အမှောင်ထုကြီးစိုးသော ညသန်းခေါင်ယံအချိန်တွင် လမ်းဘေးတစ်နေရာ လူသွားလမ်းထောင့်မှာ ငုတ်တုပ်ထိုင်နေသော လူတစ်ယောက်ရှိနေခဲ့သည်။ သူ့ဘေးတွင်လည်း ယိုင်လဲနေသော ဆိုဂျူနှစ်ပုလင်းနှင့် စားလက်စ သုံးမြှောင့်ထမင်းလိပ်တစ်ခုလည်း ရှိနေခဲ့သည်။
"ငါက အဲ့ပိုက်ဆံတွေကို ဘယ်လိုပြန်ဆပ်ရမှာလဲလို့"
မူးပြီးအသိစိတ်မလွတ်ရုံတမယ်ဖြစ်နေတာကြောင့် ဗလုံးဗထွေးအော်နေတာကိုလည်း ဘေးက ဖြတ်သွားတဲ့လူတွေက ဂရုမစိုက်ကြ။ ခေါင်းထဲမှာ တရိပ်ရိပ်ဖြစ်လာတာကြောင့် ပလက်ဖောင်းပေါ် ခေါင်းချအိပ်ဖို့ ပြင်လိုက်သည့်အချိန်မှာပင် သူ့ခေါင်းအောက်ကို လက်ဖဝါးနှင့် လာခံပေးသည့် အထိအတွေ့တစ်ခုကို ခံစားလိုက်ရသည်။
"ဒီမှာ အိပ်လို့မရဘူး"
"မင်းကဘယ်သူလဲ...မျက်နှာကို မြင်ဖူးသလိုလိုပဲ
အဟင်း""စကားတွေမများနဲ့တော့ ဂင်ထယ်ရယ်၊ ဒီလိုနေနေတာ ရုပ်ပေါက်တယ်"
"ဟ ငါ့မှာနေစရာမှမရှိတော့တာ၊ ဘယ်လိုလုပ်ရမလဲ၊ ငါ့အိမ်ကိုလည်း သူတို့သိမ်းသွားကြပြီလေ"
"လောလောဆယ် ငါ့အိမ်မှာလိုက်နေ"
"ဟင်"
ချက်ချင်းအမူးပြေသွားသလို ခံစားလိုက်ရပြီး မျက်လုံးတွေကို ပွတ်ကာ ထိုလူရဲ့မျက်နှာကို သေချာကြည့်မိလိုက်သည်။ ဝိုးတဝါးမြင်ကွင်းကြောင့် ထိုလူရဲ့ မြေခွေးနှင့်တူသော မျက်လုံးနှင့် ရေးရေးလေးပေါ်နေသော ပါးချိုင့်ကလွဲ၍ ဘာမှမမြင်ရ။
သို့သော် အာရုံကမနေတော့ ပတ်ဟန်ဘင်းလားဟု ဖြတ်ခနဲတွေးမိသွားသည်။ အမူးက တကယ်ပြေသွားတာလားမသိ၊ မြင်ကွင်းတွေလည်း ရုတ်ချည်းကြည်လင်သွားကာ ထိုလူက ပတ်ဟန်ဘင်းမှန်း သေချာမြင်လာရသည်လေ။
"ပတ်ဟန်ဘင်း...?"
"သိပြီဆိုလည်း အခုထ"
"မင်းနဲ့ငါက လမ်းခွဲပြီးပြီလေ"
"အခု ဒီလိုအိမ်ခြေရာမဲ့ဖြစ်နေတာ ငါက မင်းကို ဒီတိုင်းထိုင်ကြည့်နေရမှာလား"
![](https://img.wattpad.com/cover/337555732-288-k205338.jpg)