၉၇။ အဲ့စုန်းမက ဘယ်တော့မှ စိတ်မပျက်စေဘူး

3.1K 370 5
                                    

ယောင်ရှီ၏အခန်းသို့ ဖုန်းကျင်းယွမ် နောက်ဆုံးလာခဲ့သည်မှာ သုံးနှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ယခုအခါတွင်မူ အထဲ၀င်ရန် သူ့က်ိုဖိတ်ခေါ်မည့်သူပင် မရှိချေ ။ ယောင်ရှီက အိပ်ခန်းဆောင်အပြင်ရှိ ထိုင်ခုံပေါ်တွင် ထိုင်နေပြီ ဖုန်းကျင်းယွမ်ကို လှမ်းကြည့်နေလေသည်။ ဖုန်းကျင်းယွမ်အား လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေသည့်ဟန်မရှိသလို မျက်နှာထက်တွင်လည်း အပြုံးမရှိပေ ။

ဖုန်းကျင်းယွမ် သက်ပြင်းရှည်ကြီးချလိုက်မိသည်။ လွန်ခဲ့သည့်သုံးနှစ်အတွင်း ဒုတိယသမီးသာ ပြောင်းလဲသွားသည်မဟုတ်ဘဲ တစ်ချိန်က ဇနီးဖြစ်ခဲ့သူ ယောင်ရှီကပါ သူ့အပေါ်တွင် ခံစားချက်များ အေးစက်သွားသည် ထင်သည်။

ကျင်းကျန့်နှင့် ဟန်ရှီ၏ ပြုစုယုယမှုများကို သတိရမိကာ ဖုန်းကျင်းယွမ် ထုံရှန်းစံအိမ်သို့ လာခဲ့ခြင်းကို နောင်တရမိလာသည်။ မိုးမခခြံ၀င်းရှိ တံခါးငယ်လေးမှ ဖြတ်ကာလာစဥ်ကလည်း ထိုနေရာတွင် စောင့်ကြပ်ရသည့် အစေခံလေးက ဖုန်းကျင်းယွမ်ကို မေးခွန်းများတစ်ခုပြီးတစ်ခုမေးပြီးမှသာ အထဲသို့၀င်ရန် ခွင့်ပြုခဲ့တာဖြစ်ပြီး အထဲသို့၀င်လာသည့်အခါတွင်လည်း အပြစ်သားကိုစောင့်ကြည့်နေသကဲ့သို့ တောက်လျှောက်စောင့်ကြည့်နေခဲ့လေသည်။ သို့သော်လည်း ဖုန်းကျင်းယွမ်မှာ မောင်းမထုတ်နိုင်ခဲ့ ။ အကြောင်းမှာ လမ်းပြပေးမည့်သူမရှိပါက တစ်ခါမှခြေမချခဲ့ဖူးသော ဤအိမ်တော်ထဲ၌ လမ်းပျောက်သွားမည်စိုး၍ ဖြစ်ပေသည်။

" မင်း....အခုတလော နေကောင်းရဲ့လား " ဖုန်းကျင်းယွမ်က ပြောစရာမရှိသဖြင့် ရှာကြံကာ စကားစသည်။ တစ်ဦးတစ်ယောက်ကမှ ဧည့်၀တ်ကြိုခြင်းမရှိသောကြောင့် သူ့ဘာသာပဲ ၀င်ထိုင်ကာ လက်ဖက်ရည်ငှဲ့သောက်နေလေသည်။

ယောင်ရှီ ခေါင်းညိတ်ပြလိုက်သည်။ " စိုးရိမ်ပေးလို့ သခင်ကြီးကို ကျေးဇူးတင်ပါတယ် ၊ ကျွန်မ နေလို့ကောင်းပါတယ် " ဒီကိုယ်လုပ်တော်က ဟူသောနာမ်စားကိုပင် ယောင်ရှီ သုံး၍မပြောမိပါ ။

" ပုံမှန်လည်း ဒီလောက်အစောကြီး အိပ်ရာ၀င်တာပဲလား " ဖုန်းကျင်းယွမ်က အပြင်ကိုလှမ်းကြည့်၍ အမေးဆိုသည် ။ မှောင်တာတော့မှောင်နေပြီဆိုပေမယ့် အခြားကိုယ်လုပ်တော်တွေက သူလာဖို့ကို မျှော်လင့်တကြီးစောင့်နေကြတာလေ ။ ဘယ်သူကများ ယောင်ရှီလို အစောကြီးအိပ်ရာ၀င်လို့လဲ ။ တည်တည်ငြိမ်ငြိမ်ရှိသူ အန်းရှီသည်ပင် သူလာလည်ဖို့ကို မျှော်လင့်နေတာဖြစ်သည်။ သို့သော်လည်း တစ်ချိန်က သူ့ရဲ့အလွန်တော်သော တရား၀င်ဇနီးဖြစ်ခဲ့သူ ယောင်ရှီကမူ သူ့အပေါ်တွင် အေးတိအေးစက် တုံ့ပြန်နေလေသည်။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now