အပိုင်း ၂၄

19.3K 2.4K 214
                                    

ထိုနေ့ညက အစောက ပအိုဝ့် အခန်းမှာ သွားအိပ်ပြီး နောက်တစ်နေ့ မနက်မှာတော့ တကယ်ကြီးကိုပဲ ပစ္စည်း ပစ္စယတွေ သယ်ထုတ်ကာ ပအိုဝ့်အခန်းသို့ ပြောင်းသွားလေတော့သည်။သူ့ရဲ့ အစောဟာ ပျော့ပျောင်းသယောင်ဖြင့် မာကျောသည်။ကြင်နာသယောင်ဖြင့် ရက်စက်ပြတ်သားသည်။

အဝတ်ပုံးတွေ အိပ်ရာလိပ်တွေ သယ်မရွှေ့နေတာကို ဒီမို နံရံ၌ ကျောမှီထိုင်ကာ ခြေတစ်ဖက်ကိုဆင်း၍ ဒူးတစ်ဖက်ကို ထောင်ထားလျှက် ပုလင်းထောင်ရင်းသာ ထိုင်ကြည့်နေမိတာ မျက်တောင် မခတ်စတမ်း။မသွားပါနဲ့လို့ မတားလိုတာထက် မတားရဲတော့တာ ဖြစ်သည်။နောက်ထပ်များ သူ့ရဲ့ ခံစားချက်တွေ အတင်းအဓမ္မ ဖြစ်လာခဲ့လျှင် ဒီလူသားဟာ သူ့ဆီကနေ အပြီးတိုင် မပျောက်ကွယ် သွားနိုင်ဘူးလို့ အာမမခံနိုင်။

မနက်မိုးလင်းတိုင် ပထမဦးဆုံး ရှာဖွေမိတဲ့ အရိပ်ကလေးဟာ နောက်ထပ် ထပ်မရှိတော့ဘူးဆိုတာ တွေးကြည့်ယုံနဲ့တောင် သူ့မှာကြောက်လွန်းလို့။နီးစပ်ဖို့ မဖြစ်နိုင်ရင်လည်း အဝေးကြီး ဝေးသွားလို့တော့ မဖြစ်ဘူး မဟုတ်လား။မလှမ်းမကမ်း မနီးမဝေးကနေ ငေးရင်းနဲ့ ချစ်နေခွင့်လေးကိုပဲ သူဖြေသိမ့်ရမှာပေါ့။နည်းနည်းတော့ နာကျင်ရတယ် ဆိုပေမဲ့ ငေးကြည့်ရုံလေးနဲ့ သူ့နှလုံးသားတစ်ခုလုံးကို ပျော်ရွှင်စေနိုင်တာက အဲ့ဒီ တစ်စုံတစ်ယောက်ပဲ ဖြစ်နေခဲ့တော့လည်း....

ဒီမိုကသာ တမေ့တမော ငေးနေခဲ့တာ မင်းရှင်စောဆိုတာ အကြည့်တချက်တောင် ဝေ့ဝဲမလာခဲ့။သစ်စိမ်းချိုး ချိုးတာလား မဟုတ်ဘူး အစိမ်းချိုးရင် အမျှင်တန်းမှာ ကြောက်လို့ အချိန်ယူပြီး အခြောက်ခံပြီးမှ ဆတ်ကနဲ ချိုးချသွားတာ သူ့ရဲ့ အစောက...။

ဒီမို ခပ်မဲ့မဲ့ပြုံးကာ တွေးရင်းဖြင့် အရက်ပုလင်းဆီ လက်လှမ်းတော့ မင်းရှင်စောက မျက်မှောင်လေး အနည်းငယ် တွန့်ကာ ဒီမို ရှိရာဖက်သို့ တည့်တည့် ကြည့်ခြင်းရယ်တော့ မဟုတ်ပါပဲ ဝေ့ဝေ့ဝဲဝဲ ကြည့်လာလေသည်။

ဟိုတုန်းထဲက ဒီမိုများ ကိုပြည့်တို့နဲ့ ဝိုင်းဆက်မိရင် မင်းရှင်စောတို့ အဖိုးကြီး တစ်ယောက်လို ပွစိပွစိနဲ့ ဆုံးမသြဝါဒတွေ ခြွေတက်တာ။
ဒီလိုပုံစံတွေကို မင်းရှင်စော မကြိုက်ဘူးလို့ စိတ်က ဖြစ်သွားမိတာနှင့် ပုလင်းဆီ လှမ်းမိသော လက်အား ချက်ခြင်း ပြန်ရုတ်မိသလို လက်ထဲရှိနေသော စီးကရက်ကိုလည်း နံရံ၌ ထိုးချေပြီးသား ဖြစ်သွားသည်။

ခရီးများအဆုံးထိ...လျှောက်(Complete)Where stories live. Discover now