နောက်တစ်နေ့မနက် အရုဏ်တက်ချိန်မှာ ဧည့်ခန်းထဲကနေ အသံတွေကြားရတာမို့ ထယ်ရယ် တရေးနိုးလာခဲ့သည်။အိပ်မှုန်စုံဝါးနဲ့ ထကြည့်လိုက်တော့ အထုပ်တွေဆွဲကာ ထွက်သွားဖို့ပြင်နေသည့် ဟန်ဘင်းကို မြင်လိုက်ရတာကြောင့် ခေါင်းနပန်းကြီးသွားပြီး သူကိုယ်တိုင်တောင် မသိလိုက်ဘဲ လက်ကိုအပြေးသွားဆွဲလိုက်သည်။
"ဘာလုပ်နေတာလဲ အချစ်"
"အိမ်ပြောင်းတော့မလို့"
"ဒီလောက်ထိ လုပ်ရမှဖြစ်မှာလား ဟင်?"
ထယ်ရယ့်ကို မျက်နှာလွှဲသွားတဲ့ ဟန်ဘင်းကိုကြည့်ရင်း သက်ပြင်းသာချလိုက်မိသည်။ တကယ်ပဲ ဟန်ဘင်းက သူ့ကို မချစ်တော့တာလား? ဟန်ဆောင်နေတာပဲ ဖြစ်လိုက်ပါတော့လား။
"လက်ကိုလွှတ်ပေးပါလား ကားခေါ်ထားတာ တိုက်အောက်မှာရောက်နေပြီဆိုလို့"
"ငါမင်းကိုသွားခွင့်မပေးနိုင်ဘူး၊ မင်းမှာ နောက်တစ်ယောက်ရှိနေတယ်ဆိုရင်တောင် ငါ့ရှေ့ခေါ်လာခဲ့၊ မင်းကို ငါ့ဘဝထဲက ထုတ်မသွားဖို့ ဒူးထောက်တောင်းပန်မယ်ဆိုရင်တောင် ငါတောင်းပန်မယ် အချစ်၊ငါလေ..."
"တော်ပါတော့ ဂင်ထယ်ရယ်၊ အဲ့လိုစကားတွေ ငါထပ်မကြားချင်တော့ဘူး ငါ့မှာနောက်တစ်ယောက်လည်း မရှိဘူး ဒီတိုင်း ငြီးငွေ့လာလို့ဆိုတာ ဘယ်နှခါပြောရမလဲ? ငါ့ကို အေးအေးဆေးဆေးလွှတ်ပေးလို့မရဘူးလား ကျေးဇူးပြုပြီး"
"အချစ်ရယ် မင်းဘာများဖြစ်သွားရတာလဲ"
ထယ်ရယ် စိတ်မထိန်းနိုင်တော့ဘဲ ကြမ်းပြင်ပေါ်မှာသာ ထိုင်ပြီး ငိုချလိုက်တော့သည်။ အရင်က ထယ်ရယ်မျက်ရည်တစ်စက်မကျအောင် စိတ်ချမ်းသာစေတဲ့ ဟန်ဘင်းက သူ့ကိုအခုတော့ အရှင်လတ်လတ် ငရဲကျခံနေစေတာ။
"ငါသွားတော့မယ် ကျန်းမာရေးဂရုစိုက်၊ ညနက်တဲ့ထိလည်း မနေနဲ့ဦး"
"အဲ့လိုစကားတွေပြောနေမယ်ဆို မထားခဲ့နဲ့လေ၊ ငါ့ကို စိတ်ပူတယ်ဆို မထားခဲ့နဲ့လေ ပတ်ဟန်ဘင်း အရူးလိုကောင်ရဲ့"
ပိတ်ကျသွားသော အိမ်အဝင်ဝတံခါးကိုကြည့်ရင်း မျက်ရည်တွေ စီးကျလာတာကို ထယ်ရယ်ထိန်းမရခဲ့ပါ။ တကယ်ပဲ သူ့အချစ်က သူ့ကိုထားသွားခဲ့ပြီ။ ထွက်သွားခါနီးတောင် ဂရုစိုက်ဖို့ မှာတမ်းခြွေနေတဲ့ အချစ်က ထယ်ရယ့်ကို မချစ်တော့ဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။