ဖေဖော်ဝါရီ ၁၄ရက်နေ့
"ဟဲ့ မြန်မြန်လာထားကြ ဟိုကဖြင့် လာတော့မှာကို လူမိသွားဦးမယ်"
"လာပါပြီဟဲ့"
ဒီနေ့Valentines dayဖြစ်တာကြောင့် အတန်းထဲရှိကျောင်းသူလေးတွေ ရုတ်ရုတ်သဲသဲဖြစ်နေကြသည်။ ချောကလက်တွေရော ပန်းစည်းတွေရောကို အတန်းထဲရှိ စားပွဲခုံတစ်ခုံပေါ်သို့သာ ပြုံတိုးပြီး လာတင်နေကြသည်လေ။
"ဖယ်စမ်းပါ ဒါငါတင်ထားတဲ့နေရာလေ"
"ငါလည်း တင်မှာပဲ ဒီခုံက နင့်အမေဝယ်ပေးထားတာမှ မဟုတ်တာ"
"အကုန်လုံး ဖယ်ကြ"
ထိုစဉ် အသံစူးစူးက ကျောင်းသူလေးတွေရဲ့ တစ်ယောက်တစ်ပေါက်ပြောသံတွေကို အုပ်သွားရသည်အထိ ကျယ်လောင်စွာ ဝင်လာသည်။ အသံပိုင်ရှင်မှာ တခြားသူတော့မဟုတ် အတန်းဘီရဲ့ မော်နီတာ ဂင်ထယ်ရယ်ကို ကြိုက်နေသော မှန်ကြောင်လူရိုးလေး ပတ်ဟန်ဘင်းသာဖြစ်သည်။
"ထယ်ရယ်က ငါ့လူ အဲ့တော့ နင်တို့အားလုံး ဒိုးလိုက်ကြတော့"
"ဟဲ့ ဘာတွေလာပြောနေတာလဲ ငါတို့ မော်နီတာက ဆင်ဂယ်ပါနော် အတူတူနဲ့အနူနူကို ဘူဘူချင်းတစ်လာလုပ်မနေနဲ့"
"ကြည့်ထားကြစမ်းပါ တစ်နေ့ ငါနဲ့ ဂင်ထယ်ရယ်ရည်းစားဖြစ်သွားမှ အားမကျကြနဲ့"
ကျောင်းသူလေးတွေက မျက်စောင်းဝိုင်းထိုးကြသော်လည်း အကြောတင်းတင်း ပတ်ဟန်ဘင်းကတော့ ဂရုမစိုက်၊ မနေ့ကတည်းက ကြိုတင်ဝယ်ယူထားသည့် နှင်းဆီအနီပန်းစည်းနှင့် ချောကလက်ဘူးတွေကို ထယ်ရယ့်စားပွဲပေါ် တင်နေသည်။
"ပတ်ဟန်ဘင်း"
"ထယ်ရယ်လာပြီ"
ထိုစဉ် အနောက်တံခါးကနေ ဝင်လာသော မော်နီတာ ထယ်ရယ်ကြောင့် အားလုံး လှုပ်လှုပ်ရွရွဖြစ်သွားကြသည်။ ဟန်ဘင်းလည်း ထယ်ရယ်ကိုမြင်တော့ ပါးစပ်က နားရွက်တက်ချိတ်မတတ် ဖြီးသွားသည်လေ။
"စာမလုပ်ဘဲ အရည်မရအဖတ်မရတွေပဲ လုပ်နေတော့ အဆင့်လေးဆယ်က ဘယ်တက်တော့မလဲ"
"ထယ်ရယ်ကလည်း ငါမနေ့ကတည်းက သေချာရွေးထားတာလေးတော့ လက်ခံပေးပါ နော် နော်"