ဟန်ဘင်း အကိုဒူဘင်းနှင့် စာသင်နေတာ သုံးရက်ပင်ရှိပြီ။အကိုဒူဘင်းက ဘယ်လောက်တောင် တည်ငြိမ်အေးဆေးလည်းဆိုရင် ဟန်ဘင်း ဘယ်လောက်တုံးတုံး တစ်ခါမှလည်း မအော် ဆူလည်းမဆူပေ။
"ကဲ ဒီပုစ္ဆာကို ဘယ်ပုံသေနည်းနဲ့ ဖြေရှင်းမလဲ အရင်ပြောကြည့်"
"အဲ...ဟို...Pythagoras theoremနဲ့ ရှင်းရမယ်ထင်တယ် ဟုတ်လားဟင်?"
ဆရာမေးတာကို ပြန်သာဖြေနေတာ အသံမှာ ယုံကြည်ချက်တစ်စက်မှမရှိမှန်း သိသာသည်။
"ဟုတ်ရင်ဟုတ်တယ် မဟုတ်ရင်မဟုတ်ဘူး ရဲရဲပြောပါ ဟန်ဘင်းရဲ့"
"ဟုတ်တယ် အကို...နေဦး မဟုတ်သေးဘူးထင်တယ်၊ ဟုတ်သလိုလို မဟုတ်သလိုလိုနဲ့ ဟုတ်သွားပြန်ရော"
"ဟားဟား မင်းက တကယ်ကို သင်္ချာမှာ ယုံကြည်ချက်မရှိတာပဲ ကလေးလေးရဲ့"
အကိုဒူဘင်းက သဘောကျစွာရယ်ရင်း သူ့ဆံပင်တွေကို ခပ်ဖွဖွလေး ဆွဲဖွာလိုက်တာကြောင့် ဟန်ဘင်းလည်း လိုက်ရယ်မိသွားသည်။ အဲ့အချိန်မှာပဲ ဟန်ဘင်းအခန်းတံခါးဝမှာ ခါးထောက်ပြီး စိတ်အလိုမကျဖြစ်နေပုံရသော ထယ်ရယ်ကို အံ့အားသင့်စွာ တွေ့လိုက်ရသည်။
"ထယ်ရယ် ဘာလာလုပ်တာလဲ"
"ဘာလာလုပ်တာလဲဆို အတန်းထဲကျန်ခဲ့တဲ့ မင်းစာအုပ်ကို လာပေးတာဟေး၊ လုပ်လိုက်ရင် အမြဲတလွဲ ရှပ်ပြာရှပ်ပြာနဲ့"
ထယ်ရယ် ပစ်ပေါက်လိုက်သော စာအုပ်ကိုလိုက်ကောက်ပြီး ကျေးဇူးတင်မလို့ပဲရှိသေး ဒေါသအိုးက အခန်းတံခါးကို ဝုန်းခနဲပိတ်ကာ ထွက်သွားသည်။ စနေ တနင်္ဂနွေခံနေတာကြောင့် စာကျက်လို့မရမှာစိုးလို့ တကူးတက အိမ်အထိ စာအုပ်လာပေးသော အားကိုးရတဲ့မော်နီတာ အနာဂတ်ရည်းစားလေးပါလေ။
"ဟန်ဘင်းရည်းစားလား?"
"ဗျာ အခုတော့ မဟုတ်သေးပါဘူး လိုက်နေတုန်းပဲရှိသေးတယ် ဟီးဟီး"
"အကိုက အခုကတည်းက ရည်းစားဖြစ်နေပြီတောင်ထင်တာ ဟိုဘက်က သဝန်တိုသလိုဖြစ်နေလို့လေ"
"ဟာ မဟုတ်ပါဘူး အကိုကလည်း! သူကအဲ့လိုပဲ မှုန်ကုပ်ကုပ်နဲ့ ဒေါသကလည်းကြီးသေး"