Episode 16

776 61 1
                                    

မမဝေသည် သူ၏သားအငယ်လေး နေမကောင်းပြန်ဖြစ်၍ ခွင့်ယူထားလေသည်။ထို့ကြောင့် ဆေးရုံတွင် ဆေးကျောင်းသူ၊သားများကို စာသင်ပေးဖို့ ကျွန်မကို အကူအညီတောင်းထားသည်။ပိုင်ပိုင်ပြန်မရောက်သေးသဖြင့် မြနန္ဒာအခန်းတွင် သွား၍ မနက်ဖြန်လက်ချာအတွက် ပြင်ဆင်နေရသည်။မြနန္ဒာတစ်ယောက်တည်းဖြစ်နေမှာစိုး၍လည်းပါသည်။

ကျွန်မ ဆိုဖာပေါ်တွင် လက်တော့တစ်လုံးဖြင့် အလုပ်ရှုပ်နေတုန်း မြနန္ဒာသည် ပီယာနိုကို ခပ်တိုးတိုးတီးနေသည်။ကျွန်မအတွက် သစ်သီးများနှင့်မုန့်များကို ရှေ့တွင်ချပေးထားသည်။

ပီယာနိုသံမကြားမိ၍ ကြည့်မိတော့ မြနန္ဒာဖုန်းပြောနေသည်ကိုတွေ့ရသည်။ကြားရသလောက်တော့ သူ့အလုပ်ကိစ္စပဲထင်သည်။ ဖုန်းပြောပြီးသည့်အခါ ကျွန်မဘေးတွင်လာထိုင်သည်။

"မြနန္ဒာ၊ရှယ်ယာတွေရောင်းလိုက်ပြီလား"

"ရောင်းလိုက်ပြီကေသီ၊ခရီးသွားလုပ်ငန်းတစ်ခုမှာ ပြန်ပြီးရှယ်ယာဝင်မလို့စီစဥ်နေတာ၊အစကတော့ တို့ကိုယ်တိုင်လုပ်မလို့ပဲ၊သန္တာနဲ့ပဲလွှဲထားလိုက်တော့မယ်၊သူ့မှာလည်းလုပ်ငန်းတွေအများကြီးရှိတယ်၊တို့အေးအေးဆေးဆေးနေချင်ပြီလေ၊ကိုအောင်လည်းဝမ်းသာမှာပါ"

မြနန္ဒာသည် ကိုအောင်အကြောင်းပြောလျှင် အရင်ကလောက် မျက်နှာမပျက်ပေမယ့် ကျွန်မရင်ထဲတွင် တမျိုးတမည် ခံစားရတာကိုတော့ ဝန်ခံရပါမည်။ကောင်းသည့်ခံစားချက်တော့မဟုတ်ပါ။ကျွန်မ၏ မြနန္ဒာအပေါ် ခံစားချက်ကို ပြန်၍ ကြောက်လာမိသည်။

အိပ်ခါနီးတွင် အခန်းသို့ပြန်လာခဲ့သည်။မြနန္ဒာ၏ အခန်းကိုကျောခိုင်းလိုက်သည့်ခဏတွင် ရင်ထဲတွင်လှိုက်ဟာသွားလေသည်။ မြနန္ဒာအနားမှာနေချင်သည့်စိတ်၊သူနှင့်စကားပြောချင်နေသည့်စိတ်၊သူ့အပေါ်ရင်ခုန်နေသည့်စိတ်တို့ဖြင့် လူးလွန့်နေရသော အခိုက်အတန့်တွေကို ကျွန်မ စွဲလမ်းနေမိပြီလားမသိ။တကယ်ဆိုရင် ခက်ရချေရဲ့ မိကေသီရယ်၊ကျွန်မ ကိုယ့်ကိုကိုယ်ပြန်ပြောမိပါသည်။

ဆေးရုံတွင်လည်း ကျွန်မသည် မြနန္ဒာဆီကိုဖုန်းဆက်ချင်စိတ် ၊အခန်းပြန်ပြီးသူနှင့်တွေ့ချင်သည့်စိတ်တို့ကို ပျောက်အောင် အလုပ်ကိုသာဖိလုပ်နေမိသည်။အဲသည်အထဲကမှ တခါတခါ သတိလက်လွတ်ဖြစ်သွားတတ်သေး၏။ဖုန်းလာ၍ မြနန္ဒာဆီကလားဟုထင်၍ ကပျာကယာထုတ်ကြည့်လိုက်မိသည်။မေမေတဲ့။ ကျွန်မ ကိုယ့်အဖြစ်ကိုယ်တွေး၍ ရယ်မိပါသည်။ကလေးရှက်တော့ ငို၊လူကြီးရှက်တော့ ရယ်ဆိုတဲ့စကားပုံရှိတယ်မဟုတ်လား။

To Cathy With LoveWhere stories live. Discover now