ညကသူအိပ်တာ နည်းနည်းတော့နောက်ကျခဲ့ပါသည်။ ယွမ်ယဲ့က လိုင်းပေါ်ကနေသူ့ကို ဂိမ်းကစားဖို့လာခေါ်သောကြောင့် နောက်ကျတယ်ဆိုသောအချိန်ထက် နည်းနည်း‌လေးပိုစောရုံခဲ့သာပင်။

ကျောင်းတက်ပြီးသည့်နောက် သူတို့နှစ်ဦးသားမှာ ဆက်သွယ်ရန်ဖုန်းနံပါတ်များ လဲလှယ်ခဲ့ဖြစ်ကြပြီး တစ်ခါတလ တူတူတောင် hacking လုပ်ကြသေးသည်။ ဖုယွမ်ကျုံးက ရှဲ့လင်ကိုတော့ သွားတောင်မမေးရဲပါ။ ရှဲ့လင်သိသွားရင် သေချာပေါက်သဘောမကျမှာဖြစ်ပြီး သူ့ဖုန်းကိုတောင်သိမ်းနိုင်သောကြောင့်ပင်ဖြစ်သည်။

ထိုသို့ဖြစ်လာလျှင် ဖုယွမ်ကျုံးကသည်းမခံနိုင်ဖြစ်လာကာ သူ့အားအဝေးမောင်းထုတ်မိပေလိမ့်မည်။ သို့သော် ရှဲ့လင်ကတစ်ခြားသူများနှင့်မတူပါ။ ဖုယွမ်ကျုံးကသူနှင့်နေသားကျနေပြီဖြစ်သည်။ သူသာရှဲ့လင်ဆီကထွက်လာခဲ့ရင် သူ့ဆီမှာဆုံးရှုံးမှုတော်တော်များမည်မှာ သေချာနေပေသည်။

ဒါကြောင့် ထိုနေ့ကရထားပေါ်တွင် ရှဲ့လင်က ဖုယွမ်ကျုံးနဲ့မပတ်သက်တော့ဘဲ သာမန်သူငယ်ချင်းအဖြစ်သာနေရန် ပြောလာသည့်နောက် ဖုယွမ်ကျုံးကချက်ချင်းပင် ရှဲ့လင်အပေါ်စိတ်ထားပျော့ပြောင်းလာတာဖြစ်သည်။

သူသာ စိတ်ရောကိုယ်ပါသန်မာနေတဲ့ လူငယ်လေးတစ်ယောက်ဖြစ်မယ်ဆိုလျှင်တော့ ဒေါသထွက်ကောင်းထွက်ပေလိမ့်မည်။ အနည်းဆုံးတော့ ရှဲ့လင်နှင့်ရက်အနည်းငယ်လောက် ရန်ဖြစ်နိုင်လိမ့်ပေမယ့် ဒီတစ်ကြိမ်တော့ သူမလုပ်နိုင်တော့ပါ။ ရှဲ့လင်ထိုအကြောင်းကိုပြောလာတုန်းက သူအနည်းငယ်တွေဝေသွားခဲ့တာပင်ဖြစ်သည်။ ဒီကိစ္စက အရင်ဘဝမှ သူနဲ့ရှဲ့လင်ရဲ့ ခွဲခွာမှုကို သတိရသွားစေသည်။ ထိုအချိန်တုန်းက မှတ်ဉာဏ်များကိုသူထပ်ပြီး မထွက်လာစေချင်တော့။

"ဆောရီး......"

သူကမျက်လွှာချလိုက်ပြီး ရှဲ့လင်အားတောင်းပန်လိုက်သည်။ ရှဲ့လင်က မည်သည်မှပြောမလာဘဲ သူ့အားတိတ်တဆိတ်သာ ကြည့်နေလေသည်။ ရှဲ့လင်ရဲ့ဒေါသကိုသိသည့် ဖုယွမ်ကျုံးကတော့ ဒါကမလုံလောက်သေးလို့ဆိုတာကို ကောင်းကောင်းသိပါသည်။ ရှဲ့လင်ကသူ့အား ဒီ့ထက်ပို၍ကတိပေးစေချင်တာပင်။

"မင်းနဲ့ သူများတွေက....သေချာပေါက်မတူဘူးပေါ့"

ဖုယွမ်ကျုံးက တိုးတိုးရေရွတ်နေရင်း ရုတ်တရက်ရှက်လာသလိုခံစားရသည်။ ရှဲ့လင်ရဲ့မေးခွန်းက သူ့အားခြိမ်းခြောက်သည့်ပုံဘက် ရောက်နေပေသည်။ သူကရှဲ့လင်အား သာမန်သူငယ်ချင်းအနေနဲ့ မဆက်ဆံနိုင်မှန်းသိရဲ့သားပင် မေးချင်ပင်ဖြစ်၏။ ဒီသဘောကရိုးရိုးရှင်းရှင်းဖြင့် ရှဲ့လင်ကသူ့အတွက်အရေးကြီးသောသူဆိုတာကို ဝန်ခံဖို့ဖိအားပေးလိုက်ခြင်းပင်ဖြစ်ပါသည်။

"ဘယ်လိုမတူတာလဲ?"

ဒီမေးခွန်းကပိုလို့တောင် ကြောက်ဖို့ကောင်း‌သေးတယ်။ ဖုယွမ်ကျုံးလည်း မဖြေချင်ပေမယ့် မတတ်နိုင်တော့ပါ။ သူ့မှာရွေးချယ်စရာမရှိတော့ဘဲ ဖြေလိုက်ရတော့သည်။

"မင်းကတကယ်အကောင်းဆုံးပါပဲ။ မင်းကငါနဲ့အရင်းနှီးဆုံးပဲလေ၊ မင်းကငါ့အတွက်အရမ်းအရေးကြီးတယ်။ မင်းက Alpha ဖြစ်နေရင်တောင် မင်းမရှိဘဲငါမနေနိုင်ဘူး..၊ မင်းကငါ့ဘဝထဲဝင်လာလို့ရတယ်......"

ပြောနေရင်းနှင့်ပင် ဖုယွမ်ကျုံးရှက်လာတော့သည်။ ထို့နောက်မျက်လုံးကိုပင့်ကာ ရှဲ့လင်အားစိုက်ကြည့်လိုက်၏။

"ဟုတ်ပြီ"

သူ့အဖြေကိုကြားသောအခါ ရှဲ့လင်၏မှောင်မိုက်နေသော မျက်လုံးများထဲတွင် အလင်းရောင်နည်းနည်းလေးပေါ်သလိုဖြစ်လာကာ လေးနက်ပြီးပူလောင်နေသလိုပင်။ သူ့မျက်ခုံးများကြားကအေးစက်မှုကလည်း အရည်ပျော်လာကာ အအေးရိုက်ထားသလိုဖြစ်နေသော ကိုယ်နေဟန်ထားကလည်း ရေပူစမ်းလိုနွေးထွေးလာလေသည်။ ရှဲ့လင်၏အပြုံးက သေးငယ်ပေမယ့်လည်း လုံလောက်သည်ဟုဆိုနိုင်ပါသည်။

ရှဲ့လင်ကသူ့လက်မောင်းထဲတွင် ဖုယွမ်ကျုံးအားထည့်ကာ နောက်ကျောကိုပါဖက်ထားပြီးပြောလာသည်။

"အခုကစပြီး ငါ့ဆီကနေခွဲထွက်သွားတာမျိုးမလုပ်နဲ့တော့"

"ဒါဆိုမင်းလည်းမလုပ်ရဘူးနော်"

ဖုယွမ်ကျုံးက သင့်တော်သလိုပြောလိုက်သည်။

"နောက်ကျရင် မင်းကိုလည်းငါနဲ့သူငယ်ချင်းဆက်ဆံရေးကနေ ဖျက်ပစ်လိုက်တာမျိုး ခွင့်မပြုနိုင်ဘူး၊ သာမန်သူငယ်ချင်း ဘယ်လိုမှမဖြစ်နိုင်ဘူး...ငါခွင့်မပြုဘူးနော်"

"မသိဘူးလေ"

ရှဲ့လင်က သူ၏အသံနက်နက်ဖြင့် ညင်သာစွာ

"လျှောက်တွေးမနေနဲ့၊ အိပ်တော့"

အခုတော့ သူတို့ကကိုယ်ပိုင်ကားပေါ်တွင် ထိုင်နေကြတာပင်ဖြစ်သည်။ ဖုယွမ်ကျုံးက ရထားပေါ်ကအနေအထားအတိုင်း ရှဲ့လင်ပေါ်တွင် မှီအိပ်နေဆဲပင်။ ဒီပုံစံက သူ့အားအဆင်ပြေစေသည်။ ဖုယွမ်ကျုံးက သူ့ကိုယ်သူ ရှဲ့လင်၏လက်မောင်းများနှင့် ပွတ်သပ်လိုက်ပြီး ပျံ့လွင့်နေသည့် ဝိုင်နီလေးကိုရှူရှိုက်ကာ သူ့စိတ်ကိုသက်သာနေစေပြီး အိပ်ပျော်သွားတော့သည်။

ဒီနေ့ကတော့ ကျောင်းပထမဆုံးတက်ကာ စာသင်ရမည့်နေ့ဖြစ်ပြီး တနင်္လာနေ့လည်းဖြစ်သည်။ မနက်ခင်းကိုယ်ပိုင်စာကြည့်ချိန်နှင့် ပထမဆုံးအချိန်နှစ်ခုလုံးက အတန်းပိုင်အစ်ကိုကြီးယန်း၏ သင်္ချာချိန်တွေချည်း။ သူကအရင်ဆုံး အတန်းထဲကထိုင်ခုံများကို ပြန်စီနေလိုက်သေးသည်။

ဖုယွမ်ကျုံးကအရပ်ရှည်သောကြောင့် နောက်ဆုံးတန်းသို့ရောက်သွားတော့သည်။ အရိုင်းကောင်လေးက သူ့ညာဘက်တွင် နေရာချထားခံရသော်လည်း နေရာကတော့လစ်လပ်နေဆဲပင်။ အဘယ်ကြောင့်သော် အရိုင်းကောင်လေးက ကျောင်းပထမဆုံးနေ့တွင် နောက်ကျနေပြီး ရောက်မလာသေးသောကြောင့်ဖြစ်သည်။

အတန်းနှစ်ချိန်ပြီး၍ အလံတင်မြှောက်ခြင်းစုဝေးပွဲအတွက် ကျောင်းသားအားလုံး မြေပြင်ပေါ်တွင်စုဝေးနေကြသည့်တိုင်အောင် ရောက်မလာသေးပါ။ ဖုယွမ်ကျုံးက ၇တန်းမြောက်၏အစွန်ဆုံးတွင် ရပ်နေပြီး ထိုအချိန်မှပင် ယွမ်ယဲ့က လွယ်အိတ်အားပုခုံးတစ်ဖက်ပေါ်တင်လျက် အေးဆေးသက်သာစွာ ဝင်လာနေသည်ကိုတွေ့လိုက်ရသည်။

ထိုအချိန်တွင် ကျောင်းသားသမဂ္ဂဥက္ကဌ ရှဲ့လင်က စင်ပေါ်တွင် မိန့်ခွန်းပြောနေချိန်ပင် ဖြစ်၏။ သူက သမဂ္ဂအသင်းအားဖြတ်လျှောက်လာကာ အတန်း-၇ဆီသို့ သာယာနေသာကွင်းပြင်သဖွယ် လျှောက်လာနေပေသည်။ ယွမ်ယဲ့တွင် နွေရာသီကျောင်းယူနီဖောင်း သေချာပေါက်ရှိပြီးသားဖြစ်ပေသော်ငြား မဝတ်လာပါပေ။ သူကပုံမှန်အဝတ်အစားဖြင့်သာ ကျောင်းတွင်းသို့ဝင်လာနေခြင်းဖြစ်သည်။ ငါ့မှာတော့ ‌ဆောင်းရာသီယူနီဖောင်းကုတ်ကို အပေါ်ကထပ်ဝတ်လာတောင် နည်းနည်းအနေကြပ်နေတာကို။

ကျောင်းသားအများစုက သူ့ကိုချောင်းကြည့်နေကြပြီး သူကတော့ဘယ်သူနှင့်မှမတူ ကွဲပြားဆဲပင်။ အစ်ကိုကြီးယန်းက သူ့အားအလျင်စလို လူအုပ်၏ထောင့်စွန်းကို ဆွဲခေါ်သွားတော့သည်။ အစ်ကိုကြီးယန်းက ကွင်းပြင်အား သူခိုးတစ်ယောက်လို စက်ဝိုင်းပတ်နေကာ အရိုင်းကောင်လေးကို အတန်း-၇၏နေရာတွင် ခိုးကြောင်ခိုးဝှက် နေရာချပေးလိုက်လေသည်။

"ဒီမယ် ငါ့ညီ....."

အစ်ကိုကြီးယန်းက မျက်မှောင်ကြုတ်ကာ ယွမ်ယဲ့ကိုခေါ်လိုက်သည်။

"မင်းဟာက အရမ်းဗြောင်ကျမနေဘူးလားကွာ။ နောက်တစ်ခါကျရင် တိတ်တိတ်လေးဝင်လာနော်၊ တစ်ကျောင်းလုံးကဒီမှာရောက်နေတာကို။ ကျောင်းသားခေါင်းဆောင်မြင်သွားလို့ကတော့ မင်းကံကတော့ ဆိုးပြီပဲ...တော်သေးတာပေါ့ ငါတွေ့လိုက်လို့"

"ဟုတ်ကဲ့ပါ"

ယွမ်ယဲ့ကရယ်မောနေပေသည်။

"နောက်တစ်ခါ အလံတင်စုဝေးပွဲကိုရောက်အောင် အလျင်စလိုမလာရင် ကျောင်းထဲဝင်ဖို့တောင် မှတ်မိနေမှာမဟုတ်ဘူး။ အတန်းတက်ကောက်ရင် ဖျားနာနေလို့ ခွင့်ယူထားတယ်လို့ပဲ ရေးလိုက်ပေါ့ဗျာ"

အစ်ကိုကြီးယန်း - "....."

ဖုယွမ်ကျုံးက ရယ်ချမိမတတ်ဖြစ်သွားကာ ယွမ်ယဲ့ကသူ့ကိုမြင်သွားပြီး မျက်ခုံးပင့်လျက် ရယ်ပြလာသည်။

အလံတင်မြှောက်ခြင်းစုဝေးပွဲက မကြာခင်မှာပဲ ပြီးဆုံးသွားကာ အားလုံးကသူတို့စာသင်ခန်းများသို့ ပြန်သွားကြတော့သည်။ ဖုယွမ်ကျုံးက ယွမ်ယဲ့နှင့် တူတူလျှောက်လာရင်းမှ သူ့အားစနောက်လိုက်သည်။

"မင်းက ပထမဆုံးနေ့မှာတင် ကျောင်းနောက်ကျနေတာပေါ့လေ?"

"မနိုးလို့လေ"

ယွမ်ယဲ့က လက်များအား ဆန့်တန်းလျက်

"မနေ့ညက ဂိမ်းဆော့တာအရမ်းနောက်ကျသွားတာ"

"မနေ့ကငါအိပ်ပြီးတော့ မင်းထပ်ဆော့နေသေးတာလား?"

"မဟုတ်ပါဘူး မင်းဆင်းသွားတာနဲ့ ငါလည်းအိပ်လိုက်တာပဲ"

ယွမ်ယဲ့ကပြုံးလျက်

"မင်းကိုတကယ်လေးစားတယ် ကျောင်းကိုအချိန်မီလာနိုင်တာ"

ဖုယွမ်ကျုံး - "....."

သူက ယွမ်ယဲ့အားမရိုက်မိအောင် သူ့ကိုယ်သူထိန်းလိုက်ကာ သူ့စိတ်အားတစ်ခြားနေရာသို့ လွှဲပစ်လိုက်သည်။ မျက်လုံးထဲတွင် ရုတ်တရက် အရိုင်းကောင်လေးရဲ့ အရောင်က ဟိုတစ်နေ့ကနှင့် မတူနေတာကိုတွေ့လိုက်ရသည်။ နည်းနည်းလေးပိုလင်းနေသလိုပင်။

"မင်းဆံပင်ကိုထပ်ဆိုးလာပြန်တာလား?"

"မင်းမြင်တယ်ပေါ့?"

ယွမ်ယဲ့ကလက်ကိုမြှောက်ကာ ဆံပင်ကိုဖွလိုက်ပြီး နားဆွဲကလည်းနေရောင်အောက်တွင် အနည်းငယ်လက်နေလေသည်။

"ချည်ဖြူရောင်လေ ကြည့်ကောင်းလား?"

"မင်းကချောပြီးသားပဲကို ကြည့်ကောင်းမှာပေါ့"

ဖုယွမ်ကျုံးကသူ့အား ခဏလောက်ကြည့်နေပြီး
"ဒါပေမဲ့ မင်းကဆံပင်အမည်းနဲ့ဆို ပိုချောမယ့်ပုံပဲ"

အရိုင်းကောင်လေး - "တကယ်လား?"

ဖုယွမ်ကျုံးက ခေါင်းငြိမ့်ပြလိုက်သည်။ သူ့အရင်ဘဝမှာတုန်းက အရိုင်းကောင်လေးက ဆံပင်ကိုမကြာမကြာဆိုး‌လေ့ရှိပြီး နောက်ဆုံးတော့ အမည်းရောင်ပဲပြန်ထားလိုက်တာဖြစ်သည်။ ဖုယွမ်ကျုံး၏အကဲဖြတ်နိုင်စွမ်းနှင့် ဆုံးဖြတ်ရလျှင် ယွမ်ယဲ့ကဆံပင်အမည်းဆိုးထားချိန်တွင် ကြည့်လို့အကောင်းဆုံးပင်။

"ဒါပေါ့"

ယွမ်ယဲ့က သူ့အားဘာမှထပ်မပြောလာတော့ဘဲ ခေါင်းပဲငြိမ့်ပြလာသည်။

"ဒါနဲ့ ငါတို့ခုံတွေပြန်စီထားရတယ်၊ ငါတို့ကတစ်ယောက်ဘေးမှာကပ်ရပ်ပဲ၊ အဲဒီတော့ တစ်ခုံတည်းလို့သတ်မှတ်လို့ရတာပေါ့"

ABO gender များကြောင့် ကျောင်းတွင်စာသင်ခုံများအား တစ်ခုံတည်းမထားပါချေ။ သူတို့အားလုံးက ခွဲထိုင်ရသော်ငြားလည်း ဘယ်ဘက်နှင့် ညာဘက်၏အစွန်ခုံးများကတော့ တော်တော်လေးကိုနီးကပ်သည့်အနေအထားတွင် ရှိသည်။

"ဟုတ်ပြီလေ"

ယွမ်ယဲ့ကရယ်မောနေပြီး နှစ်ဦးသားအတန်းထဲသို့ တူတူပြန်သွားကာ သင်ခန်းများပြန်စကြတော့သည်။ ဖုယွမ်ကျုံးက အတန်းထဲတွင်စာလိုက်နားထောင်ဖို့ရန် သေချာစိတ်ဆုံးဖြတ်ချက်ချထားတာပင် ဖြစ်သည်။

မကြာခဏဆိုသလို သူကယွမ်ယဲ့အား လှမ်းကြည့်မိသော်ငြားလည်း ထိုအရိုင်းကောင်လေးက အိပ်ငိုက်ရင်ငိုက် မငိုက်လျှင် ဖုန်းပဲသုံးနေကာ စာလိုက်နားထောင်နေသည်ကိုတော့ မတွေ့ရပါချေ။

ဒါကပထမဆုံးနေ့တွင်ပင် လက်လွတ်စပယ်အမူအရာဖြစ်နေကာ ယွမ်ယဲ့က ဆရာတော်တော်များများဆီမှ နာမည်အခေါ်ခံနေရတော့သည်။

သူတို့အားလုံးက ယွမ်ယဲ့ရဲ့ဦးတည်ချက်ကို အမှန်ပြင်ပေးဖို့ရန်အလို့ငှာ မေးခွန်းများဖြေစေချင်သော်ငြား မည်သူကမျှ ယွမ်ယဲ့ဆီကနေတော့အသတ်မခံချင်ကြပါ။ ကျောင်သင်ပုန်းပေါ်တွင် ရေးနေသောလက်ရေးက ဆရာမများထက်ပင်ပို၍လှနေသည်။ ထိုလက်ရေးနှင့်အဖြေများက ဆရာ/ဆရာမများ ပြောချင်နေသည့်စကားများကို ပိတ်ဆို့ပစ်လိုက်ကာ တိတ်တဆိတ်သာရပ်ကြည့်နေစေတော့သည်။ ယွမ်ယဲ့က မြေဖြူအား လွှင့်ပစ်လိုက်ကာ ခုံတွင်ပြန်လာထိုင်လိုက်သည်။

ပင်ကိုယ်ကပင် ယွမ်ယဲ့က ချောမောပြီးမိမိုက်နေသည့်သူဖြစ်ကာ အခုလည်းကျောင်းစာတွင် ကောင်းနေပေသည်။ အတန်းပြီးသွားသည့်အခါတွင် အတန်းသားများက သူ့အားဝိုင်းထားကာ သူ၏ထူးချွန်မှုကိုချီးကျူးနေကြတော့သည်။

"မင်းဘယ်လိုထင်လဲ?"

လူအုပ်ကြီးချဲသွားသောအခါတွင်တော့ ယွမ်ယဲ့ကဖုယွမ်ကျုံးရှိရာဆီ ခုံကိုဆွဲလာကာ စားပွဲပေါ်တွင် လက်တင်လျက် အပြုံးတစ်ခုဖြင့် သူ့အားမေးလာသည်။

"မိုက်တယ်"

ဖုယွမ်ကျုံး၏အဖြေက စိတ်ဝင်စားမှုမရှိသလိုပင်။ တကယ်တော့ သူလုံးဝမအံ့သြပါဘူး။ ဒါမျိုးကိုအရင်ဘဝတုန်းကလည်း သူမြင်ဖူးတယ်လေ။ အဲဒီတုန်းကဆို သူနဲ့ယွမ်ယဲ့ရဲ့ဆက်ဆံရေးက ဆိုးရွားနေလို့ သူကြွားနေတာကိုမြင်ပြီး တော်တော်တောင်‌ဒေါသထွက်ခဲ့ရတယ်။

"အဲ့လောက်လည်းမဟုတ်ပါဘူး။ မင်းငါ့ကိုပိုပြီးမြှောက်ပင့်ပေးလေ၊ ငါမင်းကိုမေးခွန်းပေးမယ်"

"မင်းကမေးခွန်းကိုပြောတာလား?"

ထိုစကားလုံးများကို ကြားသောအခါ ဖုယွမ်ကျုံးအနည်းငယ်စိတ်ဝင်စားသွားသည်။ ဖုယွမ်ကျုံးက သူ့ရဲ့စာပြန်လေ့လာနိုင်စွမ်းကို တိုးတက်လာအောင် tutor တစ်ယောက်ငှားရန် စီစဥ်ထားပေမယ့်လည်း သင့်တော်သည့်သူကို မတွေ့သေးပါ။ တကယ်လို့ ယွမ်ယဲ့ကသာ သူ့ကိုကူညီလျှင် ပို၍ကောင်းနိုင်ပေသည်။

"ငါပြောပြမယ်လေ"

ယွမ်ယဲ့က ခုံကိုအနီးနားဆွဲလာကာ ဖုယွမ်ကျုံးဘက်ကို မှီလိုက်ရင်း စားပွဲပေါ်တွင်ဖွင့်ထားသော မေးခွန်းစာအုပ်ကိုငုံ့ကြည့်လာသည်။

"ဘယ်မေးခွန်းကိုသိချင်တာလဲ?"

......

သုံးမိနစ်လောက်ကြာသောအခါ ဖုယွမ်ကျုံးက စာအုပ်ကိုဆွဲပိတ်လိုက်ပြီး

"မပြောနဲ့တော့"

ယွမ်ယဲ့က ချောင်းဟန့်လိုက်တော့သည်။ သူကတကယ်တော့ သူများတွေကိုစာသင်ပြဖို့အတွက် သင့်တော်မနေဘူးလေ။ သူကအခုလေးတင် ဖုယွမ်ကျုံးကို ရှုပ်ထွေးအောင်လုပ်မိသလို ဖြစ်သွားပြန်ပြီ။ အကြောင်းအရင်းကတော့ သူ့ရဲ့ပုစ္ဆာဖြေရှင်းနိုင်စွမ်းတွေက ထူးဆန်းလွန်းသောကြောင့် သာမန်လူတွေအတွက် နားလည်ဖို့ အတော်ခက်လှသည်။

ဖုယွမ်ကျုံးကစိတ်ကောင်းကောင်းထားပြီး ဒါကိုနားလည်ပေးနိုင်သော်လည်း ဒီပုံစံနဲ့ဆိုရင် သူစာလုပ်ဖို့အချိန်ကပိုတောင် ကြာနေဦးမည်။ သူကစာလုပ်နိုင်စွမ်းကို မြှင့်တင်ချင်တာလေ၊ ဒီလိုသာဆိုရင် ဆန့်ကျင်ဘက်ပင်ဖြစ်နေသည်။

ရှဲ့လင်ကိုလည်း အကူအညီ‌တောင်းဖို့က မဖြစ်နိုင်ပြန်ပါချေ။ သူကအထက်တန်းတတိယနှစ်ဖြစ်နေပြီဖြစ်ပြီး ကျောင်းသားသမဂ္ဂကိစ္စများနှင့်ပင် အလုပ်အရမ်းများနေပြီဖြစ်သည်။ ဖုယွမ်ကျုံးကတစ်ခဏလောက်တွေးနေရင်းမှ အတန်း-၁က သူငယ်ချင်းများကိုမေးလို့ရနိုင်သည်ဟု ရုတ်တရက်တွေးမိသွားသည်။ အဲဒီအတန်းကလူတွေအကုန်လုံးက ရူးနေတာ၊ သင်ခန်းစာတွေ တိုးတက်အောင်လုပ်နိုင်တဲ့နေရာမှာတော့ တကယ်ကိုမကောင်းဆိုးဝါးတွေအတိုင်းပဲ။ အဲဒီတော့ သူတို့ကတော့ အဆင်ပြေမယ့်ဂိုက် ကိုသိလောက်တယ်။

သူကအတန်း-၁က လူတော်တော်များများကို စာပို့လိုက်သည်။ ယွမ်ယဲ့က သူ့အားခဏလောက်ကြည့်နေပြီး ရုတ်တရက်ပြောလာလေ၏။

"ငါမင်းကိုညစာဝယ်ကျွေးမယ်"

"?"

ဖုယွမ်ကျုံးက သူဘာတွေးနေသလဲဆိုတာကို လုံးဝနားမလည်လိုက်ပါ။ သူကဘာလို့ရုတ်တရက်ကြီး ငါ့ကိုညစာဖိတ်နေရတာလဲ?

"ဒါကငါတောင်းပန်တာပဲ"

ယွမ်ယဲ့ကပြောလာသည်။

"မင်းကဒီလောက်စာကြိုးစားနေတာကို ငါကမင်းကိုနေ့တိုင်း ဂိမ်းဆော့ဖို့ပဲခေါ်နေမိတာလေ...ငါရှက်တောင်ရှက်လာပြီ"

"ဘာကိုတောင်းပန်စရာလိုလို့လဲ? ငါလည်းဂိမ်းဆော့ရတာကြိုက်တာပဲကို"

ဖုယွမ်ကျုံးကပြောလိုက်သည်။ တကယ်လို့သူသာ မဆော့ချင်ဘူးဆိုရင် လူဆယ်ယောက်လောက်ဝိုင်းခေါ်ရင်တောင် ပါလာမှာမဟုတ်ဘူးလေ။

"ဟုတ်ပြီလေ၊ ဒါဆိုငါ့မှာနောက်ထပ်အကြောင်းပြချက်တစ်ခုရှိသေးတယ်။ ငါမင်းနဲ့တွေ့ရတာ တကယ်ပျော်တယ်၊ ငါ့ရဲ့သူငယ်ချင်းအသစ်လေးကို ညစာလိုက်ကျွေးချင်တယ်။ အဆင်ပြေလား?"

ယွမ်ယဲ့က နှုတ်ခမ်းများအားကွေးညွှတ်ကာ

"ဒါပေါ့ မင်းကငါ့ကိုသူငယ်ချင်းအဖြစ်မသတ်မှတ်ဘူးဆိုရင်တော့ ငြင်းလို့ရပါတယ်"

"........"

သူကဒီလိုပြောနေမှတော့ ဖုယွမ်ကျုံးကဘာပြောရဦးမှာလဲ.......

"ကောင်းပြီလေ ဒါဆိုလည်းကျေးဇူးပါ။ ဘယ်မှာစားကြမလဲ?"

"ဒီအမှတ်တစ် အထက်တန်းကျောင်းနားမှာ ဘာတွေစားကောင်းတာရှိလဲ ငါသေချာမသိဘူး၊ အတန်းပြီးရင် ထျန်းချန်းအလယ်တန်းကျောင်းကိုသွားကြမယ်လေ။ အဲ့နားကငါနဲ့ပိုရင်းနှီးတယ်"

ယွမ်ယဲ့ကပြောသည်။

"ငါစားနေကျဆိုင်ကိုမင်းကိုခေါ်သွားပေးမယ်"

ထျန်းချန်းအလယ်တန်းကျောင်းက အမှတ်တစ် အထက်တန်းကျောင်းနဲ့ အရမ်းမနီးလှပါချေ။ ဖုယွမ်ကျုံးက အဲဒီလောက်ဝေးမယ်မှန်းမထင်ထားမိခဲ့ပေမယ့် သူ့ထက်နှစ်နာရီနောက်ကျပြီးမှ ကျောင်းဆင်းမယ့် တတိယနှစ်ကျောင်းသား ရှဲ့လင်ကိုစဥ်းစားမိသွားသည်။ အစကတော့ သူကနေ့တိုင်းအိမ်စာလုပ်ရင်း ရှဲ့လင်အားစောင့်ရန် စီစဥ်ထားခြင်းပင်။ တစ်နာရီလောက်ထွက်သွားလိုက်တာလည်း အချိန်တူတူလောက်ပဲဖြစ်မှာပါ။

"ဟုတ်ပြီလေ ညနေကျမင်းလမ်းပြ"

နောက်ဆုံးတော့ ဖုယွမ်ကျုံးလည်းသဘောတူလိုက်တော့သည်။

ယွမ်ယဲ့ကမူ အပြုံးတစ်ခုနှင့် တုံ့ပြန်လာလေသည်။ အတန်းပြီးသောအခါ ယွမ်ယဲ့က ဖုယွမ်ကျုံးအား စားသောက်ဆိုင်ကို ခေါ်သွားပေ၏။ ဆိုင်ကတော့ private kitchen ပင်ဖြစ်သည်။ ဆိုင်ကအရမ်းမကြီးသော်ငြား အပြင်အဆင်ကတော့ လက်ရာမြှောက်လှသည်။ ဆိုင်ရှင်က ယွမ်ယဲ့ကို ကောင်းကောင်းသိနေကာ အစားအသောက်များအတွက် ခဏလောက်ပဲမှာလိုက်ရသည်။

ဖုယွမ်ကျုံးက ယွမ်ယဲ့နှင့်မျက်နှာချင်းဆိုင်တွင်ထိုင်လျက် ဖုန်းသုံးရင်း စောင့်နေလိုက်သည်။ ရုတ်တရက် ဆိုင်အရှေ့မှ ဘဲလ်ကမြည်လာပြီး ခြေသံများကြားလိုက်ရကာ လူတော်တော်များများက ဆိုင်ထဲဝင်လာလေသည်။

"ဆိုင်ရှင်...."

သူတို့ထဲမှတစ်ယောက် ဆိုင်ရှင်အားခေါ်လိုက်သော်လည်း ရုတ်တရက်ရပ်လိုက်ကာ အသံကိုမြှင့်ပြောလာသည်။

"ယွမ်ယဲ့ မင်းကဘာကိစ္စနဲ့ ဒီကိုရောက်နေရတာလဲ? မင်းကအမြီးကိုသေချာမဝှက်ဘူးပဲ၊ အမြီးတစ်ရမ်းရမ်းနဲ့သွားနေတယ်ပေါ့လေ။ တရုတ်မှာပြန်ပေါ်လာသေးတယ်ပေါ့? ငါသိပြီ...မင်းကပြန်လာပြီး ကျောင်းလာထွက်တာလား?"
ရယ်သံများက စားသောက်ဆိုင်ခန်းအသေးလေးထဲတွင် ပြန့်ကျဲလာသည်။ ဖုယွမ်ကျုံးကမျက်မှောင်ကြုတ်လိုက်ပြီး ချက်ချင်းခေါင်းမော့ကြည့်လိုက်ပြီး ကျောင်းဝတ်စုံဝတ်ထားသော အထက်တန်းကျောင်းသားအနည်းငယ်ကို တွေ့လိုက်ရသည်။ သူ ဒီကောင်တွေကိုမသိပေမယ့် ထျန်းချန်းအလယ်တန်းကျောင်းကမဟုတ်တာတော့ သေချာသည်။

ဖုယွမ်ကျုံးက ဒီလူတွေကိုမသိသော်လည်း သူတို့နှင့်ယွမ်ယဲ့ကြားတွင် ရန်ငြိုးရှိနေမှန်းတော့သိနိုင်ပါသည်။ ထိုသူတွေပြောပုံအရဆိုလျှင် ယွမ်ယဲ့ကျောင်းပြောင်းလာခြင်းက မရိုးရှင်းပုံပေ။ ဒါပေမဲ့ ဖုယွမ်ကျုံးကဒါကိုအရင်က တစ်ခါမှမကြားဖူးတာဖြစ်ပြီး ယွမ်ယဲ့က ရိုးရိုးပြောင်းလာတာဟု ထင်နေခဲ့ခြင်းဖြစ်သည်။

"သြော် မင်းတို့တွေကိုး"

တစ်ဖက်သူတွေက ရိုင်းစိုင်းနေသော်ငြားလည်း ယွမ်ယဲ့ရဲ့ပုံစံကတော့ ဂရုမထားသည့်အတိုင်းပဲဖြစ်နေပြီး သူ၏ရှည်သွယ်သော ခြေထောက်များကချိတ်ထားကာ ဖုန်းကိုကိုင်လျက် ဂိမ်းဆော့နေလေသည်။ ထိုသူတွေအား အကြည့်လေးတစ်ချက်လောက် စွန့်ကြဲပေးရမှာကိုပင် ပျင်းရိနေသဖွယ်။

"ဘာလို့လဲ? မင်းကရော ငါ့ဆီကနေကွင်းပြင်ထဲမှာ တစ်လလောက်အရိုက်ခံချင်လို့လား?"

သူ၏အသံကအရမ်းမကျယ်သော်ငြား တစ်ဖက်သူတွေ၏ မျက်နှာထားကအနည်းငယ်ပြောင်းသွားသည်။ ထိုအခြင်းအရာကိုကြားသောအခါ ဖုယွမ်ကျုံးလည်းအံ့သြသွားတော့သည်။ ယွမ်ယဲ့က လူတွေကိုဆေးရုံရောက်ရလောက်တဲ့အထိ ရိုက်တတ်တယ်လို့ တစ်ခါမှမသိခဲ့ရဘူးလေ။

ချက်ပြုတ်ဖို့ရန် မီးဖိုချောင်ထဲဝင်သွားသော ဆိုင်ရှင်က အသံများကြား၍ထွက်လာသောအခါ ကျောင်းသားအနည်းငယ်ကိုမြင်ပြီး ပြောလိုက်သည်။

"တောင်းပန်ပါတယ် နောက်မှပြန်လာခဲ့တော့နော် ကျောင်းသားတို့။ ဒီကစားပွဲတွေက ဒီနေ့အတွက်ပြည့်သွားပြီ။ ခုံမရတော့ဘူး။ နောက်နေ့မှပြန်လာတော့နော်"

"ရပါတယ် စောင့်လိုက်မယ်လေ၊ ဒီမှာပဲထိုင်ပြီး စောင့်ကြတာပေါ့"

သူတို့ထဲမှတစ်ယောက်က ပြုံးလျက်ဖုယွမ်ကျုံးဆီ လျှောက်လာပြီး ဘေးတွင်ဝင်ထိုင်လိုက်သည်။

ထိုသူတွေက ယခုလိုလုပ်မည်မှန်း မတွေးထားမိသောကြောင့် ဖုယွမ်ကျုံးတစ်ယောက် တစ်ခဏမျှကြောင်အသွားသည်။ တစ်ဖက်လူရဲ့အကြည့်တွေက ဖုယွမ်ကျုံးကိုယ်ပေါ်တွင် ပြေးလွှားနေပြီး သူ၏ restraining collar ကိုမြင်သောအခါ ချက်ချင်းစိတ်ဝင်စားလာလျက် အမဲရောင်ကော်လံအား ထိရန်လက်လှမ်းလာတော့သည်။

"မင်းက Omega ပေါ့...အား......."

သူစကားပြောလို့မပြီးခင်မှာပဲ ရုတ်တရက်ထအော်လိုက်ရတော့သည်။ အကြောင်းအရင်းကတော့ ယွမ်ယဲ့ကသူ၏ လက်ကောက်ဝတ်အား ချိုးလိုက်သောကြောင့်ပင်။

ယွမ်ယဲ့ကထိုသူ၏လက်အား အရိုးများကျိုးကြေသွားအောင် ချိုးနေသကဲ့သို့ တင်းတင်းကြပ်ကြပ်ညှစ်ထားပြီး နာကျင်မှုကတစ်ဖက်လူ၏မျက်နှာတွင် အတိုင်းသားပေါ်နေလေသည်။

အခုလေးတင်ပျင်းရိနေသော Alpha က ချက်ချင်းပင်အသိတရားပျောက်ဆုံးသွားပြီး မျက်လုံးထဲတွင် ရန်ငြိုးရန်စများ ပြင်းပြင်းထန်ထန်ပေါ်လာတော့သည်။

"မင်းကသူ့ကို ထိဖို့ကြိုးစားနေတာပေါ့?"

[ ZAWGYI ]

OMEGA တစ်ယောက်အဖြစ်ပြန်လည်မွေးဖွားပြီးနောက် လူတိုင်းကငါ့နဲ့လက်ထပ်ချင်နေကြတယ်!Where stories live. Discover now