Episode 2

1.3K 109 0
                                    

စာမေးပွဲရက်အတွင်း ဆေးရုံနှင့်တိုက်ခန်းပြေးနေရ၍ green cross သို့မသွားဖြစ်ပါ။ဆရာဂျေမီက မလာလည်းဖြစ်တယ် ဟုပြောပါသည်။သူ့တပည့်တစ်ယောက်ကို အကူအညီတောင်းထားပါသည်တဲ့။ကျွန်မတို့ သူငယ်ချင်းတစ်ဖွဲ့ စာစုလုပ်ကြရသည်။တစ်ချို့ရက်တွေ ကျွန်မတိုက်ခန်းမှာ၊တစ်ခါတလေကျတော့ ဆေးရုံနားနေခန်းထဲမှာဝိုင်းဖွဲ့ပြီး ဆွေးနွေးဖလှယ်ကြသည်။အခန်းမှာပင် မိုးလင်းသွားပြီး မနက်မှ ကိုယ့်အိမ်ကိုယ်ပြန်၍အိပ်ကြရသည့်ရက်များလည်း ရှိပါသည်။အခက်ဆုံးအပိုင်းဖြစ်သည့် အင်တာဗျူးကိုတော့ စိတ်မလှုပ်ရှားဘဲ တည်ငြိမ်စွာဖြေနိုင်ခဲ့လေသည်။အောင်စာရင်းထွက်ချိန်တွင်ကျွန်မအိပ်ပျော်နေဆဲဖြစ်သည်။ကျွန်မတို့အဖွဲ့ထဲမှ သူငယ်ချင်း ဒါလီနိုင်သည် ကျွန်မဆီရောက်လာပြီး တစ်ဖွဲ့လုံးအောင်ကြောင်း ဝမ်းသာအားရပြော၏။ကျွန်မမှာတော့ အိပ်ချင်မူးတူး မျက်လုံးကိုအတင်းဖွင့်နေရသည်။

"ကေသီ နင်မပျော်ဘူးလား"
ဒါလီနိုင်က ကျွန်မကုတင်ပေါ်ရှိ ခြုံထားသော စောင်ကိုဆွဲချကာ စူပုပ်နေသည့်မျက်နှာထားဖြင့် မေး၏။ကျွန်မတို့သူငယ်ချင်းအုပ်စုတွင် ဒါလီနိုင်က စိတ်ကောက်တတ်ဆုံးဖြစ်ပြီး ကလေးဆန်သည်။

"ပျော်တာပေါ့ ဒါလီရယ်၊ငါ့မျက်လုံးတွေဖွင့်မရသေးလို့ပါ"

ကျွန်မက ရယ်မောရင်းဆိုတော့ ဒါလီက သူ့လက်ကိုင်အိတ်ဖြင့် ကျွန်မကို ထုရိုက်သည်။

"ထတော့ အိပ်ပုတ်မ၊ညကျရင် ဟိုတယ်မှာဒင်နာပွဲရှိတယ်၊နင်လာရမယ်နော် ကေသီ"

"နင်ငြင်းဖို့မစဥ်းစားနဲ့၊ဒီမနက် ဖေဖေတို့ဟိုတယ်ဖွင့်ပွဲလုပ်တာ၊ညကျရင် ပါတီပေးမှာ၊ငါစာမေးပွဲအောင်တာသိတော့ သူငယ်ချင်းတွေရအောင်ခေါ်ပြီးလာခဲ့ပါတဲ့ ၊congratulations လုပ်မလို့ပါတဲ့၊သီဟတို့လည်းလာမှာ၊နင်ဒီတစ်ခါငြင်းရင် ငါငိုမှာနော်ကေသီ"

သူငယ်ချင်းမအဆိုးလေးကိုကြည့်ပြီး ကျွန်မရယ်ရခက်၊ငိုရခက်ဖြစ်သွားရသည်။ကျွန်မ အဲ့လိုပွဲတွေသိပ်မသွားဖြစ်ပါ။သူငယ်ချင်းတွေခေါ်တိုင်း ငြင်းမြဲငြင်းခဲ့သည်။တစ်ခါတလေ မတတ်သာ၍ လိုက်သွားရသည့်ခါလည်းရှိပါသည်။ကျွန်မ ငယ်စဥ်ကပင် ပွဲတွေသွားရလွန်း၍ ငြီးငွေ့နေပြီ။ဖေဖေသည် သူသွားသည့်ပွဲတိုင်း ကျွန်မကို ခေါ်သွားတတ်သည်။

To Cathy With LoveWhere stories live. Discover now