Arc 3.19 (How Villians Are Made)

217 42 1
                                    

Unicode

ကားသည် မြို့အပြင်ဘက်ရှိ ရပ်စဲထားသည့် ဆောက်လုပ်ရေးဇုန်ကိုရောက်လာခဲ့သည်။ မြက်ရိုင်းကြီးများသည် လူ့တစ်ရပ်နီးပါးအရှည်ရှိကာ အမှောင်ထဲ လှုပ်ရှားနေသည် မကောင်းဆိုးဝါးများနှင့် အလွန်တူလေသည်။

ပတ်ဝန်းကျင်တစ်ခုလုံးလည်း တိတ်ဆိတ်နေကာ ပုဇဉ်းရင်ကွဲအော်သံစူးစူးသာ ကြားနေရသည်။ တစ်ချက်တစ်ချက် ထွက်ပေါ်လာသည့် လေတိုးသံ တဝေါဝေါကလည်း ကြားရသူကို ကျောချမ်းစေသည်။

တစ်ဝက်တစ်ပျက်သာပြီးစီးသေးသည့် အဆောက်အဦးကြီးအောက်နားတွင် မီးရောင်ပျပျဖြင့် ကားတစ်စီးရှိနေသည်။ ထိုကားနှင့် ခပ်လှမ်းလှမ်းတွင် ကားရပ်လိုက်ပြီး သုံးယောက်သား ကားပေါ်ကဆင်းကြသည်။

" မာတင်....ကားထဲမှာ စောင့်နေ၊ ဒရိုင်ဘာနေရာမှာ လာထိုင်နေ၊ ဒါက လိုရမယ်ရယူထားချေ "

ဒါရာသည် မာတင်ကို ဒရိုင်ဘာနေရာသို့လာစေပြီးနောက် လက်ထဲကို ပစ္စတိုတစ်လတ်ထည့်ပေးလာသည်။ သေနတ်ဘယ်လိုပစ်ရမလဲ ထယ်ယောင်းမသိသော်လည်း လက်ခံထားလိုက်သည်။ အဲဗင်းန်နှင့် ဒါရာသည် အထုပ်လေးထုပ်ကို ကားထဲမှထုတ်ကာ ခပ်လှမ်းလှမ်းရှိ ကားထံကို သယ်သွားကြသည်။

" ခီရန်..."

ကားထဲ မည်သူမှ မရှိတော့သောကြောင့် ခီရန်သည် ထယ်ယောင်းအင်္ကျီလည်ပင်းအပေါက်ထဲမှ ခေါင်းပြူထွက်လာသည်။

" သူတို့နောက် လိုက်သွားချင်လား...တစ်ခုခုဆို သူတို့ကို ကူညီလို့ရအောင်..."

" မသွားချင်ဘူး ပျင်းတယ်..."

ခီရန်သည် ပျင်းသည်ဟုဆိုကာ အင်္ကျီထဲပြန်ဝင်သွားကာ လက်ဖျံတွင် ပြန်လည်ရစ်ခွေနေသည်။ ထယ်ယောင်းစိတ်ပူနေသည်ကို သိသည့်အတွက် ခီရန်က စိတ်ချင်းဆတ်သွယ်ပြီး စိတ်မပူဖို့ရာ ဖျောင်းဖျပေးလာသည်။

" စိတ်မပူပါနဲ့၊ ငါတုန်းကဆို ကျည်ဆန်18တောင့်နဲ့အပစ်သတ်ခံရတာ...ဒါပေမယ့် ငါမသေခဲ့ဘူး..."

ခီရန်၏ ကြွားဝါးနေသောလေသံကြောင့် ထယ်ယောင်းမျက်ဖြူလှန်လိုက်မိသည်။ လောကတွေအားလုံးကလူတွေက ထိုမြွေစုတ်ကို သတ်လည်းသတ်ချင်စရာပင်။ လေသံရော အကျင့်လေးရော အချိုးပြေမနေပေ။

 Task-Taker Where stories live. Discover now