အပိုင်း ၂၁

20.3K 2.4K 117
                                    

ကျလိ ကျလိ မြည်နေတဲ့ ကျေးငှက်ကလေးတွေရဲ့ နံနက်ခင်း တေးသံသာရယ် မနက်ခင်းမှာ ပွင့်တဲ့ သင်းပျံ့ပျံ့ ပန်းရနံ့လေးတွေရယ် ပြီးတော့ မြတ်နိုးရသူရဲ့ အသက်ရှုသံ မျှင်းမျှင်းလေးရယ် နှင့်အတူ စတင်ခဲ့ရတဲ့ မနက်ခင်းလေးဟာ ဘယ်လောက်တောင်မှ ကြည်နူးစရာ ကောင်းလိုက်သလဲ။ဘယ်လောက်တောင်မှ ကျက်သရေမင်္ဂလာ အပေါင်းနဲ့ ခညောင်းလိုက်လေသလဲ။သေချာတယ် ဒီတစ်နေတာလုံးဟာတော့ သူ့ကမ္ဘာထဲ ပန်းတွေပွင့်နေတော့မှာပဲ။

မိမိဖက်ကို စောင်း၍ အသက်ရှုသံမှန်မှန်ဖြင့် အိပ်မောကျနေတဲ့ ရှင်စောအား ဒီမို ငေးကြည့်နေမိတာ မျက်တောင်ပင် မခတ်မိ။ပွယောင်းယောင်း ဆံနွယ်တွန့်တွန့် ကောက်ကောက်လေးတွေကြား အိမ်မောကျနေတဲ့ မျက်တောင်ရှည်တွေကို လွမ်းနေခဲ့ရတာ ဘယ်လောက်တောင် ကြာနေခဲ့ပြီလဲ။

ပါးပြင်ထက်မှ မွှေးညှင်းနုနုလေးတွေကို မထိတထိ ကိုင်တွယ်ကြည့်မိရင်း စိုးတထိတ်ထိတ် ရင်ခုန်ရတာလည်း ကြည်နူးစရာ။ချယ်ရီရောင် နှုတ်ခမ်းလေးထက်က ခပ်ရေးရေးထင်နေတဲ့ နှုတ်ခမ်းမွှေး ရေးရေးလေးတွေရယ် မျက်ခုံး၂ခုကြားထိစပ်နေတဲ့ မွှေးညှင်းနုနုလေးတွေရယ်။သေချာဂရုတစိုက်များ ကြည့်မယ်ဆိုရင် တွေ့မြင်ရမှာ ဖြစ်တဲ့ မွှေးညှင်းနုလေးတွေ ဖုံးထားတဲ့ မျက်နှာလေးဟာ တကယ့်ကို ရင်ခုန်တပ်မက်ချင်စရာ။

ဒီမို ငေးနေရင်း အားမရနိုင်စွာ ဆံနွယ်စတွေ ကပိုကရို ဖုံးတစ်ဝက်ကွယ်တစ်ဝက်ဖြင့် ရှိနေသော နားထင်လေးကို ဖွဖွလေး ထိသည်ဆိုယုံလေး နမ်းသည်။ထိုမှတဆင်း ပါးပြင်နုနုလေးဆီသို့ ကျူးကျော်မိတော့ ရှင်စော မျက်မှောင်လေး ကြုတ်သွားကာ အနည်းငယ် လူးလွန့်သွားတာကြောင့် ကိုယ်ရှိန်ပြန်သတ် ရခြင်းသို့ရောက်သည်။

!စောစောစီးစီး ချစ်ရသူဒေါသအိုးလေး ယမ်းပုံမီးကျကာ အကြည်ဓာတ်တွေ ပျက်ကုန်မှာစိုး၍ ဖြစ်သည်။မနက်ခင်းလေးကိုတော့
ကြည်လင်အေးချမ်းစွာ နိုးထစေချင်မိတာ ရင်ထဲက စေတနာ!

!မနက်ခင်းတွေတိုင်းကို နှစ်ယောက် အတူသာ စတင်ခွင့်များရမယ်ဆို ဘယ်လောက်များ ချိုမြိန်လိုက်လေမလဲ!

ခရီးများအဆုံးထိ...လျှောက်(Complete)Where stories live. Discover now