အခန်း ( ၂၁ ) - လန့်သွားတာပဲ !
ချန်ချန်းသိုက အိတ်ကပ်ထဲမှ ရှုရှောင်ဟွေးကို ထိန်းကိုင်ထားကာ အကာအကွယ်တံတိုင်းပေါ်ကနေ ခုန်ချလိုက်သည်။ရှုရှောင်ဟွေးက ချန်ချန်းသိုရဲ့ အိတ်ကပ်လေးကို ကိုင်ထားရင်း မောင်းပိစိလေးနဲ့ တူပိစိလေးကို သူ့နေရာလွတ်လေးထဲ ပြန်ထည့်လိုက်၏။
ချန်ချန်းသိုက ပါမောက္ခဝေ့ကို ဘယ်လိုရှာမှာလဲ ဆိုတာ ရှုရှောင်ဟွေး အလွန်သိချင်နေသည်။ဘာကြောင့်လဲဆိုတော့ ချန်ချန်းသိုကို ကြည့်ရတာ ဘယ်ကိုသွားရှာရမယ်မှန်း သိနေပုံပင်။
လမ်းချိုး အချို့ကို ချိုးကွေ့လာပြီးနောက် ချန်ချန်းသိုက ပြိုကျနေသော အဆောက်အဦးတစ်ခု၏ ထောင့်နားလေးရှိ အလွန် ယိမ်းယိုင်ကာပြိုကျမတတ်ဖြစ်နေသော တဲတစ်လုံးရှေ့တွင် ရုတ်တရတ် ရပ်လိုက်၏။ကျိုးပဲ့နေသော လုံခြုံရေးတံခါးရွက်နှစ်ချပ်က ဝင်ပေါက်တံခါးတစ်ခုလို အပေါက်ဝကို ပိတ်ထားသည်။
ချန်ချန်းသိုက တံခါးကို တစ်ခါတည်း ဆွဲဖယ်လိုက်၏။အခန်းငယ်လေးထဲမှာ မီးအိမ်ငယ်လေးတစ်ခုသာ ထွန်းထားသည်။အခန်းထဲမှာ ပိန်ပါးသော လူတစ်ယောက်ရပ်နေပြီး လက်တစ်ဖက်က သူ့နားကို အုပ်ထားကာ ကျန်လက်တစ်ဖက်က ချန်ချန်းသိုကို လက်ညှိုးထိုးထား၏။ " လုံးထွေးသတ်ပုတ်နေတဲ့သူတွေကို ဒီလောက်မြန်မြန် ရပ်ပစ်နိုင်တာ မင်းပဲဖြစ်ရမယ်ဆိုတာ သိသားပဲ ! "
သူ့အသံက မာန်ဖီသံတစ်ခုလို ကျယ်လောင်လှသည်။
ရှုရှောင်ဟွေးက သူ့နားရွက် ဝိုင်းဝိုင်းလေးတွေကို ပွတ်သပ်လိုက်ပြီး ထိုလူကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်၏။
ချန်ချန်းသိုက ထိုလူ၏ နားတွေကို ကြည့်လိုက်သည်။ " အသံက ဒီကနေ ဝေးပါတယ် ၊ မင်းသာ ချောင်းနားထောင်နေတာ မဟုတ်ရင် နားအူတာက အကြောင်းမဲ့ ဖြစ်ပါ့မလား ? "
ရှုရှောင်ဟွေးက ချန်ချန်းသိုအိတ်ကပ်ကို ဆွဲထားလိုက်၏။ချန်ချန်းသို ဆိုလိုတာကို သူနားမလည်။
ချန်ချန်းသိုက တံခါးရွက်ကို ပြန်ဆွဲယူပြီး ဝင်ပေါက်ကို ပြန်ကာလိုက်သည်။ထို့နောက် အခန်းထဲမှ လူ၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်၏။ " ကျန်းဝေ့ ၊ တုတုဘယ်မှာလဲ ? "
YOU ARE READING
ပေါက်ကွဲတတ်သောအိမ်မွေးဟမ်းစတားလေး(ဘာသာပြန်)
FantasyBoth Unicode and Zawgyi ကမ္ဘာကြီးကို ဂြိုလ်သားတွေရဲ့ကျူးကျော်တာခံရပြီးနောက်အစွမ်းတွေနိုးထ လာခဲ့ကြတယ်။အစွမ်းရှိတဲ့လူတွေက အစွမ်းရှိတဲ့တိရိစ္ဆာန်တွေနဲ့ ပေါင်းစပ်တိုက်ခိုက်ရင် စွမ်းရည်နှစ်ဆတိုးတာပေါ့။ရှုရှောင်ဟွေးကတော့ စွမ်းအင်ပြောင်းလို့မရတဲ့ မီးခိုးရေ...