Part 8

8.7K 600 9
                                    

Unicode


ဒီသားအဖနှစ်ယောက်ကို သူဘာလုပ်ရမလဲ။ သူတို့မဟုတ်တဲ့အတိုင်း သူ့ရှေ့မှာ ငြိမ်ပြီးထိုင်နေသည်။ သားက သူ့ထက်ကြီးတဲ့ ကောင်လေးတစ်ယောက်ကိုသဘောကျနေတာတဲ့။ အဲ့ကိစ္စကို သူ့ကိုအခုမှပြောပြနေတာဖြစ်သည်။ ဒီကိစ္စကိုသူမသိပဲ ဘယ်အချိန်ထဲက တိုင်ပင်နေလဲ။ သားနဲ့အဖေနဲ့က နှုတ်လုံလှသည်။ သားက အခုမှလုပ်ငန်းခွင်ဝင်ဖို့လုပ်နေတာကို ပေးလာတဲ့အကြောင်းပြချက်က တစ်ဖက်က ရည်းစားရှိလို့ ပါသွားမှာစိုးလို့တဲ့လေ။ တစ်ဖက်က ရည်စားရှိနေတာကိုလေ။

“သားရယ် သူ့မှာ ရည်းစားရှိနေတာကို၊ ပါးပါးသားကို မချစ်ရင် ဘယ်လိုလုပ်မလဲ”

“ချာတိတ်ကလည်း သားက..”

“ကိုကို တိတ်တိတ်နေ၊ ကိုကို့ကိုမပြောဘူး ကိုကို ကျွန်တော့်ကိုမပြောပဲထားတယ်”

သူထင်တယ်။ အဲ့လိုစိတ်ဆိုးခံရတော့မယ်ဆိုတာ သူရိပ်မိနေတယ်။ အဲ့ဒါကြောင့် ရှေ့ရက်တွေက သူ့အောက်မျက်ခမ်း လှုပ်သွားသေးတာ။ အခုတော့ စိတ်ဆိုးခံနေရပြီ။

“သားရယ် သူ့မှာ ရည်းစားရှိနေတယ်လေ”

“ပါးပါကလည်း ကျွန်တော်က ညွှန်းကို အလယ်တန်းထဲက သဘောကျနေတာ၊ ညွှန်း ရည်းစားက ညွှန်းကိုဆွဲချသွားမှာ၊ ကျွန်တော်က ညွှန်းကို အဲ့လူ လက်ထဲထည့်မပေးနိုင်ဘူး ပါးပါး”

“သားရယ်”

ကိုယ့်မှမချစ်တာကို သားပင်ပန်းမှာပေါ့။ သူ့တုန်းကတောင် ကိုကို့ကိုအထင်လွဲပြီး ဘယ်လောက်ပင်ပန်းခဲ့ရလဲ။ ဒါတောင် ကိုကိုက တခြားသူတွေနဲ့ ရည်စားဖြစ်ခဲ့တာမဟုတ်ဘူး။ အခုသားက ရည်းစားရှိတဲ့ ကောင်လေးကိုမှ သဘောကျနေတာတဲ့။

“ပါးပါး လိုက်တောင်းပေးပါနော်”

“သားက အဲ့လောက်တောင် သဘောကျတာလား”

“သဘောကျတယ်ပါးပါး၊ ညွှန်းကို ကျွန်တော်က အရမ်းသဘောကျတာ”

“နာမည်က ဘာတဲ့လဲ”

“ညွှန်းစာဆိုတဲ့ စာလည်းတော်တယ် ပါးပါးရဲ့ ဆေးကျောင်းပြီးပြီ house ဆင်းဖို့ စောင့်နေရတာ”

ပိုးသား သားပြောပြနေတာတွေကို သေချာနားထောင်လိုက်သည်။ သားက ဒီကလေးကိုအလယ်တန်းထဲက စောင့်ကြည့်တယ်ပြောတယ်မလား။ တကယ်ပဲ သားက သေချာစောင့်ကြည့်လေ့လာထားတာဖြစ်သည်။ သားလေးဘက်က ချစ်နေပြီး သဘောကျနေပေမယ့် တစ်ဖက်က ကလေးက ချစ်သူရည်စားရှိနေတာကို။ သားလေး ဝမ်းနည်းရမှာပေါ့။ ဟိုကလေးက လက်ခံတယ်ပဲ ထားအုန်းသူ့ချစ်သူကို ဘယ်လိုမေ့နိုင်မှာလဲ။

“ပါးပါး လိုက်တောင်းပေးမယ်မလား ဟင်၊ ပါးပါးရဲ့အချစ်ကလေးက ညွှန်းမရှိရင်မဖြစ်လို့ပါ ပါးပါး”

သားကတော့ သူ့ပါးပါးကိုအပြီအပြင်ချွဲပြီး ယောက်ျားလိုက်တောင်းခိုင်းနေသည်။ ချာတိတ်ကိုကြည့်လိုက်ပြီး ထည်ဝါ သက်ပြင်းချလိုက်သည်။ ချာတိတ်က သူ့သားဖြစ်စေချင်သလို ဖြစ်ချင်တာမဟုတ်။ သားကိုမချစ်တဲ့သူနဲ့အိမ်ထောင်ချပေးရမှာကို သဘောမကျဖြစ်နေတာ။

“သူ့ဘက်က လက်ခံရဲ့လား”

“ဖေဖေ့ဆီက မကြာခင်ပြန်ကြားရတော့မှာ ပါးပါး၊ ဖေဖေ ညွှန်းဖေဖေကို တောင်းရန်ဖို့ စကားပြောထားတယ်”

“ဘယ်လို”

ပိုးသား ကိုကို့ကိုကြည့်လိုက်မိသည်။ သူ ကိုဖွင့်မပြောပဲ တစ်ဖက်ကို စကားတောင်စနေပြီမဟုတ်ဘူးလား။ ထည်ဝါ လည်ပင်းတွေကိုပွတ်သပ်လိုက်သည်။ သားပါးပါးကို သူတော့ အများကြီးချော့ရတော့မယ်။

“ပါးပါး..”

“အင်း”

“နော်နော်နော် သားကိုလိုက်တောင်းပေးနော်”

“အင်းပါ တစ်ဖက်က သားဆန္ဒကိုလက်ခံရင်ပေါ့”

“ပါးပါး ချစ်တယ်”

ပိုးသား သားခေါင်းလေးကိုပွတ်သပ်လိုက်ပြီး မပြုံးချင်ပေမယ့် ပြုံးထားရသည်။ သားက တကယ်ပဲ ဒီကလေးကို အများကြီးသဘောကျနေတော့ သားဆန္ဒအတိုင်းပဲ လိုက်တောင်းပေးရမှာပေါ့။ သားရဲ့အိမ်ထောင်ရေးက သာယာပါ့မလား။

“ကလေး”

“ကိုကို့ကို ကျွန်တော်စကားမပြောချင်ဘူး၊ ကျွန်တော် အခန်းခွဲအိပ်မယ်”

“ကလေးကလည်း ကိုကို့ကို မသနားဘူလား”

“မသနားဘူး”

“မင်းသားက လျှို့ဝှက်ထားဖို့ ပြောလို့ကိုကိုက မင်းကိုမပြောတာလေကွာ”

“ကလေးက မပြောနဲ့ဆိုတဲ့အတိုင်း ကိုကိုက မပြောပဲနေရသလား၊ သားကို ကျွန်တော်မွေးထားတာလေ ဦးဂုဏ်ရှိန်ထည်ဝါကြိုင်ရဲ့”

“အား! ဒေါသကြီးလာပြီ”

တကယ်ပါ တစ်ခါမှ သူ့နာမည်ကိုအဲ့လိုကြီးပြည့်ပြည့်စုံစုံနဲ့အသံမာမာခေါ်တာမရှိခဲ့။ ဒါက စိတ်ဆိုးနေတာ အတော်ပြင်းထန်နေတာကို ပြနေသည်။ တခြားအခန်းကို သွားအိပ်ဖို့ကြိုးစားနေတဲ့ ချာတိတ်ကို ထည်ဝါနောက်က ဆက်ကနဲပွေ့ချီလိုက်သည်။

“ဖယ်နော် အခုဖယ် မချီနဲ့ ကျွန်တော်တစ်ခြားအခန်းမှာသွားအိပ်မယ်ပြောထားပြီးသား”

“ဦးဂုဏ်ရှိန်ထည်ဝါကြိုင်ဘေးမှာ ပိုးသားမြိုင်ကို အမြဲလိုနေလို့ပါကွာ”

“မလိုပါဘူး၊ မလိုဘူး၊ ဒီပိုးသားမြိုင်က ဘယ်နေရာမှ အရေးမပါဘူး၊ နောက်ဆုံး မပါမဖြစ်တဲ့နေရာမို့လို့သာ ဖွင့်ပြောလာတာ အင့်!”

“မဟုတ်ပါဘူး၊ မဟုတ်ပါဘူးကွာ သားက သူ့ချစ်နေတဲ့ကောင်လေးက ချစ်သူရှိတာကို မင်းသိရင် ဝမ်းနည်းနေမှာဆိုးလို့မပြောပဲ နေတာပါ၊ ကိုကိုလည်း သားပြောတာကို စောင့်ကြည့်ပေးရုံပါပဲ”

သူ့ကိုအိပ်ရာပေါ်တင်ဖက်ကာ နောက်ကနေသူ့ပုခုံးကိုနဖူးနဲ့တိုက်ပြီး ပြောနေတဲ့ ကိုကို။ သူတကယ်ပဲ စိတ်ဆိုးနေတာဖြစ်သည်။ သူ့ကိုဆို ဒီလိုကိစ္စတွေ ဘယ်တော့မှ သားကဖွင့်မပြောပဲ သူ့ဖေဖေပဲ ပြောပြတာ။ သားကို စိတ်ဆိုးချင်ပေမယ့် နောက်ဆုံး ကိုကို့အပေါ်ကိုပဲ စိတ်တွေ ပုံချမိတော့တာဖြစ်သည်။

“တစ်ဖက်က အခြေအနေ ဘယ်လိုရှိလဲ လူကြီးချင်းစကားပြောကြည့်ရုံပါကွာ”

“ဘာပြောလဲ”

သားကိစ္စဆိုတော့ သူ့ကိုလည်းအကြာကြီးစိတ်မဆိုးရက်ဘူးထင်ပါရဲ့။ အဲ့လိုတွေစိတ်ပူတတ်လို့ သားက မပြောပါနဲ့ဆိုပြီး ပြောတာ။

“မိဘတွေကတော့ သဘောကျပါတယ်၊ သူတို့တွေက ရိုးသားကြပါတယ်၊ သားဆန္ဒတော့ မေးကြည့်ချင်သေးတယ်လို့ ပြောတယ်လေ”

“ကိုကိုရယ် ကိုကို့တုန်းကတောင် ရည်စားမဟုတ်ပဲ အထင်လွဲရုံနဲ့ ကျွန်တော်ဘယ်လောက်ခံစားခဲ့ရလဲ၊ အခုက သားက ရည်းစားရှိတဲ့ ကလေးကို တောင်းခိုင်းနေတာ၊ သားကိုမချစ်ပဲလက်ခံလိုက်ပြီး သူ့ရည်စားဆီပဲ စိတ်ရောက်နေရင် ဘယ်လိုလုပ်မလဲ၊ အဲ့လိုဆိုရင် သားဘယ်လောက် စိတ်ဆင်းရဲရမလဲ”

“သားကိုချစ်မှာပါကွာ၊ မင်းသားက သူ့ကိုချစ်လာအောင် လုပ်နိုင်ပါတယ်”

“ဒါပေမယ့်…”

“မင်းကို အဲ့ဒါကြောင့် သားကမပြောပြပါနဲ့လို့ ပြောတာပေါ့၊ မင်းက အဲ့လိုတွေစိတ်ပူတတ်လို့လေ”

“ဒါပေမယ့် ကျွန်တော်က သားကိုကိုယ်တိုင်လွယ်ပြီးမွေးထားတာလေ၊ ကျွန်တော်က သားအတွက် စိတ်ပူခွင့်ရှိတယ်လေ ကိုကိုရဲ့”

“သိပါတယ်ကွာ၊ ဒါပေမယ့် အခုတောင်ကြည့်လေ မင်းခေါင်းထဲမှာ သားကိုမချစ်ရင် ဘယ်လိုလုပ်မလဲဆိုတဲ့အတွေးတွေပဲရှိတာမလား၊ အရမ်းမတွေးနဲ့နော်၊ သားက သူ့ဘဝကို သေချာကိုင်တွယ်နိုင်ပါတယ်၊ မင်းသားအကြောင်း မင်းက ပိုသိပါတယ်ကွာ”

သားလုပ်နိုင်တာကိုသိပေမယ့် သားကိုမချစ်ဘူးဆိုတဲ့စိတ်က ဖျောက်မရပေ။

“သားက ငယ်လေးတယ်၊ ၂၀ တောင် မပြည့်သေးတာကို အိမ်ထောင်ရေးကိစ္စမကိုင်တွယ်တတ်လို့ အဆင်မပြေရင် ဘယ်လိုလုပ်မလဲ၊ ပြီးတော့..”

ရှူး!

ထည်ဝါ သားကိစ္စကိုပဲ တတွတ်တွတ်ပြောနေတဲ့ သားပါးပါးနှုတ်ခမ်းကိုလက်ညှိုးလေးနဲ့ပိတ်လိုက်၏။

“ဘေဘီတုန်းကလည်း ကိုကိုနဲ့လက်ထပ်တာ ၂၁ နှစ်ပဲ ရှိသေးတယ်လေ၊ ဖွားဖွားတို့ရော မေမေတို့မာမီတို့ပါ ရှိတယ်လေ၊ ကိုကိုတို့လဲရှိတယ်လေ၊ သားကို ကိုကိုတို့က ဘေးကနေသွန်သင်ပေးရမှာပေါ့၊ ဘာကိစ္စရှိရှိ အကြံပေးရမှာပေါ့၊ ဒီအတိုင်း မလွှတ်ထားဘူးလေ၊ လမ်းကြောင်းပေးရမှာပေါ့”

“ကျွန်တော်တော့ သားကိုသေးသေးလေးပြန်လုပ်ပြီး ဗိုက်ထဲပဲ ပြန်ထည့်ထားချင်တော့တယ်”

“ထည့်ချင်ရင် ကိုကို့ကိုပဲထည့်ဗျာ၊ သားက ယောက်ျားယူဖို့လိုက်တောင်းခိုင်းနေပြီ ထည့်လို့မရတော့ဘူး”

သက်ပြင်းချကာ နောက်မှထိုင်နေတဲ့သူ့ရင်ခွင်ထဲကိုမှီချပြီးငြိမ်နေသည်။ သားကိုတောင် ဗိုက်ထဲပြန်ထည့်ထားချင်တယ်ဆိုတော့ သားပါးပါးရဲ့ စိုးရိမ်စိတ်က ဘယ်လောက်မြင့်နေလဲ ထည်ဝါသိသည်။ ထည်ဝါ မှီနေတဲ့ ချာတိတ်ကို နဖူးကိုပွတ်သပ်လိုက်ပြီး ပါးကိုနမ်းလိုက်ကာ အိပ်ရာပေါ်ဆွဲတင်လိုက်၏။

“အိပ်ပျော်အောင်အိပ် သားတို့အိမ်ထောင်ရေးကိုလမ်းညွှန်ပေးမယ်သူတွေ ဘေးနားမှာအများကြီးရှိတယ်၊ သားလည်း ဒါကို ကောင်းကောင်းကိုင်တွယ်နိုင်တယ် ဟုတ်ပြီလား”

သူ့လက်မောင်းကိုဆွဲယူကာ ခေါင်းအုန်းလိုက်ပြီး သူ့ရင်ခွင်ထဲတိုးဝင်လာ၏။ သူ့သားစိတ်ပင်ပန်းမှာကို ကြောက်နေတာ။

>>>>>>>>>>>>>>>>>>

လုံးဝ အဆက်အသွယ်လုပ်လို့မရတဲ့ ကိုကိုကြောင့် လာတောင်းမယ်ဆိုတာကို ညွှန်းစာဆို လက်ခံလိုက်ရသည်။ သူ့စိတ်ကူးနဲ့သူ လက်ခံပြီးမှ ကိုကိုနဲ့တစ်သက်လုံးဝေးရင်ရောဆိုတဲ့အတွေးကဝင်လာပြန်၏။ ဖေဖေနဲ့မေမေကိုလည်း စိတ်ချမ်းသာစေချင်သည်။ တစ်ဖက်က လူကြီးတွေကိုလည်း အကြာကြီးမစောင့်စေချင်။ အခုတော့ ပုဆိုးနဲ့ရှပ်အင်္ကျီအသစ်ကိုဝတ်ထားတဲ့သူက သူ့ကိုလာတောင်းမယ့် လူကြီးတွေနဲ့ ဟိုကောင်လေးကို စောင့်နေရသည်။ အကျယ်မချဲ့ချင်တဲ့သူက ဘယ်သူကိုမှမဖိတ်ပဲ ဟိုဘက်ဒီဘက် လူကြီးတွေနဲ့ပဲ လုပ်လို့ရလားဆိုတော့ ရတယ်လို့ဆိုလာသည်။ ဒါကြောင့်လဲ အခု အိမ်မှာဘယ်သူမှရှိမနေ။ ဖေဖေနဲ့မေမေပဲရှိသည်။

အိမ်ရှေ့မှာ ကားသံတွေကြားလိုက်ရတာကြောင့် ညွှန်းစာဆို ဆက်ကနဲထရပ်လိုက်ကာ လက်နှစ်ဖက်ကချက်ချင်းပူးကပ်သွားကာ တစ်ဖက်နဲ့တစ်ဖက် ဆုပ်ကိုင်မိသွားသည်။ ရင်လည်းတုန်နေ၏။ ဒီကောင်လေးကို သူအထက်တန်းအပြီးအထိပဲ မြင်ဖူးတာ။ အခု ဘယ်လိုပုံစံလဲ မသိပေ။ အွန်လိုင်းမှာ ဂုဏ်ရှိန်မြင့်မိုရ်ကြိုင်နာမည်နဲ့ရှာကြည့်ပေမယ့် အရွယ်ရောက်နေပုံကို မတွေ့ရပေ။ အခုတော့ သူ့ရှေ့ကိုမျက်မြင်ကိုယ်တွေ့ ရောက်လာတော့မည်။

“သား လာလေ”

ဖေဖေနဲ့မေမေက ကားသံကြားထဲက အောက်ကိုဆင်းသွားပြီး သူ့ကိုပါခေါ်နေတာဖြစ်သည်။ ညွှန်းခေါင်းမမော့ရဲပေ။ ဖေဖေနဲ့မေမေ နောက်ကနေလိုက်သွားပြီး ရှေ့ကိုနည်းနည်းလေးဝေ့ကြည့်လိုက်တော့ ကားတစ်စီးထဲမဟုတ်ပဲ ကားက သုံးစီးဖြစ်သည်။ ကားသုံးစီးလုံးက အနက်ရောင်တွေပဲဖြစ်ကာ BMW အမျိုးအစားတွေဖြစ်သည်။ မေမေတို့သဘောမတူပဲနေမလား ဒီလိုပုံစံတွေကို။

“စောင့်နေရတာ ကြာသွားလား ကိုမျိုးညွန့်”

“မကြာပါဘူးဗျာ အိမ်ထဲကိုကြွပါ၊ အဖွားလည်းပါလာတာကို”

“ဟုတ်တယ်ဗျာ သူ့မြစ်ကို မြစ်သားမက်လိုက်တောင်းပေးမယ်ဆိုပြီး လိုက်လာတာ”

ဖွားဖွားကိုမလိုက်ခဲ့နဲ့ပြောတာကိုမရပဲ ဖွားဖွားက အသည်းကျော်လေးရဲ့ကလေးကိုချက်ချင်းလိုက်ကြည့်မယ်၊ လိုက်တောင်းပေးမယ့်ဆိုပြီး လိုက်ခဲ့တာ။ ဓါတ်ပုံပြတာကိုမရပဲ အပြင်မှာလိုက်ကြည့်မယ်ဆိုပြီး မရမကလိုက်ခဲ့တာ။ သားကတော့ သူ့ပါးပါးလက်ကိုတွဲပြီး သူ့ပါးပါးကို ကပ်ချွဲနေသေးတာ။ သူ့ပါးပါးစိတ်အဆင်မပြေမှန်းသိတာကြောင့် ကပ်ချွဲနေတာ။

“ပါးပါး နည်းနည်းပါးပါး ပြုံးလေ”

ပိုးသား ပြုံးထားပေမယ့် သိပ်မပီပြင်ထင်သည်။ သားက သူ့လက်ကိုတွဲပြီး သူ့ကိုချော့နေတာ။ ကိုကိုက ဖွားဖွားကိုတွဲပြီး သားရဲ့ယောက္ခထီးလို့ပဲ ပြောရမလား သူနဲ့စကားပြောရင်း ရှေ့ကဝင်သွားသည်။ မေမေနဲမာမီက တစ်ဖက်က ကလေးရဲ့အမေနဲ့စကားပြောရင်းဝင်သွားသည်။ သားက သူ့ကိုတွဲထားပြီး ဝင်လာတော့ ခြံစည်းရိုးနားမှာ သူ့အရပ်ထက်နည်းနည်းလေးရှည်တဲ့ ကောင်လေးက ရပ်နေသည်။ သူကြည့်လိုက်တော့ သားပြတဲ့ ဓါတ်ပုံထဲကကောင်လေးဖြစ်ပြီး သူ့ကိုရယ်ပြနေ၏။ ဒီကလေး ရည်းစားရှိရက်နဲ့သားကိုလက်ခံလိုက်တာကိုသိထားတဲ့သူက သိပ်တော့သဘောမကျ။ ဒါပေမယ့် သူကလူကြီးပဲ လူကြီးလိုနေရမှာကြောင့် ပြန်ပြုံးပြလိုက်သည်။

“ညွှန်း စောင့်နေတာ ကြာသွားပြီလား”

“ဟင်! အင်း မကြာသေးပါဘူး”

သူ ဘာတွေဖြေလို့ဖြေနေမိမှန်းတောင်မသိပေ။ သူ့ထက်ငယ်တာကို သူ့ကိုခေါ်လိုက်တာ ညွှန်းတဲ့။ အစ်ကိုလို့လဲမခေါ်ပေ။ သူ့ထက်သုံးနှစ်ငယ်တဲ့ကောင်လေးက နည်းတဲ့အရပ်လား။ ဒီကောင်လေးထွားတာကိုတော့ အလယ်တန်းတုန်းက မြင်ဖူးတဲ့သူက သိသည်။ ဒါပေမယ့် သူ့အရပ်က အခု သူမော့ကြည့်လိုက်ရသည်။ တွဲထားတဲ့ သူ့ပါးပါးကိုတွေ့တော့ ညွှန်းစာဆို သဘောကျကာ အလိုလိုရယ်ပြမိသွား၏။ သူ့ပါးပါးက ချစ်စရာလေးဖြစ်သည်။ ဒါကြောင့် ဒီကောင်းလေးက သူ့ပါးပါးကို အရမ်းချစ်တယ်လို့ နာမည်ကြီးတာဖြစ်ရမယ်။ ဂုဏ်ရှိန်မြင့်မိုရ်ကြိုင်က သူ့ပါးပါးနဲ့မျက်လုံးလေးနဲ့နှုတ်ခမ်းတူချင်တာဖြစ်ပြီး အရပ်တွေဘာတွေက သူ့ဖေဖေကိုတူတာသေချာသည်။ ဂုဏ်ရှိန်မြင့်မိုရ်ကြိုင်က သူ့ပါးပါးကိုတွဲထားပြီး သူ့ကိုမေးလိုက်တာကြောင့် ဖြေမိဖြေရာဖြေလိုက်ပြီး သူတို့နဲ့အတူလိုက်ဝင်လိုက်သည်။

အိမ်ပေါ်ရောက်တော့ သူတို့နှစ်ယောက်က နှစ်ယောက်ထိုင်ခုံမှာ အတူထိုင်နေပြီး လူကြီးတွေကလည်း အချင်းချင်းစကားပြောနေကြသည်။ သူ့ကိုတော့ တစ်ဖက်က လူကြီးတွေက တစ်ချက်တစ်ချက်နဲ့ ခဏခဏကြည့်ကြည့်နေတယ်လို့ ညွှန်းစာဆိုထင်နေမိသည်။ ပိုးသား အကဲခက်ရသလောက် သားက ဒီကလေးကို တော်တော်သဘောကျနေတာ။ ခေါ်တာတောင် ညွှန်းတဲ့လေ။ ပြီးတော့ ဒီကလေးကိုကြည့်နေတာ အကြည့်ကမခွာ။ ညွှန်းစာဆိုလေးကလည်း ချစ်စရာလေးပါ။ သူသဘောမကျနေတာ ရည်းစားရှိနေတာကိုပဲဖြစ်သည်။

“ကဲ အဲ့ဒါဆို စကားပြောကြမလား”

“ဟုတ်ကဲ့ အစ်ကိုတို့ဘက်က စပြောပါ”

“သားကတော့ ကျွန်တော့်ကိုဖွင့်ပြောထားတာ အလယ်တန်းထဲလို့ ပြောရမလားပဲ၊ သူသဘောကျနေတဲ့သူရှိတယ်ဆိုပြီးတော့လေ၊ အခုကျောင်းပြီးတာနဲ့ တောင်းခိုင်းတော့တာပဲဗျာ”

ညွှန်း သူ့ကိုကြည့်လိုက်မိသည်။ သူ့ကို အလယ်တန်းထဲက သဘောကျနေတယ်လို့ ဆိုလိုတာလား။ သူ့ကိုပြုံးကြည့်နေတာကြောင့် ညွှန်းခေါင်းပြန်ငုံ့လိုက်သည်။

“ကျွန်တော်တို့သားကို တန်ဖိုးထားပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ”

“သားညွှန်းက သားသဘောကျမယ်ဆိုလည်း သဘောကျစရာလေးပါ”

ညွှန်းမနေတတ်တော့ပေ။ သူ့ကိုအားလုံးက ဝိုင်းချီးကျူးနေကြတာမလား။ သူက အဲ့လောက်လည်း မကောင်းတာသူပဲသိသည်။ လူကြီးတွေကတော့ သူတို့နှစ်ယောက်ကိစ္စကိုစကားပြောရင်း အလာပသလာပတွေပါ ပြောနေကြသည်။

“ညွှန်း”

“ဟင်”

“ကျွန်တော့်ကိုလက်ခံပေးလို့ ကျေးဇူးတင်ပါတယ်”

“အင်း ဟို..”

“ကျွန်တော် ညွှန်းကို အများကြီးချစ်ပေးမှာ”

သူမျက်နှာတွေပူလှသည်။ ရည်းစားလည်းမဟုတ်ဘာမဟုတ်ပဲ သူ့ကိုရည်းစားစကားပြောနေသလိုခံစားနေရသည်။ သူပြောချင်တဲ့ စကားတွေကလည်း ထွက်မလာပေ။

“ကဲ အဲ့ဒါဆို ဆွမ်းကျွေးပဲလုပ်ကြမယ်လေ သားညွှန်းသဘောအတိုင်းပဲ အကျဉ်းချုံးတာပေါ့”

“သားအကြိုက်ကိုလိုက်ပေးလို့ ကျေးဇူးတင်ပါတယ်”

“ဟုတ်ကဲ့ နောက်ရက် သားကိုပွဲအတွက်တိုင်ပင်လို့ လာခေါ်ဖို့ရှိလိမ့်မယ်၊ ထည့်ပေးပါအုန်း”

“ရပါတယ် မိဘအချင်းချင်းစကားပြောပြီးပဲ၊ လာခေါ်လို့ရပါတယ်”

သူတို့မိသားစုကိုနှုတ်ဆက်ပြီး အားလုံးပြန်သွားသည်။ နောက်ဆုံးတော့ ဂုဏ်ရှိန်မြင့်မိုရ်ကြိုင်နဲ့သူရဲ့ မင်္ဂလာဆွမ်းကျွေးက အကောင်အထည်ပေါ်ဖို့ အားလုံးတိုင်ပင်ပြီးသွားပြီ။ သူတို့မင်္ဂလာပွဲလုပ်ဖို့ အတည်တကျဖြစ်သွားပြီပေါ့။ တရားဝင်သွားပြီဖြစ်ပြီး သိပ်မကြာဘူး သူနဲ့ဒီကောင်လေးက တရားဝင် အကြင်လင်မယားဖြစ်တော့မှာ။


The Time Of Flower Is Blooming Because Of Maung [Complete]Where stories live. Discover now