"နောက်ဆုံးတော့ ပြီးသွားခဲ့ပြီ အိုက်ဂူး၊ ညောင်းလိုက်တာနော် ထိုင်ရတာ တင်ပါးတွေတောင် ပြားတော့မယ်"
သုံးလပတ်စာမေးပွဲ ပြီးဆုံးခဲ့ပြီ။ ဆရာမက အဖြေလွှာလာသိမ်းသွားပြီးနောက် အတန်းဖော်တွေနှင့် အဖြေတောင် မတိုက်တော့ဘဲ ချက်ချင်းထပြေးဖို့ကြံနေသော ပတ်ဟန်ဘင်းပါလေ။
"ဖြေနိုင်လား ဟန်ဘင်း"
ကျန်းဟောက်က ပြုံးပြုံးလေးလာမေးနေတာကြောင့် သူလည်း ယောင်နနနှင့် ပြန်ပြုံးပြမိသည်။
"အင်း အပုဒ်စေ့ဖြေနိုင်တယ်"
"ကောင်းလိုက်တာ ငါတော့ သိပ်မသေချာတဲ့ တစ်ပုဒ်ရှိတယ်"
ကျန်းဟောက်က နှုတ်ခမ်းစူပြီး စိတ်မကောင်းသလိုပြောနေသော်လည်း စိတ်ထဲကတော့ ကြိတ်ပျော်သွားသည်။
"မှန်မှာပါကွာ၊ အခုရော ဘယ်သွားမလို့လဲ ရည်းစားနဲ့ချိန်းထားတာလား"
မျက်စပစ်ပြပြီး စပ်စပ်စုစုမေးလိုက်တော့ ကျန်းဟောက်က နားရွက်တွေရဲတက်သွားသည်အထိ ရှက်ပြီး ပြုံးစိစိသာလုပ်နေသည်။
"မမေးတော့ပါဘူး အေးဆေးသွားပါ"
"ဟဲဟဲ အဲ့ဒါဆို သွားပြီနော် ဟန်ဘင်းရေ"
"တာ့တာ"
လွယ်အိတ်ကိုဆွဲပြီး အတန်းအပြင်ထွက်လာတော့ တံခါးဝမှာ တစ်စုံတစ်ယောက်ကို ရပ်စောင့်နေသည့် ထယ်ရယ်ကိုတွေ့ရသည်။
"ဖြေနိုင်လား ထယ်ရယ်"
"အင်း မဆိုးပါဘူး မင်းရော"
"အဆင့်တစ်ရမယ်ထင်တာပဲ"
ရွှတ်နောက်နောက်ဖြေလိုက်တာကို ထယ်ရယ်က ဘာတွေ သဘောကျသွားလဲတော့မသိ တဟားဟားနှင့် ခုနစ်အိမ်ကြားရှစ်အိမ်ကြား အော်ရယ်တော့သည်။
"ဘာလို့ရယ်တာလဲဟ"
"မဖြစ်နိုင်ဘူးထင်လို့ပါ၊ ကဲ သွားမယ်လေ"
"ဟင် ဘယ်ကိုသွားမှာလဲ"
"မုန့်သွားစားကြမယ်လေ စာမေးပွဲလည်းပြီးပြီကို"
"လိုက်ခဲ့လို့ဖြစ်ရဲ့လား"
ထယ်ရယ်က သူကြိုက်တာကိုသာ အသိအမှတ်ပြုပေးတာ ဒီလို အပြင်မုန့်သွားစားဖို့ခေါ်တာမျိုးကတော့ အင်မတန်မှ ရှားသည်။ သူ ကြောင်တောင်တောင်မေးလိုက်တော့ ထယ်ရယ်က ဘာလို့မဖြစ်ရမှာလဲဆိုတဲ့ အကြည့်နှင့် မျက်စပစ်ပြသည်။