အပိုင်း - ( 20 ) Unicode

2.6K 567 22
                                    

အခန်း ( ၂၀ ) - ကို့ရို့ကားယား အထင်လွဲမှုကြီး

      တွဲဖက်ယာဥ်မောင်းထိုင်ခုံတွင် အချိန်ခဏလောက်ကြာအောင် အတောင့်လိုက်ငြိမ်သက်နေခဲ့ပြီးမှ ရှုရှောင်ဟွေးက ရုတ်တရတ် ခုန်ထကာ ချန်ချန်းသိုပုခုံးပေါ် ခုန်တက်ပြီး လက်ကလေးတွေထောက်လျက် ဝပ်နေတော့သည်။

    စိတ်လှုပ်ရှားမှုကို ထိန်းမရတာကြောင့် သူ့ခန္ဓာကိုယ်လေးက ချန်ချန်းသိုပုခုံးပေါ်မှာ ဘယ်ညာယိမ်းနေ၏။

    ဒီတော့ စက်သေနတ်ပဲဖြစ်ဖြစ် တာနီးပစ်ပြောင်းတိုသေနတ်ပဲဖြစ်ဖြစ် တစ်နေ့မှာ သူသုံးလို့ ရနေဦးမှာပဲ ! တစ်နေ့ကျရင် သူလေယာဥ်တောင် မောင်းရင် မောင်းနိုင်လိမ့်ဦးမယ်။

    ချန်ချန်းသိုက သူ့ပုခုံးပေါ်မှ ရှုရှောင်ဟွေးကို တိတ်တခိုး မျက်လုံးမှေးကာ ကြည့်လိုက်သည်။ခုလေးတင် လူဖြစ်သွားသော ရှုရှောင်ဟွေးကို သူဖြတ်ကနဲ မြင်လိုက်ရ၏။အခု မျက်လုံးပြန်မှိတ်လိုက်တာတောင်မှ ပြန်တွေးလိုက်လျှင် အဲဒီ့ တပ်မက်ဖွယ်ရာ မြင်ကွင်းလေးကို သူ့ခေါင်းထဲမှာ ရှင်းရှင်းကြီး ပြန်မြင်ယောင်နေသေးသည်။

    သူမြင်နေကျ စစ်သားတွေ၏ တောင့်တင်းသော ကြွက်သားတွေနှင့်ယှဥ်လျှင် ရှုရှောင်ဟွေးက ပိန်သွယ်နေ၏။သူ့အသားအရည်လေးက ပျော့ပြောင်းနူးညံ့နေကာ ဖြူဥနေသည်။ခါးလေးက သေးသွယ်နေကာ သူ့ခြေဆစ်လက်ဆစ်လေးတွေအစ သေးငယ်ပြီး နုနယ်၏။အနည်းငယ်ရှည်နေသော သူ့ဆံပင်လေးတွေက တစ်ချို့နေရာတွင်ထောင်ထနေကာ ပေါ်နေသော နဖူးလေးက ချောမွေ့နေသည်။တိုက်မိထားသော သူ့နှာခေါင်းထိပ်ဖျားလေးက နီနီရဲရဲလေးဖြစ်နေကာ ဝိုင်းစက်နက်မှောင်သော မျက်ဝန်းလေးထဲတွင် ထိတ်လန့်မှုများ ပြည့်နေ၏။ရုတ်တရတ်ကြီး လူအဖြစ်ပြောင်းသွားတာကြောင့် ရှုရှောင်ဟွေးမှာ အနည်းငယ် လန့်ဖြန့်သွားပုံရသည်။

    ရှုရှောင်ဟွေးက စက်သေနတ်လေးနှင့် ကျည်တွေကို သူ့နေရာလွတ်လေးထဲမှ ထုတ်လိုက်သည်အား ချန်ချန်းသို မြင်သွားသောအခါ အပြင်က စက်တစ်ပိုင်းသားရဲကြီးတွေကိုများ သွားသတ်တော့မလို့လားဟု ထင်သွားကာ လုံးဝ ကိုယ်တုံးလုံးလေးဖြစ်နေသော ထိုကောင်လေးကို လက်ဆန့်ပြီး လှမ်းတားတော့မလိုပင် ဖြစ်သွားသည်။

ပေါက်ကွဲတတ်သောအိမ်မွေးဟမ်းစတားလေး(ဘာသာပြန်)Where stories live. Discover now