Part 22

478 47 0
                                    

မော်ကွန်းမနက်နိုးလာတော့ ကုတင်ဟိုဖက်စွန်းမှာအိပ်နေတဲ့ကောင်လေးက ညကအတိုင်းပင် ။အိပ်တာငြိမ်လိုက်သည်မှာလည်း အရုပ်ကလေးတစ်ရုပ်ကောက်ချထားသည်ဟုပင်ထင်ရသည်။ သူသွားကြည့်လိုက်တော့ သူ့ဘေးမှာဆုတ်စရာနေရာပင်မရှိတော့။တစ်ချက်လောက်လိမ့်လိုက်လျှင် ပြုတ်ကျတော့မည့်အနေအထားဖြစ်သည်။ထို့ကြောင့်ပင် သူကုတင်အလယ်လောက်ရောက်အောင် ရွှေ့ပေးလိုက်ရင်းစောင်ကိုသေချာခြုံထားပေးလိုက်သည်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသူက နေရာရွှေ့ပေးတာကိုသိဟန်မတူ။မျက်တောင်ရှည်တွေနဲ့ကာရံထားပြီးတော့ နီစွေးစွေးနှုတ်ခမ်းပါးတစ်စုံကိုတင်းတင်းရင်းရင်းစေ့ပြီးအိပ်နေတာ တကယ်ပါ ဒီပြီးပြည့်စုံတဲ့လူသားကိုဖန်ဆင်းတဲ့အခါ ဖန်ဆင်းရှင်ကိုယ်တိုင်ခေါင်းစားခဲ့ရမှာ။

နောက်သူ deli ကိုဖုန်းလှမ်းဆက်လိုက်ရင်းသူတို့နှစ်ယောက်စားဖို့မှာထားရသည်။သူကတော့မုန့်ဟင်းခါးစားချင်လို့ မုန့်ဟင်းခါးမှာလိုက်ပြီး ခွန်းအတွက်ကတော့ ဒင်းဆမ်းနဲ့တစ်ခြားစားလောက်မယ်ထင်တဲ့ဟာတွေပါမှာထားလိုက်သည်။မနေ့ကသူနေမကောင်းတုန်းက ခွန်းသူ့အတွက်တကယ်ပင်ပန်းရှာတာမို့ မနိုးသေးတဲ့သူကိုလည်းမနှိုးရက်။ စားစရာတွေလာပို့မှ အေးသွားမည်စိုး၍ အိပ်ခန်းထဲကိုသွားရသည်။

လှလှပပအိပ်နေသူကတော့ သူနေရာချထားပေးတဲ့အတိုင်းတစ်စက်မှမရွေ့။ဘာမှမလုပ်ပဲ ငြိမ်ငြိမ်လေး ရှိနေတဲ့ကောင်လေးကိုပင် သူအသည်းယားမိပြန်တော့ သူ့စိတ်တွေမူမမှန်ဘူးဆိုတာ သူသေချာသိလိုက်သည်။သို့သော် သူထိန်းချုပ်ချင်မနေပါ။ခွန်းနဲ့ပတ်သက်ရင် အရာအားလုံးကိုသူကြည်ဖြူသည်။လိုလားသည်။ ငရဲဆိုလျှင်တောင် ဆင်းသွားနိုင်လောက်တဲ့အထိ သူ့အခြေအနေက တော်တော်လေးဆိုးနေပြီ။

"ခွန်းရေ ခွန်းထရအောင်"

သူအသာအယာလှုပ်နိုးတော့ ထိုကောင်လေးကဟိုဖက်လှည့်သည်။တကယ့်ကိုအိပ်ရေးပုတ်တဲ့ပုံစံလေး။

"ခွန်းရေ ထရအောင်ကွာ"

"ဟင်း မထချင်သေးဘူး "

"မဆိုးနဲ့ကွာ ခွန်းကလိမ္မာတယ်ဟုတ် လာပါထရအောင်"

ထိုကောင်လေးအင်းအဲတောင် အသံထွက်မလာတော့။သူ့ကိုလျစ်လျူရှုသွားလေပြီ။ထို့ကြောင့်ပင် သူလက်နဲ့ဂျိုင်းအောက်လျှိုဝင်ပြီိးဆွဲထူလိုက်တော့ ထလာသည်။ မျက်လုံးကားမဖွင့်။ ဒါတောင်သူပွေ့ထားတဲ့လက်ကိုမှီပြီးရအောင်အိပ်နေသေးသည်။

ID-entity (Completed)Where stories live. Discover now