Episode 22

946 94 9
                                    

"မေမေဝင်ခဲ့မယ်နော် သမီး"

"ဟုတ်ကဲ့မေမေ"

"သမီး အလုပ်ရှုပ်နေလား"

"မရှုပ်ပါဘူးမေမေ"

ကျွန်မ သွားရန် နှစ်ရက်သာလိုပါတော့သည်။
မေမေမျက်နှာသည် ကျွန်မကို တစ်ခုခုပြောချင်နေပုံရသည်။ကျွန်မ သွားမည့်ကိစ္စအပေါ် ဖေဖေနှင့်မေမေသည် အံ့သြနေခဲ့သော်လည်း ထွေထွေထူးထူးမမေးမြန်းခဲ့။

မေမေသည် ကျွန်မနှင့်မျက်နှာချင်းဆိုင် ကုတင်ပေါ်တွင် ဝင်ထိုင်သည်။ရေခြားမြေခြားသွားရမည်မို့ စိတ်မကောင်းဖြစ်နေပုံပါပဲ။

ကျွန်မ ထိုင်ခုံပေါ်မှ ထပြီး မေမေ့ဘေးတွင် ဝင်ထိုင်လိုက်သည်။

"မေမေ"

"အင်း"

"ဝမ်းနည်းနေတာလား"

"ဝမ်းမနည်းပါဘူးကွယ်၊မေမေနဲ့ဖေဖေဟာ သမီးသွားချင်တဲ့နေရာကို သွားနိုင်အောင်လို့ အတောင်ပံတွေတပ်ပေးခဲ့ပြီးပြီပဲ၊သမီး ဆုံးဖြတ်ချက်အပေါ် အမြဲလေးစားနေမှာပါ"

ဖေဖေနှင့်မေမေ ကို သိပ်ကျေးဇူးတင်ရပါသည်။ငယ်စဥ်ကတည်းက သမီးနှစ်ယောက်ကို အလိုလိုက်လွန်းသော မိဘများထဲတွင် ကျွန်မ၏မိဘနှစ်ပါး မပါဝင်ခဲ့။ ငယ်ငယ်လေးကတည်းက အပြန်အလှန်ယုံကြည်မှုရအောင် တည်ဆောက်ပေးခဲ့သည်။မလုပ်နဲ့ ဟုမတားမြစ်ဘဲ လုပ်ကြည့်ခိုင်းကာ အမှားအမှန်ခွဲခြားစေတတ်ခဲ့သည်။ထို့ကြောင့်ပင် အရွယ်ရောက်လာ၍ လူ့လောကထဲသို့ တစ်ယောက်တည်းတိုးဝင်ဖြတ်သန်းရသည့်အခါ ကျွန်မတွင် အားငယ်စိတ်များ မရှိသလောက်နည်းပါးခဲ့ရသည်။

"တစ်ခုပဲ သမီး၊သမီးဆုံးဖြတ်ချက်အပေါ် နောင်တမရဖို့လိုတယ်"

မေမေ၏ နောက်ဆက်တွဲစကားကြောင့် ကျွန်မ လန့်သွားရသည်။မလုံမလဲစိတ်ဖြင့် ခေါင်းငုံ့ထားမိသည်။
မေမေ၏ အသံသည် တည်ငြိမ်လွန်းသော်လည်း အကြည့်များက ကျွန်မကို နားလည်နေသလိုလည်းရှိသည်။

"မေမေ့ကို ကတိပေးမလား၊နောင်တမရပါဘူးလို့"

ကျွန်မ အတန်ကြာအောင် ​ငြိမ်နေမိသည်။မေမေသည်  ငုံ့ထားသော ကျွန်မမျက်နှာကို ဆွဲမော့၍ မျက်လုံးချင်းဆုံရန် ကြိုးစားလေသည်။

To Cathy With LoveWhere stories live. Discover now