Chapter 3

990 158 9
                                    

[Unicode]
အခန်း ၃ လမ်းခွဲကြရအောင်

ကျီယန်နောက်ကို လိုက်နေသည့်တစ်လျှောက် လုယိချန်ခေါင်းထဲ အတွေးများဖြင့် ရှုပ်ထွေးလို့နေသည်။ အကြောင်းမှာတော့ ထိုဖိနပ်များသည် ကျိုးခယ်ပြောခဲ့သလိုပဲ အတုတွေဖြစ်နေခြင်းကြောင့်ပင်။

သူ ကျီယန်အတွက် တကယ်ကို ဖိနပ်အတုတွေ ဝယ်ပေးခဲ့ခြင်းဖြစ်သည်။

နေ့လည်ခင်းနေအပူချိန်က အတော်လေးပူပြင်းပေမယ့်လို့ လုယိချန်ကတော့ တတ်နိုင်သမျှအမြန်ဆုံးနှုန်းဖြင့် ပြေးလိုက်နေဆဲဖြစ်ကာ သူ့ဆံပင်နှင့်အင်္ကျီတို့ဆိုလျှင် ချွေးများဖြင့် ရွှဲဆိုနေပြီဖြစ်သော်လည်း သူ့နှလုံးသားမှာတော့ အေးခဲလို့နေသည်။

အစောပိုင်းက မြင်တွေ့ခဲ့ရသည့် ကျီယန်၏အေးစက်လှသည့် အကြည့်စူးစူးတို့ကို သူ့စိတ်ထဲ ထပ်ခါတလဲလဲ ပြန်မြင်ယောင်နေမိသောကြောင့် ပြင်ပမှ ပူပြင်းလှသည့်အပူချိန်ကိုပင် မခံစားနိုင်ခဲ့ပေ။

ထိုလူသားလေးကို အမှီလိုက်နိုင်ဖို့ သူအချိန်ဘယ်လောက်တောင် ယူလိုက်ရလဲတောင် မသိတော့ပေ။

နောက်ဆုံးတွင်တော့ ကျီယန်၏ပိန်ပါးလှသည့် သွင်ပြင်လေးသည် လူသွားလမ်းပေါ်တွင် မမြင်ရနိုင်သည့် လေးလံလှသော တစ်စုံတစ်ရာကို သယ်ပိုးထားရသူပမာ တရွေ့ရွေ့ လျှောက်လှမ်းနေသည်အား တွေ့လိုက်ရသည်။

လုယိချန်၏နှလုံးသားတစ်ခုလုံး တင်းကြပ်လို့သွားရကာ အမှီလိုက်သွားပြီး တစ်ဖက်လူ၏နာမည်ကို အမောတကောနှင့်လှမ်းခေါ်လိုက်သည်။
"ယန်ကော..."

ထိုအချိန်မတိုင်ခင်အထိ ကျီယန်တစ်ယောက် အသိစိတ်တို့လွတ်နေခဲ့သည်။ အခုချိန်မှာတော့ အသာအယာပြန်လှည့်ကြည့်လာကာ မျက်မှောင်ကြုတ်လိုက်ရင်း "မင်း ဒီကိုဘာလုပ်ဖို့ လိုက်လာတာလဲ?"

"ယန်ကော၊ အကို.... ဒေါသထွက်နေတာလား?"
လုယိချန် ထိုမေးခွန်းကို မေးနေစဉ်အတွင်း ကျီယန်၏အမူအရာတစ်ခုခြင်းစီကို သတိထားကြည့်နေခဲ့သည်။

သို့သော် ကျီယန်ကတော့ ဒေါသထွက်တာရော ပျော်တာပါ မည်သို့သော အမူအရာကိုမှ ပြန်မလာခဲ့ပေ။

"မဟုတ်တာ၊ ငါက ဘာအတွက်များစိတ်ဆိုးရမှာလဲ?" ကျီယန် ပြုံးလိုက်ရင်း အောက်သို့ ဒူးကွေးလိုက်သည်။

လုယိချန်ကတော့ တစ်ဖက်မှအဖြေကိုကြားသည်နှင့် စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်ပြီး ချက်ချင်းပင် ကလေးဆန်ဆန်အပြုံးလေးထွက်ပေါ်လာခဲ့သည်။ "ယန်ကော စိတ်မဆိုးနေဘူးဆိုတော့ ကောင်းတာပေါ့၊ ဖိနပ်ကိစ္စက တကယ်တော့...." ကျီယန် အောက်ငုံ့ကာ ဖိနပ်တွေကို ချွတ်နေတာမြင်ပြီး လုယိချန်၏အသံက တဖြည်းဖြည်းပြန်လည်တိုးဝင်သွားခဲ့သည်။

ကျီယန် ဖိနပ်တွေကို ချွတ်လိုက်ပြီးနောက် ဖြည်းဖြည်းချင်းပြန်ထလာခဲ့သည်။ ထို့နောက်မှာတော့ လုယိချန်ထံသို့ ထိုဖိနပ်များကို ထိုးပေးလိုက်ကာ ပြုံးလိုက်ရင်း၊ "မင်းသိလား? ဒါ ငါ့ဘဝမှာ ပထမဆုံးအကြိမ် ဖိနပ်အတုကို စီးဖူးတာပဲ။"

လုယိချန်မှာတော့ ဆွံ့အစွာဖိနပ်တွေကို ကိုင်ထားရင်း ကျီယန် အပြုံးမပျက် ပြန်လှည့်ထွက်သွားသည်ကို ကြည့်နေမိသည်။ ကျီယန်ကတော့ ခြေဗလာဖြစ်သွားတာတောင်မှ လမ်းကိုဆက်လျှောက်နေကာ ခါးကိုမတ်ပြီး ဘယ်လိုမသက်မသာဖြစ်မှုကိုမျှ ထုတ်ဖော်ပြခြင်းမရှိပေ။

ကျီယန် ဒေါသထွက်နေလေပြီ။ သူဘယ်လောက်ပဲ ပြုံးပြနေနေ သေချာပေါက် ဒေါသထွက်နေပေပြီ။

လုယိချန်လည်း ကျီယန်၏လက်ကို အမြန်လှမ်းဆွဲကာ တစ်ဖက်လူကို ဆွဲထားဖို့ကြံလိုက်ပေမည့် ချက်ချင်းတွန်းထုတ်ခံလိုက်ရသည်။

"ယန်ကော၊ ဖိနပ်စီးလိုက်ပါဦး၊ မြေပြင်က အရမ်းမာတယ်၊ အကို ထိခိုက်မိလိမ့်မယ်!"

"ငါ ဖိနပ်အတုတွေကို မစီးဘူး။" ကျီယန် ပြန်ပြောလိုက်ပြီးနောက် သူ့လမ်းသူ ဆက်လျှောက်လို့သွားသည်။

လုယိချန် ကျီယန်၏ခြေထောက်တွေကို စိုက်ကြည့်နေမိသည်။ ယန်ကော၏ခြေဖဝါးလေးများသည် အလွန်ကြည့်လို့ကောင်းကာ သူသည်လည်း ထိုခြေချောင်းလေးများကို လက်ဖြင့်ကစားရသည်အား နှစ်သက်သည်။ ကျီယန်၏ခြေထောက်များသည်လည်း လှပကာ ချောမွတ်ဖြောင့်တန်းပြီး သူတို့တွေ ပြင်းထန်သည့်လေ့ကျင့်ခန်းများ လုပ်ပြီးသွားချိန်ဆိုလျှင် အပြာရောင်သွေးကြောလေးများကိုပင် ထင်ထင်ရှားရှားမြင်နိုင်ပေသည်။
ထိုအကြောင်းတွေးမိလိုက်သည်နှင့် လုယိချန်၏အကြည့်တို့က အနည်းငယ်ရီဝေလို့သွားသည်။ သူရှေ့ကို အမြန်ပြန်လျှောက်သွားပြီး ကျီယန်ကိုနောက်ကနေ ပွေ့ဖက်လိုက်ကာ ကျီယန်၏ပုခုံးကြားခေါင်းအပ်လို့ အနည်းငယ်ပွတ်သပ်ရင်း နူးညံ့ညင်သာသည့်လေသံဖျော့ဖျော့ဖြင့် ပြောလိုက်သည်။
"ယန်ကော၊ ကျွန်တော်မှားသွားပါတယ်။"

ကျီယန်နှင့်စကားများပြီးတိုင်း ဒီလိုနည်းလမ်းကိုသာ သုံးပြီး လုယိချန်ချော့ခဲ့ကာ အကြိမ်တိုင်းအသုံးဝင်ခဲ့သည်။ သို့သော်လည်း ဤတစ်ကြိမ်မှာတော့ဖြင့် မတူတော့ပေ။

ထိုဖြူစင်ကာအပြစ်ကင်းသည့်အကြည့်များက ကျီယန်၏နှလုံးသားကို အနည်းငယ်လှုတ်ခတ်လို့သွားစေသော်လည်း လုယိချန်၏လက်များကို တွန်းထုတ်ကာ ဖိနပ်ကိုကန်ထုတ်လိုက်ဆဲပင်။ ထို့နောက် နောက်သို့ ခြေနှစ်လှမ်းဆုတ်သွားကာ၊ "ငါပြောနေတယ်လေ၊ ဒါတွေကို မဝတ်နိုင်ဘူးလို့.."
ကျီယန်ပြန်လှည့်သွားကာ သက်ပြင်းဖွဖွချမိသည်။ လုယိချန်က ခွေးပေါက်လေးနှင့်တူသော်လည်း တခြားလူတွေရဲ့ခွေးပေါက်လေးတွေကျ ဖြူလုံးလုံးနှင့်နို့ခဲလေးတွေနဲ့တူပြီး သူကျတော့ ဘာလို့များ မိုက်မဲနေရတာလဲ? ဆန်ကုန်မြေလေးအမှိုက်ကောင်နဲ့တောင် ပိုတူသေးတယ်!

လုယိချန်တစ်ယောက် ခေါင်းငုံ့လို့နေကာ အပြစ်ရှိသည့်အမူအရာမျိုးဖြစ်နေသည်။ ဒီတစ်ကြိမ်တော့ ယန်ကောတကယ်စိတ်ဆိုးသွားပြီမှန်း သူသိလိုက်ပေပြီ။ ထိုတခဏတွင်းချင်းမှာပဲ ဆုံးရှုံးမှုကြီးတစ်ရပ်ကို သူခံစားလိုက်ရသည်။

ကျီယန်သည်တော့ သူ့လမ်းသူဆက်လျှောက်လို့သွားသည်။ ကံကောင်းစွာဖြင့် သူ့ခြေထောက်အောက်ကလမ်းမှာ သာမာန်ကတ္တရာလမ်းကြမ်းမျိုးမဟုတ်ဘဲ သဲမြေများသောလမ်းဖြစ်နေသည်။ မဟုတ်ပါက သူ့ရဲ့သနားစရာခြေထောက်လေးတွေ အခုဆိုကင်ပြီးသာဖြစ်နေလောက်ပေပြီ။

ဒီလိုခေါင်းမာနေတာက နာကျင်မှုဒဏ်ကို ကျီယန်မကြောက်တာကြောင့် မဟုတ်ဘဲ လမ်းပေါ်က အပူချိန်နှင့် ကျောက်တုံးမာကြီးများကြောင့် ထိခိုက်မိသည့်နာကျင်မှုမှာ သူ့ရင်ထဲတွင် လက်ရှိခံစားနေရသည့် နာကျင်မှုကို မယှဉ်နိုင်ခြင်းကြောင့်သာဖြစ်သည်။

သူ သက်ပြင်းရှည်တစ်ချက်သာ ချလိုက်သည်။ သူထိုဖိနပ်တွေကိုသာ ဆက်စီးနေမယ်ဆိုရင် အရှက်ရမှုနှင့် ကသိကအောက်ဖြစ်ခြင်းကိုသာ ခံစားနေရပေလိမ့်မည်။

ရှားကျီနျန်က ဘရန်းအစစ်ကို ဝတ်ထားချိန် သူကတော့ အတုကို ဝတ်ထားရသည်။ ထိုဖိနပ်နှစ်ရံလုံးကလည်း လူတစ်ဦးတည်းမှသာ လက်ဆောင်ပေးထားခြင်းဖြစ်နေပြန်သည်။

ဘာမှထုတ်မပြောနေဘဲတောင်မှ နောက်ကွယ်ကဆိုလိုရင်းအမှန်ကို နားလည်နိုင်ကာ ကျီယန်သည်လည်း နှလုံးသားထဲကနေ သိနားလည်နေပြီဖြစ်သည်။

သူဘာအတွက်ကြောင့်နှင့် ထိုတူညီသည့်ဖိနပ်မျိုးကိုပဲ လုယိချန်ကို ဝယ်ခိုင်းခဲ့ရတာလဲ?

သူသဝန်တိုလို့ပဲ၊ မလုံခြုံမှုကိုခံစားရတဲ့အတွက် သံသယတွေကို ဖြေဖျောက်နိုင်စေရန်ဖြစ်သည်။

လွန်ခဲ့တဲ့၂နှစ် ထိုအချိန်တုန်းက ရှားကျီနျန်သာ ပညာတော်သင်မသွားခဲ့လျှင် ဘယ်လိုလုပ်ပြီး လုယိချန်က အခုလို သူ့ဘေးနားမှာရှိနေမှာတဲ့လဲ?

သူ့ရဲ့ယုံကြည်ချက်တွေက ယိမ်းယိုင်လာပြီမှန်း ခံစားမိခဲ့သည်။ ကျီယန် ဘယ်တုန်းကမှ သူ့ကိုယ်သူ တခြားတစ်ယောက်ထက် နိမ့်ကျသည်ဟု မတွေးခဲ့ဖူးပေ။ မိန်းကလေးတစ်ယောက်ကသာ သူ့ပုံစံကို ဖော်ပြလာမယ်ဆို ချောမောကာ ချမ်းသာသည်ဟူ၍ဖြစ်မည်။ ဒါ့အပြင် သူသည် အသက်၂၀ကျော်မှာတင် အချက်အပြုတ်ဆိုရာ နိုင်ငံတကာဆုများစွာကို ရရှိပိုင်ဆိုင်ထားပြီးဖြစ်ကာ ထိုအောင်မြင်မှုများနှင့်ဆိုလျှင် သူနှင့်သက်တူရွယ်တူများကြားတွင် ထူးချွန်သည်ဟု သတ်မှတ်၍ရနေပေပြီ။

ဒါကလည်း ရှားကျီနျန်နှင့် မတွေ့မိခင်အထိပေါ့၊ သူနှင့်တွေ့ပြီးနောက်မှာတော့ အရာရာတိုင်း ပြောင်းလဲသွားခဲ့သည်။
ရှားကျီနျန်သည် သူ့ထက်ပိုငယ်ကာ ပိုလည်းကြည့်လို့ကောင်းပြီး အဆင့်အတန်းမြင့်ကာ တင့်တယ်သူဖြစ်သည်။ သူ့ပညာအရည်အချင်းသည်လည်း မြင့်မားကာ ဂီတနှင့်ဆိုင်သည့် ဆုများစွာကို ပိုင်ဆိုင်ထားသည်။ သူ့အနေနှင့် ကျီယန်ကို သိမ်ငယ်စိတ်ဝင်စေရုံလောက်သာ လုပ်နိုင်ပေသည်။
ပြောရလျှင် သူ့မိသားစုသည် အခြေအနေကောင်းသော်လည်း ရှားကျီနျန်တို့လောက်တော့ မြင့်မားခြင်းမရှိပေ။ ဒါ့အပြင် သူသည် အဖေတစ်ယောက်တည်းရှိသည့် မိသားစုမှဖြစ်ကာ ထိုအဖေတစ်ယောက်တည်းကပဲ သူ့ကို ပြုစုပျိုးထောင်လာပေးခဲ့တာကြောင့် ထူးထူးခြားခြားပြောစရာဟူ၍မရှိပေ။

သို့သော်လည်း တကယ်တမ်း သူ့ကို နိမ့်ကျသည်ဟု ခံစားမိစေသည့်အချက်ကတော့ လုယိချန်က သူ့ကိုကျော်ပြီး ရှားကျီနျန်ကိုသာ ရွေးချယ်သွားနိုင်ချေ အလွန်များနေသောကြောင့်ဖြစ်သည်။

ဒါကပဲ ရှားကျီနျန်ပြန်ရောက်လာသည်နှင့် သူမယှဉ်နိုင်တော့သလို ခံစားမိနေရခြင်းဖြစ်သည်။

ဒါကြောင့်ပဲ သူပြန်လည်သင့်မြတ်ရန် ဆန္ဒမရှိခဲ့ခြင်းဖြစ်သည်။ လုယိချန်က သူ့ကိုသာ ချစ်ပြီး သူ့ကိုသာ စွဲလမ်းပြီး သူ့ကိုသာ အလိုလိုက်စေချင်မိသည်။

ရှားကျီနျန်ကို မေ့ပစ်ပြီး လုယိချန်၏နှလုံးသားထဲကနေပါ ဖျောက်ဖျက်ပစ်ချင်မိသည်။ သို့မှသာ သူထပ်ပြီး တုန်လှုပ်နေစရာမလိုတော့မှာဖြစ်သည်။

ထိုအကြောင်းပြချက်ကြောင့်ပဲ သူ ထိုဖိနပ်တွေကိုဝယ်ပေးဖို့ပြောခဲ့ကာ ရှားကျီနျန်ထက်တောင် ပိုကောင်းသည့် ဖိနပ်တစ်ရံကို လုယိချန်ပေးလာဖို့ မျှော်လင့်ခဲ့သည်။

သို့သော်လည်း လုယိချန်တွင် ငွေမရှိမှန်းသိနေတာကြောင့် ပိုဈေးကြီးသည့်ဖိနပ်ဝယ်ပေးဖို့ မပြောခဲ့ဘဲ တူညီသည့်ဖိနပ်ကိုသာ တောင်းခဲ့သည်။

ဒါပေမယ့် အဆုံးသတ်ကျတော့ တူညီသည့်ဖိနပ်မဆိုထားနှင့် လုယိချန်က သူ့ကို အတုတစ်ရံသာ ပေးလာခဲ့ပေသည်။

ကွာခြားချက်မှာ ကြီးမားလွန်းလှတာကြောင့် ကျီယန်၏ရင်ထဲမှာ ဒေါသတရားတွေ ဆူပွက်လာကာ ပေါက်ကွဲပစ်လိုက်ချင်ပေမည့် ပေါက်ကွဲဖို့နည်းလမ်းကလဲ မရှိပေ။

သူ့ရင်ထဲက ခံစားချက်တွေအားလုံးကို လုယိချန်ကြားအောင် အော်ဟစ်ပစ်လိုက်ချင်သော်လည်း နောက်ဆုံး အချည်းအနှီးသာဖြစ်သွားမည်မှန်းလည်း သိနေခဲ့သည်။

လုယိချန်မှာ ဖိနပ်တစ်ရံကို ကိုင်ထားရင်း ကျီယန်နောက်ကို ပြေးလိုက်လာပြန်ကာ တောင်းပန်လိုက်သည်။ "ယန်ကော၊ ကျွန်တော်ပြောတာလေး နားထောင်ပေးပါဦး၊ ကျွန်တော် အားလုံးရှင်းပြပါ့မယ်။"

"ဟုတ်ပြီလေ၊ ရှင်းပြကြည့်ပါဦး။" ကျီယန် လမ်းလျှောက်မပြတ် တည်ငြိမ်သည့်လေသံဖြင့် ပြန်ပြောလိုက်သည်။

သူက ဒီလောက်ရှင်းပြချင်နေမှတော့ ရှင်းပြခွင့်ပေးရမှာပေါ့။ လုယိချန်၏ရှင်းပြချက်ကို နားထောင်ပြီးနောက် သူရှေ့ဆက်ဘာလုပ်ရမလဲဆိုတာကို တွေးမိလာနိုင်သည်။

"ကျွန်-ကျွန်တော့်မှာ အကို့ကို ဘရန်းအစစ်ဝယ်ပေးဖို့ ပိုက်ဆံမရှိဘူး၊ အကိုလည်း ကျွန်တော့်မှာ ပိုက်ဆံမရှိမှန်းသိတာပဲ၊ ဒါကြောင့် အရင်ဆုံး... အတုဝယ်ပေးထားမယ်ဆိုပြီး.. တွေးလိုက်မိတာ..." လုယိချန်၏ခေါင်းက ပိုတောင်ငုံ့သွားကာ ဗလုံးဗထွေးနှင့် ဆက်ပြောလာသည်။ "ကျွန်တော် ပိုက်ဆံအလုံအလောက်စုမိတဲ့အထိ စောင့်ပေးပါ။ အကို့အတွက် တကယ်ဝယ်ပေးမှာ.. ဒီနေ့ အလုပ်စဆင်းဖို့အတွက် အလုပ်တောင်ရှာပြီးသွားပြီ၊ ဒါကြောင့်ပဲ ကျွန်တော်အိမ်ပြန်နောက်ကျမယ်လို့ ပြောခဲ့တာ။"
"ကောင်းပြီ၊ ငါနားလည်ပြီ။" ကျီယန် မျက်လွှာချလိုက်သည်၊ "ငါ့ကို ဒီဖိနပ်အတုတွေဆက်ဝတ်ဖို့တော့ မတိုက်တွန်းတော့နဲ့။ မင်းတိတ်တိတ်လေးနေတာ ကောင်းမယ်။"

"ယန်ကော...."

ကျီယန်လည်း လုယိချန်ကို လျစ်လျူရှုကာ သူနှင့်စကားဆက်ပြောမနေတော့ပေ။

လောလောဆယ် လုယိချန်၏ရှင်းပြချက်မှန်ကန်ကြောင်း သူယုံကြည်ပြီဖြစ်သော်လည်း ခွင့်လွှတ်ပေးနိုင်ခြင်းတော့ မရှိသေးပေ။

သူတောင်းပန်လိုက်ပြီဆိုတာနဲ့ အားလုံးအဆင်ပြေသွားရောလား? တစ်ယောက်ယောက်က တောင်းပန်စကားပြောလိုက်ရုံနဲ့ မင်းဘက်က တန်းပြီးခွင့်လွှတ်ပေးလိုက်ရောလား? တောင်းပန်စကားနဲ့တင် လုံလောက်ပြီပေါ့?

ကုန်လွန်ခဲ့သည့်၃နှစ်တာအတွင်း လုယိချန်၏EQက နည်းနည်းလေးတောင်မှ တိုးတက်မလာခဲ့ဘူး။

သူ့အတွက် ဖိနပ်ဝယ်ပေးနေတုန်းက ထိုဖိနပ်တွေက သူ့အတွက် ဘယ်လိုအဓိပ္ပါယ်မျိုးရှိလဲဆိုတာ မစဉ်းစားကြည့်နိုင်ဘူးလား? သူ့အတွက် နည်းနည်းလေးတောင် ပိုမတွေးပေးနိုင်ဘူးလား? ဒီလိုအနေအထားမျိုးက ဘယ်လိုအရှက်ကွဲမှုတွေ သယ်ဆောင်လာနိုင်မလဲဆိုတာရော မတွေးခဲ့မိဘူးလား?
ကျီယန် အတော်လေးစိတ်ကုန်သွားသည်။ သူ့ကိုယ်သူ လုယိချန်ကို ကြီးပြင်းလာအောင် ပိုတွေးတတ်လာအောင် သင်ကြားပေးနိုင်သည်ဟု ထင်ခဲ့သော်လည်း အခုတော့ ကြည့်ရတာ အရာမထင်ခဲ့ပုံပင်။

လမ်းဖြတ်ကူးလိုက်ပြီးနောက် ကျီယန် လမ်းတစ်လျှောက် ဖြတ်သွားဖြတ်လာတချို့၏ ထူးထူးဆန်းဆန်းအကြည့်များကို လျစ်လျူရှုရင်း ဖိနပ်ဆိုင်တစ်ခုထဲသို့ ဝင်သွားလိုက်သည်။

သူတို့ကိုမြင်လိုက်ရသည်နှင့် ဖိနပ်ဆိုင်ပိုင်ရှင်၏အကြည့်များတွင် အထူးအဆန်းဖြစ်သွားသည့် အရိပ်အယောင်တချို့ ဖြတ်ပြေးသွားပေမည့် သိပ်မကြာလိုက်ဘဲ ပြန်ထိန်းကာ အပြုံးလေးဖြင့် ယဉ်ကျေးပျူငှာစွာ ကြိုဆိုလာသည်။

ကျီယန်လည်း သူနှင့်အလွန်လိုက်ဖက်ကာ စီးရသက်တောင့်သက်သာဖြစ်သည့် ယွမ်၅ထောင်တန် ဖိနပ်တစ်ရံကို ရွေးယူလိုက်သည်။

"ဒါနဲ့ ကြည့်ကောင်းလား?" ကျီယန် ခေါင်းမော့လိုက်ကာ အလွန်တရာစိတ်ဖိစီးနေပုံပေါ်သည့် လုယိချန်ကို မေးလိုက်သည်။

"ဒါကြောင့် အကိုနဲ့ အရမ်းကြည့်ကောင်းတယ်။"


လုယိချန်၏လည်ချောင်းထဲ တင်းကြပ်လို့သွားကာ မျက်နှာသည်လည်း ကိုးရိုးကားယားအခြေအနေကြောင့် ဖြူဖျော့လာခဲ့သည်။ သူတကယ်ကို ကသိကအောက်ဖြစ်နေရသည်။

သူ့မှာ တကယ်ကိုငွေသိပ်မရှိတာပင်။ အခုဆို သူ့လက်ထဲယွမ်၁ထောင်တောင်မှ မရှိပေ။

ကျီယန်က ဒီလိုရလဒ်မျိုးထွက်လာမည်မှန်း သိနေဟန်ဖြင့် သူ့ကို မျက်ခုံးပင့်ကာ ကြည့်လိုက်သည်။ ထို့နောက် သူ့ကိုယ်ပိုင်ကဒ်ကိုထုတ်ကာ သူ့အတွက်သူပဲ ဝယ်လိုက်သည်။ ဒါက ဤသုံးနှစ်တာအတွင်း ဈေးကြီးသည့်ပစ္စည်းတစ်ခုကို ပထမဆုံးအကြိမ်ဝယ်ခဲ့ခြင်းပင်။

လုယိချန်ကိုထောက်ထားသည့်အနေနှင့် သူ့အဖေဆီက ထွက်လာကာ မိသားစုနှင့် အဆက်အသွယ်ဖြတ်ခဲ့သည်။

သူတို့အတူနေနိုင်ဖို့ရန်အတွက် ကြယ်ငါးပွင့်ဟိုတယ်တစ်ခုမှ အလုပ်ကမ်းလှမ်းစာကို လက်လျှော့ခဲ့ပြီး အတော်အသင့်လည်ပတ်နိုင်သည့် ဆိုင်ငယ်လေးတစ်ဆိုင်ကိုသာ ဖွင့်ခဲ့သည်။

ဒါ့အပြင် မြို့ပြင်မှ အိမ်အသေးလေးတွင်နေကာ ခြိုးခြံချွေတာသည့်ဘဝဖြင့်နေရသည်ကိုလည်း စိတ်ထဲမထားခဲ့ပေ။

အခုမှပြန်စဉ်းစားကြည့်မိတော့ သူ့ကိုယ်သူ မိုက်မဲလိုက်တာဟု မတွေးမိဘဲ မနေနိုင်တော့ပေ။ အချစ်အတွက်နဲ့ ကိုယ့်အလုပ်အကိုင်ကိုပါ စွန့်ပစ်မှတော့ ရူးမိုက်နေတာပဲပေါ့။
အပြန်လမ်းတွင် နှစ်ယောက်စလုံး တိတ်ဆိတ်နေခဲ့သည်။

အတော်ကြာပြီးနောက်မှာတော့ လုယိချန်ဘက်ကအရင် ခပ်တိုးတိုးစပြောလာခဲ့သည်။ "ယန်...ယန်ကော၊ အနာဂါတ်မှာ ကျွန်တော် အကိုလိုချင်တဲ့ဘဝမျိုးရအောင် ထားပေးပါ့မယ်။"

"မင်းက ဖိနပ်တစ်ရံဝယ်ဖို့တောင် မတတ်နိုင်တာ၊ ဘယ်လိုဘဝအကြောင်းမျိုးကို မင်းပြောနေတာလဲ?" ကျီယန် လမ်းလျှောက်နေရာမှ ရပ်လိုက်ကာ လုယိချန်ကို တည့်တည့်စိုက်ကြည့်ပြီး ပြောလိုက်သည်။
လုယိချန်ကတော့ ဘာမှထပ်မပြောနိုင်တော့ပဲ မျက်နှာတစ်ခုလုံး ဖြူဖျော့နေကာ မျက်လုံးထဲတွင်တော့ ဝမ်းနည်းရိပ်များပြည့်လို့နေပြီး တစ်ချက်ထိလိုက်ရုံနှင့် ကွဲကြေသွားမတတ် နုနယ်နေဟန်ပေါ်နေသည်။

သူ့စကားတွေက လုယိချန်ကို အထိနာသွားစေမှန်း ကျီယန်လည်း သိသည်။

တကယ်တော့ သူလည်း အခုလိုမျိုး လုယိချန်ကို ထိခိုက်စေလိုခြင်း ဘယ်တုန်းကမှမရှိခဲ့ပေ။ လုယိချန် မျက်နှာပျက်နေမည့်ပုံစံကိုပင် သူမမြင်လိုခဲ့ပေ။

သူတကယ်လိုချင်ခဲ့သည်က လုယိချန်ကို ရင်ခွင်ထဲပွေ့ဖက်ပြီး ချစ်နေပေးဖို့သာ။

ဒါပေမယ့် ဒီတစ်ကြိမ်တော့ သူမလုပ်နိုင်ဘူး။

ဒီနှစ်တွေအတွင်း နာကျင်ခံစားခဲ့ရမှုများသည် ပြန်လည်ကောင်းမွန်ဖို့ ခက်ခဲလှသည်။

"မင်းသိလား?" ကျီယန်ပြောလိုက်သည်။ "ငါတို့ ပထမဆုံးအတူနေတဲ့ညတုန်းက မင်း ရှားကျီနျန်ရဲ့နာမည်ကို ခေါ်ခဲ့တာ.."

လုယိချန်၏မျက်လုံးများသည် အံ့ဩထိတ်လန့်မှုကြောင့် ပြူးကျယ်သွားခဲ့သည်။

ကျီယန် : "ငါ ဒါကို သုံးနှစ်လုံး ရင်ထဲသိမ်းထားခဲ့တာ။"

"ယန်ကော၊ ကျွန်တော် မသိလိုက်ဘူး။ အဲ့ညက သောက်တာ အရမ်းများသွားတော့ စိတ်လွတ်သွားပြီး ဘာမှမသိခဲ့ဘူး။" လုယိချန် ပြောရင်း အလျင်စလို ကျီယန်ကို ဆွဲဖတ်ဖို့လုပ်လိုက်ပေမည့် အတွန်းခံလိုက်ရာကာ : "ငါတို့လမ်းခွဲကြရအောင်၊ ဒီတစ်ခါ အဆုံးသတ်ပဲ။"

Warm Water (MM Translation) Completed Donde viven las historias. Descúbrelo ahora