အပိုင်း ၁၅

22.1K 2.5K 129
                                    

ရောက်တုန်းရောက်ခိုက် ဟုဆိုကာ အားလုံး၏ သဘောတူညီချက်ဖြင့် နောင်လုံတောင်ကြားလမ်း ဆီသို့ တကူးတက ပြန်ပတ်လာခဲ့ကြတာဖြစ်သည်။Vloggerပေါက်စ ကောင်းမင်းကတော့ ဓာတ်ပုံရိုက်မယ် Vlogရိုက်မယ် တကဲကဲဖြင့်။ကျန်တဲ့သူတွေကတော့ ဗိုက်ဆာလှပြီ။

ကောင်းမင်းက ပအိုဝ့်ကို Vlogရိုက်ဖို့ ချောဆွဲသွားတုန်း ရှင်စောတို့ကတော့ အနီးနားရှိ ကရင်ရိုးရာ စားသောက်ဆိုင်လေး ဆီသို့သာ ချီတက်ခဲ့တော့သည်။

ကရင်ရိုးရာအတိုင်း ဝါးတွေချည်းသုံး၍ အလှဆင်ထားတဲ့ ဆိုင်လေးက သပ်သပ်ရပ်ရပ် လှလှပပရှိလှသည်။ဝန်ထမ်းတွေကလည်း ကရင်ရိုးရာ တူညီဝတ်စုံများဖြင့်။ဟင်းအမယ်တွေ သူတစ်မျိုး ငါတစ်မယ်မှာပြီးတော့ သိပ်မစောင့်လိုက်ရဘဲ ပူပူနွေးနွေး ရောက်လာလေတော့သည်။

ကရင်ရိုးရာအတိုင်း ထမင်းကို နှီးဖြင့်ရက်လုပ်ထားသော အုပ်လေးများဖြင့် အောက်ခံပန်းကန်ပြားပေါ် ငှက်ပျောရွက်ကလေး ခင်း၍ တည်ခင်းလေသည်။ဟင်းအမယ်တွေထဲ ရှင်စော စိတ်အဝင်စားဆုံးက စစ်သားသုံး ဒန်ချိုင့်ကြီးဖြင့် ရောက်လာတဲ့ ကော်သူးလေးဟင်းရယ် ကရင်လူပျိုကြီး ကြက်သားသုပ်ရယ် ဖြစ်သည်။

မြည်းစမ်းကြည့်တော့ ကြက်သားသုပ်က ဆီမပါ အချိုမုန့်မပါပဲ ချဉ်ငံစပ်အရသာဖြင့် စားမြိန်စေတဲ့ ဟင်းတစ်ခွက်ဖြစ်လေသည်။ကော်သူးလေးဟင်းကတော့ ဟိုးတုန်းကထဲက ကရင်စစ်သားတွေ ချက်ပြုတ်စားကြတဲ့ ဟင်းလျာတစ်မျိုးတဲ့။ဝက်လက်ပေါင်းကို ရာသီပေါ် မျှစ်ချို အတုံးလေးတွေဖြင့် ရောချက်ထားတဲ့ ချဉ်စပ်ဟင်းလျာဖြစ်သည်။အဲ့ဒါကြောင့်မလို့ ဟင်းပွဲကို ပြင်ဆင်ထားပုံက စစ်သားသုံး ဒန်ချိုင့်ကြီးဖြင့် ဖြစ်နေတာဖြစ်မည်။

ဒီမိုကတော့ မျှစ်ဝက်သားပေါင်းနှင့် မျှစ်ပင်စိမ်းသုပ်ဖြင့် တွယ်နေတာ ခေါင်းပင်မဖော်ပေ။ကရင်ဆိုတော့လည်း ကရင်စာကြိုက်မပေါ့။တကယ်လည်း ဆီမပါ အချိုမုန့်မပါတဲ့ ကရင်ရိုးရာ ဟင်းလျာတွေက သဘာဝဆန်ဆန် အရသာရှိလှသလို ကျန်းမာရေးနှင့်လည်း ညီညွတ်လေသည်။

စားသောက်နေတုန်း မိုးကတဝုန်းဝုန်း ရွာချလာတော့ ကောင်းမင်းတို့က အချမ်းပြေဟုဆိုကာ ဝိုင်သောက်ကြပြန်လေသည်။ဆိုင်ရှင်ကိုယ်တိုင် ဖောက်ထားတယ်ဟု သိရသော ရိုးရာသဘာဝ ကောက်ညှင်းဝိုင် မွှေးမွှေးလေးက လူကိုနွေးထွေး လန်းဆန်စေလေသည်။

ခရီးများအဆုံးထိ...လျှောက်(Complete)Where stories live. Discover now