EP 4 Z

16 1 0
                                    

EP 4

05130325

“ဟင်း..”
မီနာ သက်ပြင်း တစ်ချက် ချလိုက်မိပြီး ရှေ့ကို ခြေတစ်လှမ်း တိုးမိသည်။
မနက် နိုးနေကျ အချိန် နိုးလာသော်လည်း သူ့ကို နှိုးဖို့ကတော့ တွန့်ဆုတ်နေသည်။
မီနာ အိပ်ရာနိုး လာချိန် တစ်ဖက်က အိပ်မောကျနေတဲ့ အသက်ရှုသံကြောင့် မနှိုးတော့ပဲ အခန်းပြင် ထွက်လာခဲ့ရတာ..။
ကိုယ်လက်သန့်စင် ဝူဇူလုပ်ပြီးတော့ အခန်းထဲ ပြန်ရောက်လာချိန်မှာတော့ နှိုးသင့်တယ်လို့ ထင်မိသည်။
ခုတင်တစ်ဖက် အစွန်းမှာ ပြန်ထိုင်လိုက်ပြီး ကျောပေးထားရင်းက ဘယ်လိုနှိုး ရမလဲ တွေးကြည့်မိသည်။
“ဟို..ဟို တစ်ယောက်…”
မီနာ့ အသံက တိုးလွန်းလို့ ကိုယ်တိုင်တောင် သေချာ မကြားတာ သူက ဘယ်လို နိုးမလဲ..။
အသံကျယ်ကျယ် နိုးဖို့ကလည်း အဆင်မပြေ..။
မီနာ သက်ပြင်း ထပ်ချလိုက်ပြီး အနောက်ကို ခေါင်းငှဲ့ကြည့်မိသည်။
အိပ်ပျော်နေတဲ့ သူ့မျက်နှာကိုတွေ့လိုက်တာနဲ့ ရင်တွေဆောင့်ခုန်လို့ ကပျာကယာ အကြည့်ပြန်လွဲလိုက်ရသည်။
နာရီဆီကို အကြည့်ရောက်သွားတော့ ကိုယ်ပါ နောက်ကျတော့မှာမို့ စိတ်ကို တင်းလိုက်သည်။
“ဟို…ဟိုတစ်ယောက်….”
မီနာ ခပ်တိုးတိုး ခေါ်ရင်း လက်ကလည်း အနောက်ဘက်ကို လှမ်းတွန်းလိုက်မိသည်။
ဘာမှ မထူးခြားတော့ စိတ်က တိုလာသည်။
ဖုန်းရှိတာပဲ အလန်းပေးထားပါလား..။
သူများ အပြစ် ဖြစ်အောင် နှိုးခိုင်းတာ..။
မနှိုးလည်း အပြစ် ဖြစ်မယ် နိုးတော့လည်း မရဘူး..။
“ဟိုတစ်ယောက်လို့…”
မီနာ လှည့်မကြည့်ပဲ လက်ကို နောက်ပြန်ထားရင်း ရှေ့တိုးကာ တစ်ချက်တွန်းပစ်လိုက်သည်။
“ထတော့လို့…မီ ပါ နောက်ကျတော့မယ်…”
“………”
အသံတိုးလို့ မနိုးတာ နားလည်ပေမဲ့ ခုက သူ့လက်ကို လှုပ်နေတာလေ..။
အဲလောက်တောင် အိပ်ပုတ်တာလား..။
“ဟွန့်…”
“ဟ…”
မီနာ စိတ်တိုတို ဖြင့် ပိတ်တွန်းပစ်လိုက်ချိန် လက်ကိုဆုပ်ကိုင်လိုက်လို့ လန့်ဖြတ်ကာ တုန်သွားရသည်။
“လွှတ်…”
လက်အိတ်မပါတဲ့ လက်ဖျားတွေကို ဆုပ်ကိုင်ထားလို့ ရုန်းဖယ်ရင်း ပြောလိုက်ပေမဲ့ လွှတ်မပေးတော့ လည်ပြန်ကြည့်မိသည်။
လူကို ကြည့်နေမှန်း သိတော့ ကပျာကယာ မျက်နှာပြန်လွဲလိုက်ရသည်။
“နိုးရင်ထ နောက်ကျနေပြီ….”
“အင်း..မီနာ နှိုးနေတာ ကြာပြီလား…”
“အင်း…”
“အဝေးကြီးက နှိုးနေတာကိုး..အနားလာ နှိုးပါလား..မီနာရဲ့…ကိုက်မစားပါဘူး…”
“‌နောက်နေ့ ထ ချင်ရင် ကိုယ့်ဟာကို ဖုန်းအလန်းပေးထား…မီ မနှိုးတော့ဘူး…”
“အင်း…ဖုန်းအလန်းပေးရင် တစ်ခါမှ မနိုးဘူး…ခုမှ နိုးတော့တယ်…ဂျဇာကလ်လာခိုင်း..”
တမင် တကာ ရန်စ ပြောနေတာ သိလို့ မီနာ လက်ကို ရုန်းပစ်လိုက်ပြီး ခုတင်ပေါ်က ထလာခဲ့လိုက်သည်။
နမာဇ်ဖတ်ဖို့ အခင်းခင်းလိုက်တော့မှ ခုတင်ပေါ်ကနေ ထ ပြေးလို့ မီနာ လှည့်ကြည့်မိသည်။
ဘာဖြစ်တာလဲ …ခုမှ အသည်းအသန် နဲ့ နှိုးနေတာ ကြာလှပြီကိုပဲ..။
မီနာ ခေါင်းစည်းဝတ်လိုက်ပြီး အခင်းပေါ် တက်ချိန် ဘေးမှာ အခင်းတစ်ခု ခင်းတော့ လှည့်ကြည့်ရသည်။
“တူတူဖတ်မယ်လေ..”
“အမ်….တူတူဖတ်မယ်…ဗလီက အိမ်ရှေ့မှာလေ…”
“နောက်ကျနေပြီလေ…မမှီတော့ဘူး…”
မီနာ နာရီ ကြည့်လိုက်တော့လည်း နေတောင် ထွက်လာတော့မှာမို့ ဘာမှ မပြောပဲ ထားလိုက်ရတော့သည်။
ကိုယ့်အခင်းကို ယူပြီး သူ့အနောက်မှာ ခင်းလိုက်ရင်း စိတ်ထဲ တမျိုးဖြစ်လာပြန်သည်။
အခုလို ယောက်ျားတစ်ယောက် အနားမှာ နေပြီး ဝတ်ပြုရမယ်လို့ မတွေးထားဖူးတော့ နေရခက်ပါသည်။
ပြီးတော့သူက သာမန်လူ တစ်ယောက်လေ…။
သေချာ ဖတ်တက်ရဲ့လား မသိပါဘူး..။
“ဟိုတစ်ယောက်…”
“ဟင်..”
“ဖတ်တက်ရဲ့လား…”
“ဟင့်အင်း…”
“အမ်…”
သူက အလွယ်တကူ ခေါင်းရမ်းတော့ မီနာ့မှာ  အံသြလွန်းလို့ မျက်လုံးပင် ပြူးသွားရသည်။
ဒါဖြင့် ဘာကို ဖတ်ဦးမှာလဲ..။
“စတာပါ…ဖတ်တက်ပါတယ်…”
အခင်းပေါ် မှာ ရပ်ပြီး ဝတ်ပြုတာနဲ့ အသံထွက်မတူလို့ မီနာ ရယ်ချင်သွားသည်။
စိတ်ကို မနည်းထိန်းပြီး ဝတ်ပြုတာကိုသာ  အာရုံစိုက်ထားရသော်လည်း စာပိုဒ်တွေ ရှေ့မရောက်ရင် စာထောက်ပေးရသေးသည်။
ဒီနေ့ ဖဂျဟ် မနက်အစော ၀တ်ပြုမှု ကတော့ အကြာဆုံးပဲ..။
“ပြောတော့ ဖတ်တက်တယ် ဆို…”
“အင်း..စာတွေက နည်းနည်းမေ့သွားတာ…”
အပြစ်လုပ်ထားသူလို ခေါင်းကုတ်ရင်း ပြုံးစေ့စေ့ဖြင့် ပြောနေတော့ မီနာ အကြည့်လွဲကာ အခင်းကို ကောက်ယူလိုက်သည်။
“ကျောင်းပြန်တက်ရမယ်…”
“ဟာ…မလုပ်ပါနဲ့..ကလေးတွေနဲ့ တူတူ ‌ကျောင်းတက်ရမှာ ရှက်စရာကြီး..”
မီနာ အခင်းသိမ်းရင်း တစ်ချက်ရယ်မိပြီးမှ အခင်းကို ခေါက်ကာ အဝတ်တန်းပေါ် တင်လိုက်သည်။
သူကလည်း မီနာ လုပ်တာ ကြည့်ပြီး လိုက်လုပ်တော့ ရန်စနေတာလားလို့ တစ်ချက် ကြည့်မိပေမဲ့ ပုံမှန်ပဲမို့ ဘီဒိုရှေ့ကို ရောက်သွားကာ ခေါင်းစီးလည်း ချွတ်သိမ်းလိုက်သည်။
သူ့ကို ရှောင်နေစရာ မလိုတော့လို့ မီနာ လုပ်နေကျ အတိုင်း ဆံပင်ဖြီးဖို့အတွက် ကျစ်ဆံမြီးကျစ် ခေါက်လိမ်ထားတာကို အရင် ဖြည်ရသည်။
“မီနာ က ဆံပင် ရှည်တယ်နော်…”
“အင်း…ဆယ်ခြောက်နှစ်ကတည်းက မညှပ်တော့တာ…အဖျားတော့ တိရသေးတယ်…နောက်ပြီး ကျွတ်လို့..မဟုတ်ရင် အရှည်ကြီး ဖြစ်ဖို့လေ…ဘူဘူးက ပိုရှည်တယ်…ခြေသလုံးရောက်တယ်…မီ က အဲ‌လောက်ရှည်ချင်တာ…”
“အဟွင်း..”
“ဟင်…”
မီနာ ဆံပင်ဖြီးနေရင်း ရယ်သံကြောင့် လှည့်ကြည့်မိတော့ ပြုံးစေ့စေ့နဲ့ ခေါင်းရမ်းပြသည်။
“ဟိုတစ်ယောက် က ဘာရယ်တာလဲ…”
“အဟက်…မီနာ က တကယ် ချစ်ဖို့ကောင်းတာပဲ…”
“ဟင်…”
မီနာ မျက်နှာပူသွားကာ အကြည့်ပြန်လွဲ၍ ခေါင်းဆက်ဖြီးနေလိုက်ရသည်။
ဘာမှန်းကို မသိဘူး..။
မီနာ က ချစ်ဖို့လည်း မကောင်းပါဘူး..။
သူ က အဲလို ပြောတိုင်း ရှက်ရသလို ရင်ခုန်ရတာလည်း ပင်ပန်းသည်။
ကိုယ်ခေါင်းဖြီးတာကို ထိုင်ကြည့်နေတော့ နေရခက်လို့ မြန်မြန် ဖြီးလိုက်ပြီး အခန်းပြင်ကိုပဲ ထွက်လာခဲ့လိုက်သည်။
အပါ့ အတွက် လက်ဖက်ရည်ဖျော်ပြီး နံနက်စာလည်း တစ်ခါတည်း ပြင်ထားရသည်။
မနက် အတန်းအတွက် စာပြဖို့ သွားရဦးမည်လေ..။
ဟိုတစ်ယောက် ကလည်း အလုပ်သွားတာလား ဘာလား တော့ မသိပါဘူး..။
မနက်ဆိုရင် ထွက်သွားတာပါပဲ..။
“အပါ…မုန့်စားဖို့လေ…”
အပါ က မီနာ့ကို တစ်ချက် ကြည့်ပြီး ပြုံးကာ ခေါင်းညိတ်ပြသည်။
ပုံမှန် အတိုင်းနေပြတော့မှ သဘောကျတော့တာ..။
သမီးထက် အဲလူကို ပိုဂရုစိုက်တာ မကျေနပ်သော်လည်း မတက်နိုင်ပါဘူးလေ..။
“အိုမာ…သား..လာလေ…တစ်ခါတည်း စား…”
“ဟုတ်ကဲ့…”
“……..”
“ကျွန်တော်နဲ့ တူတူ စားလို့ရပြီလား..မီနာ..”
မီနာ့ လက်ထဲက လက်ဖက်ရည်ခွက်ကို လက်ကမ်းယူရင်း ခပ်တိုးတိုး မေးတော့ မျက်လွှာချထားရင်း ခေါင်းညိတ်လိုက်မိသည်။
မဟုတ်ရင် အပါက ရိုက်တော့မည်လေ..။
“စားတက်ရဲ့လား…အပါတို့က အိမ်လုပ်မုန့်ပဲ စားနေကျမို့လို့…သား မစားတက်ရင် စားချင်တာ ဝယ်စားနော်…ဒါမှ မဟုတ် မီနာ့ကို ပြောပြီး ချက်ခိုင်းလိုက်ပေါ့…”
“စားတက်ပါတယ်…အပါ…”
“အချိုမုန့်တွေ ဘာတွေကော ကြိုက်တယ်မလား…”
အပါ က မုန့်စားနေရင်း ပြုံးစေ့စေ့ဖြင့် ပြောတော့ မီနာ နှုတ်ခမ်းစူချင်သွားသည်။
“ဟုတ်ကဲ့…ကြိုက်ပါတယ်…”
“ကဲ…ကြားလား..မီနာ..”
ဟိုတစ်ယောက်က ကြိုက်ပါတယ် ပြောလိုက်တာနဲ့ အပါ က မီနာ့ဘက်ကို လှည့်လာပြီ..။
“ကြိုက်ရင် ဝယ်စားပေါ့…မီ မှ မလုပ်တက်တာ..”
“ဟင်…သြော်…မလုပ်ခိုင်းပါနဲ့..အပါ..ကြိုက်တယ် ဆိုတာ စားတက်တယ်လို့ ပြောတာပါ….”
“ဘာပဲဖြစ်ဖြစ် ချက်တက်ထားတော့ ကောင်းတာပေါ့…”
“………”
မီနာ မုန့်ကိုသာ ကြည့်ပြီး စားနေရပေမဲ့လည်း မကျေနပ်နိုင်ပါ..။
မုန့်စားနေရင်း တစ်ခု သတိရသွားတော့မှ ဝမ်းသာသွားသည်။
“အပါ…သူ့ကို ကျောင်းမှာ စာခေါ်သင်ပေးလိုက်ဦး…စူရဟ်တွေ မရဘူး…”
“ဟင်…”
မီနာ ပြောလိုက်တော့ လက်ဖက်ရည်ခွက်ကို ပါးစပ်မှာတေ့လျက်သားဖြင့် မျက်လုံး ပြူးနေသည်မို့ ပြုံးမိကာ မျက်လွှာချလိုက်ရသည်။
“ဟုတ်လား…သား…”
“ဟို…ကျွန်တော် သင်ထားပါတယ်..ဒါပေမဲ့…မေ့ကုန်တာပါ…စာပြန်နွှေးလိုက်ရင် ရပါတယ်..ဗလီမှာပဲ အမြဲ ဖတ်တော့ ရပြီးသားပေမဲ့ မေ့ပြီး သိပ်မဖတ်တက်တော့တာပါ…”
လက်ထဲက လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ရှင်းပြနေတော့ အပါ က ခေါင်းညိတ်နေပေမဲ့ မီနာကတော့ တွန်းပို့ရမှာပဲလေ..။
“ပြန်နွှေးရင်လည်း အပါနဲ့ဆို ပိုမြန်ပါတယ်…ကျောင်းသားတွေနဲ့ဆို မြန်မြန်တက်တာပေါ့…”
“အင်း..ဒါလည်း ဟုတ်တာပဲ…မနက်ကျောင်းကို လာလိုက်လေ…”
မီနာ စိတ်ထဲ ဝမ်းသာမှုကြောင့် ပြုံးလိုက်ကာ လက်ဖက်ရည် ခွက်ကို ကိုင်ပြီး နည်းနည်း မော့သောက်လိုက်သည်။
“ဟို…အဲဒါက…ဟို…ကျွန်တော်က မနက်ပိုင်း အလုပ်သွားလုပ်ရတော့လေ…‌ကျောင်းမှာ သင်ဖို့က အဆင်မပြေဘူး….ညပိုင်းတော့ အားတယ်လေ…အပါကော မီနာကော အိမ်မှာပဲဆိုတော့ အဲ့အချိန်က ပိုအဆင်ပြေမလားလို့..”
“အင်း..အဲဒါလည်း ဟုတ်တယ်…”
“အာ..အပါ က အဲ့အချိန်ဆို ပင်ပန်းနေပြီလေ…မနက်စောစောဆို အလုပ်မှ မသွားရသေးတာ..ခုကစပြီး ကိုးနာရီထိ အချိန်ရတယ်မလား…”
“ညပိုင်းက ပိုကောင်းပါတယ်…သမီးလည်း အားနေတာပဲ…စက်ချုပ်ရင်း သားကို စာပြပေးလို့ရတယ်လေ…သူလည်း မပျင်းရတော့ဘူးပေါ့…”
“ဟင်…”
မီနာ့မှာ မျက်လုံးပြူးသွားပေမဲ့ ဟိုတစ်ယောက် ကတော့ ခေါင်းညိတ်ပြီး ပြုံးကာ လက်ဖက်ရည် ပြန်သောက်နေပြီ..။
သူ့ကို မကျေနပ်တာပါဆို ခုတော့ ကိုယ်က ပါသွားရပြန်ပါပြီလေ..။
.
“မီနာ…စာသင်သွားတော့မလို့လား..”
“အင်း…ဟိုတစ်ယောက်အတွက် ထမင်းပြင်ထားတယ်…အပါတောင် ထမင်းစားစောင့်နေသေးတယ်….”
မီနာ လက်အိတ်တွေ ဝတ်ရင်း ပြောလိုက်ပေမဲ့ အခန်းထဲထိ ဝင်လာတော့ စိတ်လှုပ်ရှားရပြန်ပါသည်။
တော်သေးတာပေါ့ အဝတ်တွေ လဲပြီးသွားလို့..။
အဝတ်တန်းဆီကို ဦးတည်သွားတော့ မီနာ နားမလည်လို့ မှန်ထဲကနေ စောင့်ကြည့်နေမိသည်။
ခေါင်းစည်းနဲ့ မျက်နှာအုပ်ကို ယူလိုက်ကာ မှန်ထဲကို ကြည့်တော့ အကြည့်ချင်းဆုံသွားလို့ ကပျာကယာ မျက်လွှာချလိုက်ရသည်။
“မီနာ ခွင့်ပြုရင်…ဒါတွေ ဝတ်ပေးချင်လို့ပါ…ရမလား..”
“ဟင်…ဘာလို့လဲ…”
မီနာ အံသြလို့  မျက်လွှာပင့်ကြည့်မိပေမဲ့လည်း သူ့မျက်လုံးနဲ့ဆုံသွားချိန် မကြည့်ရဲလို့ ပြန်ငုံ့နေရပြန်ပါသည်။
“မီနာ့ကို ကျွန်တော်ပဲ ကြည့်ခွင့်မြင်ခွင့်ရတာ ဂုဏ်ယူတယ်…မီနာ့ ပရ်ဒါ ကို ကိုယ်တိုင် ဝတ်ပေးချင်တယ်…ဖြစ်နိုင်ရင် ပရ်ဒါကိုလည်း ကျွန်တော်ပဲ ချွတ်ပေးချင်တယ်…”
“……..”
“ဟင်…ရတယ်မလား…”
မီနာ ဘာပြောရမှန်း မသိတော့လို့ ခေါင်းကိုပဲ ဖြည်းဖြည်း တစ်ချက် ညိတ်ပြလိုက်ရသည်။
ရှေ့မှာလာရပ်တော့ စိတ်လှုပ်ရှား ရင်ခုန်ရင်း ကိုယ်ကို ကျုံ့ထားမိသည်။
“နှစ်ထပ်လား..”
“ဟင်..မဟုတ်ဘူး…ဟိုဘက်က အရှည်က အရင်ဝတ်ရတာ…”
“သြော်…ဒါ…”
“အင်း…”
သူ့လက်ထဲက မျက်နှာအုပ်ကို သူ့ပခုံးပေါ် တင်လိုက်ပြီး ခေါင်းစည်းကို လက်ထိုးကာ သေချာ နေရာချပြီး မိနာ့ မျက်နှာရှေ့ရောက်လာတော့ မျက်လုံးတောင် မှိတ်လိုက်မိသည် အထိ လန့်နေမိသည်။
‌သူများ က ခေါင်းစည်း ဝတ်ပေးရအောင် ခြောက်နှစ် သမီးလေးလည်း မဟုတ်တော့ နေရခက်လိုက်တာ..။
မေးပေါ်အောင်အထိ သေချာ ဆွဲချပြီး နဖူးပေါ်လည်း နည်းနည်း ဆွဲတင်ပေးတော့ မျက်လွှာချထားပေမဲ့လည်း  အသက်တောင် မရှုဝံ့ပါ..။
“ကြိုးနှစ်ဖက်က..”
“ဘေးပေါက်ကို ထည့်ရမှာ..”
“သြော်…တွေ့ပြီ..မှတ်မိပြီ…ထည့်ပြီး ခေါင်းနောက်မှာ ချည်လိုက်တာ မှတ်လား…ညတုန်းက ကြိုးမှားဖြည်မိသေးတယ်…”
မီနာ ဘာမှ မပြောပဲ ခေါင်းညိတ် ပြလိုက်ပေမဲ့ သူကတော့ ကြိုးကို သေချာ ထည့်ပြီး မီနာ့အနောက်ကို ရောက်သွားကာ ခေါင်းနောက်မှာ ကြိုးကို သေချာ ချည်ပေးသည်။
“ရရဲ့လား…မီနာ ကြည့်ပြီး ပုံချလိုက်ဦး…”
မီနာ မှန်ထဲမှာ ကြည့်လိုက်တော့ နဖူးပေါ်မှာ နည်းနည်းစောင်းနေလို့ လက်နဲ့ ဆွဲတည့်လိုက်ပေမဲ့ မှန်ထဲမှာ ကြည့်နေတဲ့ သူ့ကို သတိထားမိတော့ မျက်လွှာချလိုက်ရပြန်သည်။
“ရပြီလား…မျက်နှာအုပ်လိုက်တော့မယ်နော်…”
“အင်း…”
မီနာ ‌မျက်နှာရှေ့မှာ လက်ရောက်လာပြီး ခေါင်းနောက်ကို ကြိုးသိုင်းချည်ပေးတော့ အနီးကပ်နေတဲ့ အနေအထားကြောင့် ရင်ခုန်သံတွေ ကျယ်လောင်နေသည်။
“ရပြီ…နောက်ကို တစ်လွှာ ဆွဲချတာမလား..ချလိုက်မယ်နော်…”
မီနာ ခေါင်းညိတ်လိုက်တော့ မျက်နှာရှေ့က ပုဝါ တစ်စကို ယူပြီး ခေါင်းနောက်ကို ဆွဲချပေးသည်။
“အဆင်ပြေရဲ့လား…တအားကြပ်နေလား…”
“………”
မီနာ ခေါင်းရမ်းလိုက်ပြီး ခုတင်ပေါ်က လွယ်အိတ်ကို ယူလိုက်ရသည်။
သူ့ရှေ့မှာဆို နှလုံးခုန်မြန်ပြီး လဲကျတော့မည်လေ..။
အခန်းထဲက ထွက်လာချိန် အနောက်က စလာမ်ပေးသံကြောင့် ရင်တုန်သွားသည်။
ခပ်တိုးတိုးသာ စလာမ်ယူလိုက်ရပေမဲ့လည်း သူ့ကိုတော့ ပြန်မပေးမိပါဘူး..။
အပါ သိရင် ပြောင်းပြန် ဖြစ်နေတယ်ဆိုပြီး ဆူပါလိမ့်ဦးမည်..။
အမာ က အပါ့ကို ရိုသေလေးစား သလို ဘူဘူးကလည်း သူ့ယောက်ျားကို ရိုသေလေးစား ကြပေမဲ့ မီနာ့အတွက်တော့ ခက်ခဲနေသည်။
အပါ ထင်သလိုမျိုး အထင်သေးတာ မဟုတ်ပါဘူး..။
ရင်းရင်းနှီးနီး ပြောဆို ဖို့အတွက် ရှက်ကြောက်နေမိတာမျိုးပါ..။
မီနာ ကျောင်းဝန်း အပြင်ကို ရောက်လာတော့ လမ်းဘေးမှာ ဆေးလိပ်ထိုင်သောက်နေတဲ့ သူ့သူငယ်ချင်း နှစ်ယောက်ကို တွေ့ရချိန် စိတ်ထဲ တမျိုး ဖြစ်ရသည်။
မီနာ ဆက်လျှောက်လာသော်လည်း စိတ်ထဲမှာ အတွေးတွေဖြင့်သာ ရှုပ်ထွေးနေရပါသည်။
.
“ဟုတ်လား.. …မာရှာလာဟ်..ကောင်းတယ်…အမျိုးသားက ဘယ်ကလဲ…”
“အပါ စီစဉ်တာပါ…”
မီနာ မဝံ့မရဲပြောလိုက်ပေမဲ့လည်း စိတ်ထဲမှာတော့ အားငယ်မိသည်။
ကိုယ့်ကို စာသင်ဖူးတဲ့ ဆရာမ လာလည်တာ ပျော်သော်လည်း ချက်ချင်း ဝမ်းနည်းမိသွားသည်။
“မပြောပါနဲ့တော့…..သမီး တစ်ယောက်တည်း ရှိတာကို ပေးစားလိုက်တာ ကြည့်ဦး…ကျွန်မဖြင့် နမျောလွန်းလို့ ငိုတောင် ငိုမိတယ်…ဆရာမရယ်…”
“ဘာဖြစ်လို့လဲ..”
“ဒီလောက် အာလင်မ်တွေ လာကမ်းလှမ်းထားတာကို…နောင်မွတ်စလင်မ် တစ်ယောက်နဲ့ ပေးစားလိုက်တယ်လေ..အရင်က တော်တော်ဆိုးတဲ့ကောင်လေး…ခုတော့ လိမ်မာသွားပါပြီ…ဒါပေမဲ့ သူ့ကို နမျောတာပေါ့ ဆရာမရယ်…”
“သြော်…အရှင့်အလိုတော် အတိုင်း ဖြစ်လာတာပဲ …”
မီနာ မျက်လွှာချထားရင်း နားထောင်နေရပေမဲ့လည်း ငိုချင်လာသည်။
ကျောင်းမှာ စာသင်တဲ့ ဆရာမချင်း အတူတူ ဆိုပေမဲ့ မီနာက အငယ်ဆုံး.။
အကြီးတွေက ဆရာမနဲ့ တိုင်သလို ပြောနေတော့ အပြစ်မလုပ်ထားပါပဲ စိတ်မကောင်းဖြစ်နေရသည်။
သူတို့ကတော့ ကျောင်းဆရာတွေနဲ့ အိမ်ထောင်ကျထားတာလေ..။
မီနာ ကိုယ့်ကိုယ်ကို သိမ်ငယ်ကာ ဝမ်းနည်းမိသည်။
စာသင်နေရသော်လည်း စိတ်က အဆင်မပြေပါဘူး..။
ဆရာမ အလည်လာချိန် အနားမှာနေပြီး ပြုစုပေးသင့်တာ သိသော်လည်း ကျောင်းချိန်ပြီးတာနဲ့ အိမ်ပဲ ပြန်ခဲ့လိုက်သည်။
“မီနာ…”
“ဟင်…”
ကျောင်းထဲက ထွက်လာချိန် ရပ်နေတဲ့ သူ့ကိုတွေ့တော့ လန့်ပြီး တုန်သွားရသည်။
“မိုးရွာမယ် ထင်လို့…ထီးလာပေးတာ…”
သူ့လက်ထဲက ထီးကို ကမ်းပေးတော့ မီနာ လှမ်းယူလိုက်ရသည်။
မိုးမှောင်ကျနေတော့ လူသွားလူလာလည်း မရှိပါဘူး..။
မိုးဖွဲတွေကျလာပြီမို့ ထီးဖွင့်ကာ ဆက်လျှောက်မိသည်။
သူနဲ့လည်း တွဲမလျှောက်ချင်လို့ ခြေလှမ်းမြန်မြန်ပဲ လျှောက်မိတာ သူကလည်း အနားကို လိုက်မလာတာ ဝမ်းသာသည်။
“ကျွီ..”
မီနာ့ဘေးမှာ စက်ဘီးတစ်စီး ထိုးရပ်လိုက်တော့ လန့်ပြီး လှည့်ကြည့်မိသည်။
အပါတို့အရွယ် လူတစ်ယောက်က မိုးစိုနေတာ..။
“----ဗလီလမ်း ကို ဘယ်က သွားရလဲ…သမီး…”
“ဟင်..ဒီရှေ့က ဝင်တာပါ…”
“ဘာပြောတာလဲ…”
မီနာ ပြောလိုက်သော်လည်း တစ်ဖက်လူက မကြားတော့ ရှေ့တိုးလာလို့ နောက်တွန့်မိသည်။
“ရှေ့လမ်းပါ…”
မီနာ လက်ညိုးလည်း ညွန်ပြရင်း ထပ်ပြောပေမဲ့ တစ်ဖက်လူက မိုးသံနဲ့ မီနာ့ရဲ့ တိုးတဲ့အသံကြောင့် နားမလည်ပါဘူး..။
“ဘာဖြစ်လို့လဲ…”
“သူ…သူ့ကို မေးလိုက်ပါ..”
မီနာ စကားဆက်မပြောချင်လို့ စက်ဘီးကို ကျော်တက်လာခဲ့လိုက်သည်။
“ဒီလူက သိပါ့မလား…”
“ခင်ဗျား ဘယ်သွားမှာလဲ..ဒါ ကျွန်တော့်ရပ်ကွက်ပဲ….ကျွန်တော်သိတယ်…ရှေ့လမ်းက ---လမ်း…ဘယ်ဘက်ချိုးလိုက် ရောက်ပြီ…”
သူ့ပုံစံကို ကြည့်ပြီး တစ်ဖက်လူက မမေးတာကို သူက မိုးသံလွှမ်းတဲ့အထိ အော်ပြောတော့ မီနာ့ရင်ထဲ တုန်လှုပ်ကာ ကြောက်လန့်မိသည်။
ဘယ်သူနဲ့ပဲ မိတ်ဆက်ပေးပါစေ လူတွေ အထင်လွဲနိုင်သည့် ရုပ်သဏ္ဍန်သွင်ပြင်..။
မီနာနဲ့ တွဲသွား တွဲလာရင်တောင် လူတွေ ယုံနိုင်မှာ မဟုတ်ပါဘူး..။
“ရန်ကုန်က သူတို့အမျိုးတွေဆို တိုက်ခန်းသပ်သပ်နဲ့ မဟ၇် အများကြီး တင်တောင်းပေးတာ…လက်မခံခဲ့ဘူး…နမျောဖို့ကောင်းတယ်…ခုက နောက်ကြောင်း သေချာ မသိရပဲ အိမ်ပေါ်လည်း ခေါ်တင်ထားရသေးတယ်…အရင်က ဆိုးခဲ့တာဆိုတော့ တစ်သက်လုံး ကောင်းနေရင်တော့ ကောင်းတာပေါ့..ပြန်သာဆိုးရင် ဆရာကြီးကလည်း အသက်က ကြီးပြီ…မီနာကလည်း လည်လည်ဝယ်ဝယ် မဟုတ်တော့ ဒုက္ခရောက်ကြမှာ စိုးတယ်…”
“ဒိုအာ လုပ်ပေါ့ သမီးရယ်…”
“………”
“မီနာ….ကျောင်းဆင်းပြီလား…”
မီနာ့ကို လှမ်းနှုတ်ဆက်တဲ့ သူငယ်ချင်း တစ်ယောက်ကို ခေါင်းညိတ်ပြလိုက်ရသည်။
“တစ်ယောက်တည်း ပြန်တာလား…”
မီနာ ခေါင်းညိတ်လိုက်ပြီး ဆက်လျှောက်လာခဲ့လိုက်သည်။
အနောက်ခပ်လှမ်းလှမ်းမှာ သူပါလာတာ သိသော်လည်း ဘယ်သူမှ သူနဲ့ကိုယ်ကို တွဲမမြင်ပါဘူး..။
တွဲမြင်စရာ အကြောင်းတရားမှ မရှိတာပဲ..။
ကိုယ့်ကို ကမ်းလှမ်းလာတဲ့ လူတိုင်းကို အကြောင်းပြချက်မရှိ ငြင်းဆန်ခဲ့လို့ ခုလို ဖြစ်လာတာ ထင်ပါရဲ့..။
အရှင်က ကောင်းဖို့ စီစဉ်ထားလည်း ကိုယ်တိုင်က ဖျက်စီးခဲ့တာကိုးလေ..။
မီနာ့ ခေါင်းထဲမှာ ဆရာမတွေ ပြောနေကြတဲ့ နမျောတယ် မတန်ဘူး စိတ်မကောင်းဘူး ဆိုတဲ့ စကားသံတွေသာ ပဲ့တင်ထပ်နေသည်။
အိမ်ပေါ်ကို ရောက်တော့ အပါလည်း မရှိလို့ အခန်းထဲကိုသာ တန်းဝင်ခဲ့လိုက်သည်။
“မီနာ…ခဏ….”
အိမ်ပေါ်ကို ပြေးတက်လာတဲ့ ခြေသံနဲ့ အတူ အခန်းထဲကို ရောက်လာတော့ မီနာ လက်အိတ်ချွတ်ရင်း ကျနေတဲ့ မျက်ရည်ကို မျက်နှာအုပ်နဲ့ ဖိသုတ်လိုက်ရသည်။
“ကျွန်တော် ချွတ်ပေးမယ်လေ…”
မီနာ ဘာမှ မပြောချင်လို့ ဒီတိုင်း ရပ်နေမိတာကို အနောက်ကို သွားပြီး မျက်နှာအုပ်က ကြိုးကို ဖြည်ပေးသည်။
ခေါင်းစီးပုဝါ ကြိုးပါ ဖြည်ပြီး ချွတ်ပေးနေတော့ မီနာ သက်ပြင်းဖွဖွ ချမိသည်။
ခေါင်းစည်းပုဝါဖယ်ပြီး ရှေ့ကို ရောက်လာကာ လက်ဖမိုးကို ဆွဲယူ၍ မျက်နှာနား ကပ်တော့ လက်ကို ရုန်းဖယ်ပစ်လိုက်သည်။
“လက်ကလေးတော့ နမ်းခွင့်ရချင်တယ် မီနာရယ်….”
“မနမ်းနဲ့…မထိနဲ့…မကြိုက်ဘူး…ဟင့်…အင့်…”
“ဟာ…မငိုပါနဲ့…မီနာရယ်…”
“အရက်သောက်ထားတဲ့ ပါးစပ်ကြီးနဲ့…ရွံ့တယ်…မကြိုက်ဘူး…မထိပါနဲ့…ဟင့်…အီး….”
“……..”
“မီနာ က ရှက်ရုံတင် မဟုတ်ဘူး…ရွံ့ပါရွံ့နေတာပဲ….ကျွန်တော် တောင်းပန်ပါတယ်…”
“..…”
မီနာ ရင်ထဲထိတ်သွားကာ မျက်ရည်ပြည့်နေတဲ့ မျက်လုံးများဖြင့် မော့ကြည့်မိသည်။
သူ့မျက်လုံးကို တွေ့ရတော့ ပိုပြီး ငိုချင်လာလို့ မျက်လွှာချလိုက်ရကာ မျက်ရည်တွေက ပြိုဆင်းလာသည်။
“မီနာ…မငိုပါနဲ့တော့…ကျွန်တော် မထိတော့ဘူးလေ…နော်..”
မီနာ မျက်နှာကို ပိုငုံ့၍ ငိုနေမိသည်။
သူ အခန်းထဲက ထွက်သွားတော့မှ ခုတင်ပေါ် ထိုင်ချပြီး မျက်နှာကို လက်နှစ်ဖက် အုပ်ကာ  ငိုမိသည်။
အရှင် ခွင့်လွှတ်ပါစေ..။

ချစ်မျက်၀န်းWhere stories live. Discover now