Episode 24

893 92 4
                                    

မြနန္ဒာ အနားရောက်လာမလာတော့မသိ၊ UKရောက်လာတာတော့ အမှန်ပဲ။မြနန္ဒာ မှဟုတ်ရဲ့လားဟု တွေးယူနေရသည်။အခုတလော မြနန္ဒာကို သိပ်သတိရနေလို့များ ထင်ယောင်ထင်မှားဖြစ်နေသလားဟုတွေးရင်း မျက်လုံးကိုမှိတ်ချည်ဖွင့်ချည်လုပ်ကြည့်တော့လည်း တကယ်ပဲ မြနန္ဒာဖြစ်နေခဲ့သည်။ကျွန်မ၏ နှလုံးသားသည် အေးခဲသွားသည်ဟုထင်လိုက်ရ၏။မြနန္ဒာ လိုက်လာမည်ဟု ပိုင်ပိုင်ကျွန်မကို ကြိုမပြောထားခဲ့ပါ။

လေဆိပ်ထဲတွင် လူသိပ်မများ၍ ပိုင်ပိုင်သည် ခနအတွင်း ကျွန်မကို လှမ်းမြင်သည်။ပိုင်ပိုင်သည် မမကေသီဟု လှမ်းခေါ်ကာ ကျွန်မဆီသို့ လျှောက်လာသည်။မြနန္ဒာကမူ ပိုင်ပိုင်နောက်မှ ဖြည်းဖြည်းလျှောက်လိုက်လာလေသည်။

မတွေ့ရသည့်တစ်နှစ်အတွင်း မြနန္ဒာသည် ဘာမှပြောင်းလဲမသွားသလိုပင်။ကျွန်မနှင့် ပထမဆုံးစတွေ့ခဲ့စဥ်က ဂျစ်ကန်ကန်နှင့်ထီမထင်ဟန်များ လုံးဝပျောက်ကွယ်ခဲ့ပြီထင်ပါသည်။ပိုင်ပိုင်ကတော့ ပါးအနည်းငယ်ပိုဖောင်းလာသည်ကလွဲ၍ ချစ်ဖို့ကောင်းနေဆဲ။

"မမကိုပြောပြမလို့ဘဲ ၊မေမေကမပြောနဲ့ဆိုလို့"

ပိုင်ပိုင်သည် ကျောက်ရုပ်လိုဖြစ်နေသောကျွန်မကို ကြည့်ကာ တခစ်ခစ်ရယ်နေသည်။မြနန္ဒာကတော့ ပြုံး၍ ကျွန်မကို ကြည့်နေသည်။

"အစက လိုက်ဖို့အစီအစဥ်မရှိဘူးလေ၊ပိုင်ပိုင်က လိုက်ခဲ့စေချင်တာရယ်၊အလုပ်ကိစ္စကြောင့်ရယ်ပါ"

သူပြောသည့်အထဲတွင် ကျွန်မနှင့်တွေ့ရဖို့အကြောင်း နည်းနည်းမျှမပါပါလား။ကျွန်မ၏နှလုံးသားသည် အေးခဲနေရာမှ တောင့်တင်းသွားတော့သည်။
ဒါဆို ဘာလို့ကြိုမပြောရတာလဲကွယ်။

ကျွန်မအခန်းထဲတွင် မြနန္ဒာ၏ ပစ္စည်းများကိုထားရစ်ခဲ့ပြီးနောက် ပိုင်ပိုင့်ကို သူ့ကျောင်းသို့လိုက်ပို့ကြသည်။ပိုင်ပိုင်၏ သူငယ်ချင်းသင်ဇာသည် ပိုင်ပိုင့်ကိုစောင့်နေလေသည်။ပိုင်ပိုင်သည် သူ့သူငယ်ချင်းကို ကျွန်မတို့နှင့်မိတ်ဆက်ပေးသည်။ပိုင်ပိုင် မွေးနေ့ပွဲမှ ပြန်မလာသောကြောင့် မြနန္ဒာ စိတ်ပူကာ လိုက်သွားမည်လုပ်၍ ကျွန်မ တားခဲ့ရသောညကို သတိရမိသည်။ အဲဒီတုန်းက ပိုင်ပိုင်ပြောတဲ့ မွေးနေ့ရှင် သင်ဇာပဲဖြစ်ရမည်။

To Cathy With LoveWhere stories live. Discover now