ကုတ်အင်္ကျီဝတ်ကာ အပြင်ထွက်ဖို့ဟန်ပြင်နေသော ပတ်ဟန်ဘင်းကိုတစ်ချက်ကြည့်ပြီး ထယ်ရယ် လှမ်းခေါ်မိလိုက်သည်။
"ဘယ်သွားမလို့လဲ ပတ်ဟန်ဘင်း"
"အပြင်"
တကယ်ကို နှစ်လုံးပဲပြန်ပြောလာပြီး ဖိနပ်ကြိုးချည်နေသော ပတ်ဟန်ဘင်းမှာ ထယ်ရယ့်အတွက်တော့ အတော်ကို အမြင်ကပ်ချင်စရာပင်။ အရင်ကတော့ ဒီလိုစွာတာလေးကိုမှ ချစ်ရတာဆိုပေမဲ့ အခုကျတော့ ချစ်ဖို့နေနေသာသာ သိပ်တောင်ကြည့်မရတော့ပါ။
"ယူရာဆိုလား ဘာဆိုလား မင်းရည်းစားအသစ်လား?"
"ဟုတ်ရင်လည်းဟုတ်မှာပေါ့..."
မပြတ်မသားပြန်ဖြေလာသော ဟန်ဘင်းကြောင့် ထယ်ရယ် ဒေါသထွက်ပြီး အံကြိတ်မိလိုက်သည်။ ဖိနပ်ကြိုးချည်ပြီး အေးရာအေးကြောင်း တံခါးဖွင့်ကာ အပြင်ထွက်သွားသော ပတ်ဟန်ဘင်းကတော့ သူ့ကို အိမ်မှာ တစ်ယောက်ထဲ ထားခဲ့ရက်သည်။ တစ်ယောက်ထဲတော့ မနေခဲ့နိုင်၊ အနောက်က လိုက်ချောင်းရမည်ဟုတွေးကာ ထယ်ရယ်လည်း ဧည့်ခန်းစားပွဲပေါ်တင်ထားသော ဦးထုပ်တစ်လုံးကို ဆောင်းလိုက်ပြီး ဟန်ဘင်းနောက်ကနေ မသိမသာလိုက်ရတော့သည်။
မှတ်တိုင်ဘက်ကို ဦးတည်ပြီးသွားနေတာမဟုတ်တဲ့ ဟန်ဘင်းကြောင့် ယူရာဆိုသောသူနှင့် ချိန်းထားတဲ့နေရာက လမ်းအကွေ့က ကော်ဖီဆိုင်မှာပဲဖြစ်ရမည်ဟု
ထယ်ရယ်တွေးလိုက်သည်။ ထင်ထားတဲ့အတိုင်းပင်
ဟန်ဘင်းတစ်ယောက် ထိုကော်ဖီဆိုင်ထဲသို့ တန်းတန်းမတ်မတ်ဝင်သွားတော့သည်။ ထယ်ရယ်လည်း ဦးထုပ်ကို ခပ်ငိုက်ငိုက်ပြင်စောင်းလိုက်ပြီး ဟန်ဘင်းနောက်သို့ ထပ်ကြပ်မကွာလိုက်ကာ ကျောပေးထိုင်လိုက်သည်။အမှတ်မထင်မြင်လိုက်ရတဲ့ ယူရာဆိုသည့်အမျိုးသမီးမှာ အတော်လေးလှတာကြောင့် ထယ်ရယ် မသိမသာစိတ်ပူသွားရသည်။ ထယ်ရယ်နဲ့လမ်းခွဲခဲ့တာမကြာသေးဘဲ ဒီလိုလှပသည့်ရည်းစားအသစ်ကို ဘယ်နားကများ ရှာလာတာပါလိမ့်ဟုတွေးပြီး ဒေါသလည်း အနည်းငယ်ထွက်လာသလိုပင်။
နားကို ကားနေအောင်စွင့်ထားလိုက်ပြီး ဘာမှာမလဲဟုလာမေးသည့် ဝိတ်တာကောင်လေးကိုပါ နှင်လွှတ်လိုက်ရသည်အထိ ထယ်ရယ့်မှာ စပ်စုချင်စိတ်အပြည့်ရှိနေသည်။