"ဂျောင်ဂု...မကြာခင် ဒီဇင်ဘာကျရင်လေ ပထမဆုံးနှင်းကျတဲ့ရက်ကို မဖြစ်မနေ အတူတူလျှောက်လည်ကြမယ် နော်..."
ဆိုင်ထဲမှာ လူရှင်းတုန်း အနားယူနေကြစဉ် ဖုန်းကိုကြည့်ရင်း ပြောလာသည့် ထယ်ယောင်းကြောင့်..
"ဘာလို့ မဖြစ်မနေလဲ..?ပထမဆုံး နှင်းကျတဲ့နေ့က ထူးခြားတာမျိုးလား.."
"ဟုတ်သားပဲ...မင်းက ဗန်ပိုင်းယားဆိုတော့ သာမာန် ချစ်သူတွေလုပ်လေ့လုပ်ထရှိတဲ့ အကျင့်တွေကို နားလည်မှာမဟုတ်ဘူးပဲ....ငါပြောပြမယ်...ပထမဆုံးနှင်းကျတဲ့နေ့မှာ ကိုယ့်ချစ်သူနဲ့တူတူရှိနေပြီး ဆုတောင်းရင် တစ်သက်လုံးပေါင်းဖက်ခွင့်ရတယ်တဲ့...ပြီးတော့ ဟိုးအရင်တည်းက ငါ့မှာချစ်သူရှိလာရင် အဲ့နည်းကိုလုပ်ဖို့ ငါတွေးထားခဲ့တာ..."
ထယ်ယောင်းရဲ့ တက်ကြွနေတဲ့စကားမှာ ဂျောင်ဂုဟာ ငေးငေးငိုင်ငိုင်....
အဲ့ဒီလိုဖြစ်လာနိုင်ပါ့မလားတောင် မသိတော့ဘူး။
ကျွန်တော်က မကြာခင်ထွက်သွားရတော့မယ့်သူမို့လေ။"အဲ့ဒါတွေက ဒီအတိုင်းလျှောက်ပြောနေကြတဲ့စကားတွေပါ...ဖူးစာပါရင်ပေါင်းဖက်နိုင်တာပဲကို...သက်သက်မဲ့ပထမဆုံးနှင်းကျတာကို ခုတုံးလုပ်နေကြတာ...နှင်းက ဘယ်နေ့ကျမလဲခန့်မှန်းလို့မရနိုင်သလို လူတွေရဲ့ ကံကြမ္မာဆိုတာလည်း ကြိုတင်ခန့်မှန်းလို့မရနိုင်ဘူး..."
မိမိစကားကို မထောက်ခံသည့်အပြင်ဆန့်ကျင်ဘက်ကနေ အကန်တွေချည်းပဲပြောနေသည့် ဂျောင်ဂုအား ထယ်ယောင်းလက်ပိုက်ကာ ဘုကြည့်ကြည့်လိုက်ပြီး..
"မင်းလည်း မသိမသာနဲ့ အမြင်စောင်းတက်တယ်နော်.."
"ဘာကိုလဲ..?"
"ငါက ဒါကဒီလိုရှိပါတယ်ဆိုပြီးပြောပြရင် ဒီအတိုင်းလေး နားထောင်ပြီး အလိုက်သင့်လေး လက်ခံပေးလို့မရဘူးလား...မဖြစ်မနေ ဒီလိုမျိုး ဆန့်ကျင်ဘက်ကိုရွေးပြောမှ ဖြစ်မှာလား..?"
"မင်းကို ရွဲ့နေတယ် ထင်တာလား..?ငါက တမင် ကန့်လန့်ပြောတာမဟုတ်ပဲ ဖြစ်သင့်တာကို တွေးမိလို့ ထုတ်ပြောမိတာပါ.."
"ဒါတော့ဒါပေါ့...ဒါပေမယ့်လည်း ငါက မင်းရဲ့ဘာလဲ..?"
သူ့ရင်ဘတ်သူပုတ်ပြပြီး အတည်ပေါက်နဲ့မေးလာတာမို့ ဂျောင်ဂုပင်လန့်သွားရသည်...။