အပိုင်း ၄၀

23.9K 2.4K 140
                                    

"မောင် ငါသွားတော့မယ်နော် ထမင်းအိုးတည်ခဲ့ပြီးပြီ ကြက်အူချောင်းနဲ့ ကြက်ဥရှိတယ် အဆင်ပြေသလို ကြည့်ကျက်စားလိုက်တော့ သိလား..."

"ဟင် အင်း...."

ရှင်စော ပခုံးလေးကို လှုပ်နှိုးပြောတော့ ဒီမိုက အိပ်ချင်းမူးတူးဖြင့် အင်းအဲလိုက်ပြီးတော့မှ မျက်စိပွင့်မလားပဲ ရှင်စော၏ လည်ပင်းလေးအား သိုင်းဖက်၍ ရင်ဘတ်ပေါ် ဆွဲချကာ နဖူးလေးအား နမ်းရှိုက်သည်။ရှင်စော ပြုံးရင်းဖြင့် ဒီမို၏ ရင်ဘတ်ပေါ် လက်ထောက်ထားပြီးမှ ဒီမို့၏ နှာခေါင်းချွန်လေးအား ခပ်ဖွဖွလိမ်ဆွဲကာ...

"အိပ်ရာက နိုးရင် ဆွမ်းတော်ကပ်လိုက်ဦးနော်.."

"အင်းပါ...."

အိပ်ချင်မူးတူး ခပ်အစ်အစ်အသံလေးဟာ လပေါင်းများစွာ ကြာခဲ့သည့်တိုင်အောင် ချစ်ချင်စရာ ကောင်းနေဆဲ။ထပ်ခါထပ်ခါ အစကပြန်ပြန်ပြီး ချစ်လိုက်ရတာဆိုတဲ့ ခံစားချက်ကို ပေးစွမ်းနေဆဲ။ရှင်စော တွေးရင်းဖြင့် ဒီမို့၏ နှုတ်ခမ်းလွှာလေးအား ဖြတ်ကနဲ ထိကပ်သည်ဆိုရုံ နမ်းရှိုက်လိုက်ပြီးတော့မှ...

"သွားတော့မယ်နော် အိပ်လိုက်ဦး.."

"အင်း..."

ရှင်စောပြောတော့ ဒီမိုက အင်းဟုသာ မျက်လုံးမပွင့်ပဲ ပြန်ဖြေလေသည်။ဘာသာမတူ ပေမဲ့ နားလည်မှုကို အချစ်ဖြင့် မွမ်းမံလိုက်တော့ သူတို့ကြားမှာ ဘာသာရေးဆိုတာ ပြဿနာကြီး မဟုတ်တော့။မနက်ခင်းဆို ဒီမိုက ဆွမ်းတော်ကူကပ်ဖော် ရသလို ဆန်းဒေးတိုင်းမှာလည်း ဘုရားကျောင်းတက်ဖို့ ရှင်စောက အဖော်ပြုပေးဖြစ်တာပါပဲ။နိဗ္ဗာန်ဘုံကို ဆိုက်ရောက်လိုတာချင်း အတူတူ ရထားဖြင့်သွားသွား ကားဖြင့်သွားသွား သတ်မှတ်ထားတဲ့ ယာဉ်စည်းကမ်းကို လိုက်နာနေသ၍ တစ်ချိန်မှာ လိုရာခရီးကို ရှောရှောရှုရှု ရောက်ကြမှာပဲ မဟုတ်လား။ဘာလို့များ ရထားနဲ့သွားတာ ကောင်းတယ် ကားနဲ့သွားရတာ ကောင်းတယ်လို့ ငြင်းခုန်နေစရာ လိုနေဦးမှာလဲ။

ယခုဆို နှစ်ယောက်စလုံးက အလုပ်ကိုယ်စီနဲ့မလို မျက်နှာချင်းဆိုင်ရတဲ့ အချိန်ဆိုတာ ရှားရှားပါးပါး။ရှင်စောက မနက်ဆို အလုပ်ချိန်မှီဖို့ အိပ်ကနေ ၇နာရီခွဲလောက်ထွက်ရပြီ ညနေပြန်လာချိန်က ည၆နာရီ။ဒီမိုကျတော့ ၆နာရီဆို အိမ်ကထွက်ပြီး ညဖက်ကို ၁၁ကျော် တစ်ခါတလေ ၁၂လောက်မှ ပြန်ရောက်တက်သည်။ဘာလိုလိုဖြင့် သူတို့ရဲ့ အိမ်ထောင်သက်တမ်းဟာ ၆လကျော်ဆိုတဲ့ ကာလကို ချဉ်းနင်း ဝင်ရောက်လာခဲ့ပြီ။ကတောက်ကဆ စိတ်ဆိုးစိတ်ကောက် ရတာမျိုး ဖြစ်ပေမဲ့ နှစ်ယောက်ကြားမှာ ပြဿနာကြီးကြီးမားမား မရှိခဲ့။

ခရီးများအဆုံးထိ...လျှောက်(Complete)Where stories live. Discover now