Episode 4

1.1K 103 3
                                    

ကျွန်မ မြနန္ဒာအပေါ် စိတ်ဝင်စားမိသွားလိမ့်မည်ဟု မထင်ခဲ့ရိုးအမှန်ပါ။ပြီးတော့ သနားမိသလိုလည်းဖြစ်ခဲ့ရသေးသည်။မထင်မှတ်ဘဲ ပြင်ဦးလွှင်မှာဆုံဖြစ်ခဲ့ခြင်းက စတင်ခဲ့လေသည်။
ပြင်ဦးလွှင်၌ ​သမီးအငယ်၏မိသားစုနှင့်အတူနေသော မေ့မေ့ဖက်ကအဖွားဆုံး၍ တစ်မိသားစုလုံးရောက်နေခြင်းဖြစ်သည်။အဲသည်နေ့က ကျွန်မရန်ကုန်ပြန်မည့်နေ့။နားရက်စေ့ပြီဖြစ်သောကြောင့် ရက်လည်မတိုင်မီပြန်ရဖို့ဖြစ်သွား၏။ကျွန်မ၏ငယ်သူငယ်ချင်းရွှေဇင်ကို နှုတ်ဆက်ရန် သူ့ဟိုတယ်တွင် ရောက်နေခဲ့သည်။ခနအကြာတွင် ရွှေဇင်ထွက်လာသည်။ရွှေဇင်က ဘွဲ့ရပြီးနောက် သူ့မိဘပိုင်ဟိုတယ်တွင် မန်နေဂျာလုပ်နေသူ။

"ဘာနဲ့လာလဲ ကေသီ၊ကားလည်းမတွေ့ဘူး"

"မေမေနဲ့လမ်းကြုံလိုက်လာတာ၊ဖေဖေလည်းပါတယ်၊အပြန်ဝင်ခေါ်ကြမှာ"

သစ်သားလုံးများဖြင့်ကာရံထားသော ဘေးဖက်အဖီကလေးပေါ်တွင် ကျွန်မတို့ထိုင်နေကြသည်။ထို့ကြောင့်ပင် ဟိုတယ်ဝင်းထဲကို ကောင်းစွာမြင်ရသည်။
ဟိုတယ်ဝင်းထဲ၌ သစ်ပင်ပန်းပင်များကို လှပအောင်ပြုပြင်စိုက်ပျိုးထားသည်။အုန်းပင်ပုပုလေးများဘေးရှိ စားပွဲဝိုင်းများတွင် စကားပြောနေကြသူတစ်ချို့တလေမှအပ တိတ်ဆိတ်နေသည်။စားပွဲဝိုင်းတစ်ခုသို့အကြည့်အရောက်တွင် ကျွန်မမျက်လုံးများဝိုင်းသွားရလေသည်။ မြနန္ဒာ...။သူ့ထက်အသက်နည်းနည်းကြီးပုံရသည့် ယောကျ်ားတစ်ယောက်နှင့် မျက်နှာချင်းဆိုင်ထိုင်ကာ စကားပြောနေကြသည်။အနောက်တိုင်းဝတ်စုံကို ဟန်ပါပါဝတ်ဆင်ထားသည့် အဲသည်လူမှာ လုပ်ငန်းရှင်တစ်ယောက်နှင့်တူသည်။ပါတီတုန်းကတွေ့လိုက်ရသည့် ကိုဆွေတော့မဟုတ်ပါ။
မြနန္ဒာက အပြာရောင်ဘလောက်စ်အကျ်ီလက်ရှည်နှင့် အဖြူခံတွင်အပြာရောင်ပန်းပွင့်များပါသောထမီကိုဝတ်ထားသည်။ဆံပင်ကိုခပ်နိမ့်နိမ့်စည်း၍ ထုံးထားသည်။အလုပ်ကိစ္စဆွေးနွေးနေကြပုံရသည်။ကျွန်မနေရာနှင့်မဝေးသော်လည်း စကားသံများကြားနိုင်လောက်အောင်လည်း မနီးချေ။

"ဘယ်သူလဲ ကေသီ၊အသိလား"

ကေသီက ကျွန်မကြည့်ရာသို့လိုက်ကြည့်ကာ မေးသည်။

To Cathy With LoveWhere stories live. Discover now