EP 5 uni

46 4 0
                                    

EP 5

05140720

“အင့်…နင်က ကော်ဘူးကို ခဲ‌နေတာထည့်ပေးတယ်နော်…တစ်ဘူးက သုံးမရဘူး..”
“သူ့ဟာသူ ယောက်ျားလာလို့ ပြေးလိုက်သွားတာ…ပယ်ထားတဲ့ ဘူးကို ကောက်ယူသွားတာလေ…”
“ယူထားတော့ နှစ်ဘူးဖိုးပါ…”
မီနာ ကျောက်တွေ ဝယ်ရင်း ဆိုဖီနဲ့ ရန်ဖြစ်နေရပေမဲ့ အကြည့်က တစ်ချက် တစ်ချက် လမ်းပေါ် ရောက်သွားသေးသည်။
သူစိတ်ဆိုးသွားတာ တစ်ပတ်တောင် ရှိပြီမို့ မီနာ စိတ်မကောင်း ဖြစ်ရပါသည်။
အဲ့နေ့တုန်းက တခြားသူတွေနဲ့ ယှဉ်မိပြီး စိတ်မကောင်းဖြစ်နေရတာကို သူကလည်း တိုက်တိုက်ဆိုင်ဆိုင် လာခေါ်တော့ အကုန်စုံပြီး ဖြစ်သွားရတာတွေပါ…။
ထမင်းလည်း အိမ်မှာ မစားသလို ညနက်မှ ပြန်လာပြီး အိပ်ရင်တောင် အစွန်းဘက်တိုး ကျောပေးအိပ်နေတာ သတိထားမိတော့ မီနာ ဘယ်လို ပြန်ပြောရမလဲ မသိတော့ပါ..။
လူတစ်ယောက် ကိုယ့်ကို စိတ်ဆိုးရလောက်အောင် ဘယ်တုန်းကမှ မပြုမူခဲ့ဖူးပါ..။
ခုတော့ စိတ်ဆိုးအောင် ပြောမိသွားတာ ကိုယ့်ခင်ပွန်းဖြစ်နေတော့ ပိုပြီး အပြစ်ရှိသလိုနဲ့ နေရခက်ပါသည်။
မနက်နိုးခိုင်းထားပေမဲ့ သူ့ဟာသူပဲ ထနေတော့ မီနာနဲ့ စကားပြောဖို့ အခွင့်အရေးလည်း မရတော့ဘူးလေ..။
ညပိုင်း စာသင်ပေးဖို့ကျတော့လည်း အိမ်ပြန်ချိန်က ကိုးနာရီခွဲတော့မည်။
အပါ့ကိုတော့ အလုပ်ရှိတယ် ပြောထားပေမဲ့ မီနာကတော့ သူ စိတ်ဆိုးလို့ တမင် အပြင်မှာနေတာ သိပါသည်။
“မီနာ…နင့်ယောက်ျားနဲ့ အဆင်မပြေဘူးမလား..”
“ဟင်..”
မီနာ ကျောက်အနီလေးတွေ ရွေးထုတ်နေရင်းက ရပ်တန့်သွားကာ ဆိုဖီကို လှည့်ကြည့်မိသည်။
ဟိုတစ်ခါတုန်းကလည်း ဆိုဖီ ပြောပြထားတာကို သူ အထင်လွဲနေသေးသည်လေ..။
“ပြေပါတယ်…ဘာလို့လဲ…”
“အမယ်…မသိတာကျလို့…နင်က ဘော်လီဝုဒ်ကအနဲမျိုးလိုချင်တာလေ… ဖြူဖြူပိန်ပိန် မျက်နှာပြောင်ချော ဘယ်တော့မှ မယူဘူးဆို…နင့်ယောက်ျားက နင်မယူချင်တဲ့ပုံစံကြီးလေ…”
“အရှင့်အလိုတော်အတိုင်း ဖြစ်လာတာပဲ…”
“ဟီး…နင် မကြိုက်ပေမဲ့ ငါကြိုက်တယ်..”
“ဟင်…”
ဆိုဖီမ က အမြဲ အပြောင်အပျက် ပြော ရန်စနေတက်တာ သိသော်လည်း မီနာ ရင်ခုန်သွားကာ မျက်မှောင်ကြုတ်၍ ကြည့်မိသည်။
ကွမ်းယာ လိတ်နေပေမဲ့ ဒင်းကတော့ လူကိုကျောပေးပြီး ရယ်နေတာ အမြင်ကပ်ဖို့ကောင်းလိုက်တာနော်…။
“ငါက မသိခင်တုန်းကတော့ လူဆိုးမှတ်တာပေါ့ဟာ..နင်နဲ့ညားပြီးတော့မှ ကွမ်းလာဝယ်တာလေ…စကားပြောရင် ကျွန်တော် ကျွန်တော်နဲ့ အသည်းယားဖို့ကောင်းတယ်…”
“နင် ငါ့အကြောင်းမဟုတ်တာ ပြောသေးတယ်မလား…”
“အမယ်..ဘာပြောလို့တုန်း..”
မီနာ ဆက်မကြားချင်လို့ စကားပြောင်းကာ ရန်တွေ့လိုက်တော့ ဆိုဖီက ကွမ်းတွေကို အိတ်ထဲ ထည့်ရင်း လှည့်ပြီး မေးငေါ့သည်။
“ငါ က သူ့ကို ယူရတာ ရှက်လို့ ငိုတာလို့ နင်မပြောခဲ့ဘူးလား..”
“သြော်..ဒါလား..ဟီး..ဟုတ်တယ်…ငါလည်း စကားရှာရင်း ပြောလိုက်တာပါ….နင်ကကော မငိုတာ ကျလို့…သူ့ကို မလိုချင်လို့ ငိုတာလေ…ဟုတ်ဘူးလား…”
“…….”
မီနာ ပြန်ပြောစရာ စကား မရှိတော့လို့ နှုတ်ခမ်းစူပြီး ကျောက်တွေကိုသာ ပြန်ရွေးနေလိုက်ရသည်။
“ဟီး..မီနာ နင်ကတော့ နင့်လို ဘာသာရေး ရှိတဲ့ လူမျိုးကို လိုချင်တာပေါ့ဟာ…ငါကျတော့ တမျိုး..သူ မပီတပီ စကားပြောတာတွေ…နောက်ပြီး ဦးထုပ်ကို နောက်ထိပ်မှာ တပ်ဝတ်တာကိုတောင် အသည်းယားတယ်..နင်နဲ့ငါ ဒီလောက် ချစ်ကြတာဟာ…နင်လည်း အဆင်ပြေ ငါလည်း အဆင်ပြေအောင် မယားညီအစ်မ လုပ်ကြမလား..”
“ဘာ…”
မီနာ ပင်ကိုယ် အသံက တိုးသော်လည်း ခုတော့ ဒေါသကြောင့် အတော်လေး ကျယ်လောင်သွားသည်။
“နင်ကလည်း..အဲလိုဆို ငါတို့ တစ်သက်လုံး တူတူနေလို့ရတာပေါ့…နင်လည်း သူ့ကိုမကြိုက်ဘူးလေ…ဒါပေမဲ့ သူက နင့်ကို ကွာမှာ မဟုတ်ဘူး…ငါကတော့ သူ့ကို ကြိုက်တယ်လေ..ဟီး…အဲတော့…အဲလိုဆို ပျော်ဖို့ ကောင်းမယ်နော်… …”
“ရှိုင်သာန်မ…နင်အဲလိုတွေးနေတာကိုက အပြစ်ရှိတာ သိရဲ့လား..”
“အယ်..နင်ကလည်း…သူလိုချင်လို့ ယူရင်တော့ ယူလို့ရတာပဲကို…”
“သူက မယူချင်ပဲ နင်က ဖြစ်နေတာလေ…”
“အမလေးဟဲ့…အသက်ထက်ချစ်တဲ့ သူငယ်ချင်းကြီးက ရန်စွာနေလိုက်တာနော်…သူလည်း ကြိုက်တာ မဟုတ်ပဲ..တိုလိုက်တာ…”
မီနာ မျက်စောင်းထိုးလိုက်ပြီး ကျောက်အနီတွေကို တစ်ဖက်တွန်းပို့တဲ့ အားက များနေတော့ စက္ကူပေါ်ကနေ ကြမ်းပြင်ပေါ်ကိုတောင် လွင့်ကျကုန်သည်။
“အဲ…အဲ…ဟိုမှာ..ဟိုမှာ..တွေ့လား..သူ့ဦးထုပ်ကို..ဟီး…”
“……..”
မီနာ့ အရှေ့မှာ ဘီဒိုကွယ်နေပေမဲ့လည်း အနောက်ဘက်ကို နည်းနည်းဆုတ်ပြီး မမြင်အောင် ကွယ်ပစ်လိုက်သည်။
“ကိုဂျပန်ကြီး…ကွမ်းယူသွားဦးမှာလား…”
“သြော်…ဟုတ်ကဲ့…”
ဆ်ုဖီမ က လှမ်းအော်ခေါ်တော့ သူကလည်း လမ်းကူးလာပြီမို့ မီနာ ဆိုင်အတွင်းဘက်က ချောင်ထဲ ရောက်တဲ့ အထိ တိုး၀င်မိသည်။
“ဟီး…တွေ့လား…”
“ငါ့ရှိတာ မပြောနဲ့နော်…”
“မပြောပါဘူး…သြော်…ပုန်းနေတာလား…ဟီး…ဆက်ပုန်းနေ..”
မီနာ အမြင်ကပ်လို့ ခုံအရှည်ပေါ်က တွဲလောင်းကျနေတဲ့ ဆိုဖီ ခြေသလုံးကို လိမ်ပစ်လိုက်မိသည်။
“ကွမ်းက ထုတ်ပြီးသား…အင့်…”
“ကျွန်တော် မေ့နေတာ..ဆိုဖီ ခေါ်လိုက်လို့ တော်သေးတယ်…”
“မေ့မှာပေါ့….မိန်းမကို လာကြိုတာမလား..”
“အဟင်း..မဟုတ်ပါဘူးဗျာ..ဒီတိုင်း…”
“အမယ်…မသိတာမှတ်လို့…”
“ဆိုဖီကော…မီနာ ထွက်သွားတာ တွေ့သေးလား…”
“အင်း…တွေ့သလိုလို…မတွေ့သလိုလို….”
မီနာ့မှာ  အနောက်မှာ ပုန်းထိုင်နေရင်း ဆိုဖီမ ကို စိတ်တိုလို့ နှုတ်ခမ်းကိုက်မိသည်။
“ခုတလော ဒီဘက်တောင် သိပ်မလာဘူးနော်…”
“ဟုတ်တယ်…အလုပ်က ဟိုဘက်ရောက်သွားလို့ပါ..”
“ဆိုင်ခွဲရှင်ဆိုတော့ သူဌေးဖြစ်ပြီပေါ့…ရောင်းရလား..”
“ဒီလိုပါပဲ…စရောင်းတော့ နည်းနည်းပေါ့…”
သူ့အလုပ်က ဘာမှန်းတောင် သေချာ မသိတာကို ဆိုဖီက ဆိုင်အကြောင်း သိနေတော့ မီနာ မကျေမနပ်ဖြစ်မိသည်။
“နောက်ဆို ပိုရောင်းရမှာပါ…ကိုဂျပန်ကြီးက ဈေးရောင်း ကျွမ်းပါတယ်…”
“အများကြီး…ရောင်းရချင်တယ်..မဟုတ်ရင်..ဆရာကြီးတို့ကို အားနာလို့ပါဗျာ..ရောင်းရအောင် ဒိုအာ လုပ်ပေးဦး..”
“လုပ်ပါတယ်…ဆိုဖီ က ယူရောင်းပေးချင်တာ..ပစ္စည်းက သေးတော့ ဆိုင်မဆန့်လောက်ဘူး…”
“ပြောတာနဲ့ပဲ ကျေးဇူးတင်ပါတယ်ဗျာ…”
“ဒါနဲ့..မီနာနဲ့ကော အဆင်ပြေရဲ့လား…”
“ဒီလိုပါပဲ…”
စကားစ‌ပြောကတည်းက တက်ကြွနေသလောက် ခုတော့ တိုးပြတ်သွားတော့ မီနာ စိတ်ထဲ အလိုမကျဖြစ်မိသည်။
“ဒါနဲ့လေ…ဟိုတစ်ခါ ဆိုဖီ ပြောတာ…မီနာ က ကျွန်တော်မှန်း မသိလို့…အဘိုင်လေး ထင်လို့ လက်ခံလိုက်မိတာဆိုတာလေ…ဆရာကြီးရဲ့သား အငယ်ကို ပြောတာလား..”
“အယ်….အင်း..ဟုတ်တယ်…”
မီနာ မျက်လုံးပြူးပြီး ခုံပေါ်က ဆိုဖီကို မော့ကြည့်မိပေမဲ့ ဒင်းက မီနာ့ကို မကြည့်ပဲ ဟန်မပျက် စကားဆက်ပြောနေသေးသည်။
ဘယ်လောက်တောင် လျှောက်ဖွထားပြီလည်း မသိဘူး..။
အမာနသ် ကျင့်၀တ်လည်း မသိဘူး..ဒီရှိုင်သာန်မ ။
“သူက နိုင်ငံခြားမှာတောင် ကျောင်းသွားတက်နေတာမလား….အဲဒါကြောင့်နေမှာ…မီနာနဲ့လည်း တန်းတူရည်တူ ဖြစ်သွားတာပေါ့…”
“ဟုတ်တယ်…မီနာနဲ့သာ သူငယ်ချင်းဖြစ်နေတာ…ဆိုဖီက သူ့လို အာလင်မ် မဟုတ်တော့ တစ်ခါတစ်ခါ သိမ်ငယ် အားငယ်ရတယ်…”
ငယ်ငယ်တုန်းက ကျောင်းချည်းပြေးနေပြီး ကျောင်းထွက်သွားတဲ့လူက အားငယ်ရဦးမယ်တဲ့..။
“ဟုတ်တယ်ဗျာ…ကျွန်တော်လည်း တစ်ခါတလေ အဲလိုပဲ…သူနဲ့မတန်ပဲ သူ့ကို ယူထားမိသလိုပဲ….”
“ဟုတ်တယ်နော်…အဲ့ဒါတော့ ကိုယ်ချင်းစာလို့ရတယ်…သူနဲ့ အဆင်မပြေဘူးလား…”
“အဟွင်း..သူက ကျွန်တော့်ကို နည်းနည်းရွံ့နေတယ်ထင်တယ်…”
“ဟယ်…အဲလိုကြီးလား…သြော်..ဟုတ်တာပေါ့…သူက ဘော်လီဝုဒ်ပုံစံတွေပဲ သဘောကျတာ…ဆိုဖီက အိုပါးတွေကြိုက်တာလေ…သူနဲ့ အမြဲသတ်နေရတယ်..အဟွင်း..အမလေး…ခြင်ကလည်းကိုက်တယ်..”
မီနာ အောက်ကနေ ခြေထောက်ကို ဆိတ်ဆွဲလိုက် ပေမဲ့လည်း မကျေနပ်နိုင်ပါ..။
ပြဿနာတက်ထားပါတယ်ဆိုမှ တစ်ခါတည်းကွဲအောင် ပြောနေတာလား မသိဘူး..။
“ခုရန်ဖြစ်ကြလို့လား…”
“မဟုတ်ပါဘူး…ကျွန်တော်..အများကြီး ကြိုးစားရဦးမယ်ထင်တယ်….လက်ထပ်ချင်ကတည်းက မီနာနဲ့ လိုက်ဖက်အောင် အများကြီး ကြိုးစားရမယ်ဆိုတာ သိပါတယ်…သူ့ဘဝနဲ့သူနေတဲ့ သူကိုမှ ကျွန်တော်က ချစ်မိသွားတာကိုး…ခုလည်း သူ က ကျွန်တေ်ာ့ကို စိတ်ဆိုးနေသေးတယ်…ဘယ်လိုချော့ရမှန်းလည်း မသိပါဘူး…”
“အယ်…ဘာလို့ စိတ်ဆိုးတာလဲ…”
“ကျွန်တော်က ကျွန်တော် ဖြစ်နေလို့ ထင်တာပဲ…”
“ဟမ်…တမျိုးပါလား…”
“အဟွင်း….သွားလိုက်ဦးမယ်…”
“………”
သူထွက်သွားတော့မှ မီနာ ချောင်ကပ်ထိုင်နေရတာ ခါးညောင်းနေပြီမို့ နည်းနည်း ပြင်ထိုင်လိုက်ပြီး သက်ပြင်းခိုး တစ်ချက် ချမိသည်။
သူ စိတ်ဆိုးနေတယ်ထင်လို့ကို သူက မီနာ စိတ်ဆိုးနေတယ်လို့ စွပ်စွဲသွားပြန်သည်။
“သူ ရယ်ရင် တကယ်ချောတာဟ…”
ဆိုဖီမကို ဘုကြည့်ကြည့်ပစ်လိုက်ပေမဲ့ အဲ့ဟာမကတော့ ငေးကောင်းတုန်းပဲ။
မီနာ ကတော့ မကြည့်ရဲလို့ သူ့မျက်နှာကိုတောင် သေချာ မကြည့်ဖူးပေမဲ့ ဒီရှိုင်သာန်မကတော့ ရယ်တာကို အရသာခံ ရှုစားနေတာ အမြင်ကပ်ဖို့ကောင်းသေးသည်။
“နော်..မီနာ..ငါတို့ မယားညီအစ်မ တကယ်လုပ်ကြမယ်…”
“နင်ကလေ..စကားပြောရင် ဘယ်ရောက်လို့ရောက်မှန်းကို မသိဘူး..”
“တကယ်ပြောတာ…ငါက နင့်ကို ချစ်လို့ အရင် အသိပေးထားတာ…သူ့ဘက်က စ လာတာနဲ့ ငါကတော့ လက်ခံမှာပဲ…”
“……..”
မီနာ ရင်ခုန်သွားကာ ငယ်ငယ်ကတည်းက ချစ်လာတဲ့ သူငယ်ချင်းကို ပထမဆုံး အကြိမ်အဖြစ် ကြောက်မိသည်။
အဲလို ဘယ်တော့မှ မဖြစ်ပါစေနဲ့လို့လည်း စိတ်ထဲကနေ တစ်ခါတည်း ဆုတောင်းလိုက်မိသည်။
“နင် ငါနဲ့ ပတ်သက်ပြီး မဟုတ်တာတွေ လျှောက်မပြောနေနဲ့နော်…သူ အထင်လွဲသွားရင် မကောင်းဘူး..”
“အမယ်…ငါက လိမ်ညာပြီး ပြောတာ မဟုတ်ပါဘူးနော်…နင် ပြောတာလေးတွေကိုပဲ သူမေးရင် ပြောပြမိတာပါ..သူကလည်းလေ…နင့်အကြောင်းမေးချင်မှ စကားကြာကြာရပ်ပြောတာ..ဟွန့်..တခြားကောင်သာဆို ငါကလည်း မောင်းလွှတ်မိမှာပဲ..ခုတော့ ရင်နာနာနဲ့ စကားပြောပေးနေရတယ်…”
ဆိုဖီ ရန်စနေတာလို့ သိနေပေမဲ့ သူအဲလို ရန်စနေတဲ့ စကားလုံးတွေကိုပဲ စိတ်တိုပြီး ရန်ဖြစ်မိတော့မှာမို့ မီနာ ရွေးလို့ရတဲ့ ကျောက်လေးတွေကိုပဲ စက္ကူနဲ့ ထည့်ထုတ်လိုက်သည်။
“အင့်…”
“ဟဲ့..တစ်ထောင်ဖိုး ပြည့်ပြီလား..”
“နောက်နေ့မှ ဆက်ရွေးတော့မယ်…”
“လင်နောက်လိုက်တော့မလို့မလား..”
“ရှိုင်သာန်မ…”
မီနာ ခပ်တိုးတိုး ပြန်ပြောလိုက်ပြီး လမ်းပေါ် ရောက်တော့ ပတ်ဝန်းကျင်ကို အရင် အကဲခပ်မိသည်။
တကယ်ပြန်သွားတာပဲ..။
မီနာ သက်ပြင်းဖွဖွ ချလိုက်မိကာ အိမ်ကို ရောက်ဖို့သာ စိတ်လောနေမိသည်။
အိမ်ကို ပြန်ရောက်တော့ တစ်ပတ်လုံး သေချာ မတွေ့ဖြစ်တဲ့ သူက အိမ်ရှေ့ခန်းမှာ ထိုင်နေလို့ နည်းနည်း စိတ်သက်သာသွားရသည်။
မီနာ အခန်းထဲကို ဝင်ခဲ့လိုက်ပြီး လက်အိတ်ချွတ်နေရင်း စဉ်းစားနေမိသည်။
သူကလည်း စိတ်မဆိုးဘူး ကိုယ်လည်း စိတ်မဆိုးဘူးဆိုတာ ဘယ်က စ ပြောရမလဲ..။
မီနာ ပုဝါချွတ်ဖို့ တွေးမိပြီးမှ တစ်ခု သတိရသွားသည်။
အခန်းထဲက ကပျာကယာ ပြန်ထွက်လာပြီး ရှေ့ခန်း လိုက်ကာ ကို မကြည့်လိုက်တော့ ကွမ်းထုတ်ကို သံချိတ်မှာ ချိတ်နေပြီ..။
“ဟိုတစ်ယောက်…”
“ဟင်..”
“ခဏ…”
မီနာ အမြဲတမ်း အသံတိုးပေမဲ့ ဒီတစ်ခါတော့ သူ အိမ်ပေါ်က ဆင်းသွားတော့မှ သိတော့ နည်းနည်း အသံကျယ်သွားကာ တစ်ခွန်းတည်းနဲ့ ကြားသွားသည်။
သူ့ကို မစောင့်ပဲ အခန်းထဲ ပြန်ရောက်လာပြီးကာမှ ဘယ်လို ပြောရမလည်း အသည်းအသန် စဉ်းစားရပြန်သည်။
“ဘာဖြစ်လို့လဲ…မီနာ…”
“ဟင်…ဟို…ဟိုဟာ…ကြိုးဖြည်မရလို့…”
မီနာ့ မုသားသုံးမိပြီးကာမှ ရှက်လွန်းလို့ မျက်လွှာချထားရင်း မျက်ရည်ပင် ဝဲတက်လာတော့သည်။
သူက အနားကို ရောက်လာပြီး အနောက်မှာပဲ ရပ်ကာ ပုဝါအောက်ကို လက်ထည့်ပြီး ကြိုးကို လွယ်လွယ်ကူကူ ဖြည်ပေးတော့ ပို၍ ရှက်မိသည်။
“နှစ်ခုလုံး ဖြည်မယ်နော်…”
“အင်း..”
ပုဝါ ကြိုးစ နှစ်ခုစလုံး ဖြည်လိုက်ပြီး ပုဝါကို ရှေ့ကို ချကာ ဆွဲယူသွားတော့ ဆံပင်တွေ ပွကုန်လို့ ကပျာကယာ ဆံပင်တွေကို သပ်လိုက်ရသည်။
“ရရဲ့လား…”
“အင်း..”
“ဟို..အပါ လာရင် ကွမ်းချိတ်ခဲ့တာ ပြောလိုက်ဦးနော်..မတွေ့မှာ စိုးလို့ပါ…”
“………”
မီနာ ‌မျက်လွှာချထားရင်း ခေါင်းညိတ်လိုက်တော့ သူက အခန်းတံခါးဆီ ပြန်ရောက်သွားသည်။
“ဟိုတစ်ယောက် ညကျ နောက်မကျစေနဲ့နော်…စာသင်ရဖို့…”
“ဟင်…”
“စာတွေ ပြန်ကျက်ရမယ်လေ…”
“သြော်…အင်း…”
မီနာ ပြောလိုက်တဲ့ အဆက် မရှိတဲ့ စကားကို သူက တွေးနေရတော့ ထပ်ပြောလိုက်တော့မှ ပြုံးရင်း ခေါင်းညိတ်ပြသည်။
“သူ ရယ်ရင် တကယ်ချောတာဟ…”
ဆိုဖီမ ‌ပြောတာ ကို ပြန်သတိရတော့ မကျေနပ်လို့ မျက်မှောင်ကြုတ်လိုက်မိသည်။
သူက ပြုံးနေလက်စနဲ့ မျက်နှာပြောင်းသွားတော့မှ မျက်နှာအုပ်မရှိပဲ မျက်မှောင်ကြုတ်မိလိုက်တာ သတိရပြီး အထင်ထပ်လွဲသွားမှာ စိုးရိမ်မိသည်။
“နောက်ကျလို့မရဘူးနော်…ဆယ်နာရီမှ ပြန်လာရင် မီ အိပ်နေမှာ…”
“အဟွင်း…ဟုတ်ကဲ့ပါဗျာ…”
သူတခါမှ အဲလောက် နောက်မကျသော်လည်း စိတ်ထဲပေါ်လာတဲ့ စကားကိုသာ ဆွဲထုတ်ပြီး ပြောလိုက်ရတာမို့ သူအခန်းထဲက ထွက်သွားချိန်မှ မျက်နှာကို လက်နဲ့အုပ်လိုက်ရသည်။
ဘယ်လိုတွေ ပြောလိုက်မိတာလဲ….ရှက်ဖို့ကောင်းလိုက်တာနော်…။
.
“…….”
တံခါးဖွင့်သံကြောင့် လှည့်ကြည့်မိပြီးမှ သူ့ဆီက စလာမ်ပေးတော့ မီနာ ခေါင်းညိတ်လိုက်ပြီး အပ်ချုပ်စက်ကို ပြန်ကြည့်နေရသည်။
အိမ်ရှေ့ တံခါးပြန်ပိတ်တော့ မီနာ အပ်ချုပ်စက်ပေါ်က အဝတ်ကို ကြည့်နေရင်း ရင်ခုန်ရပြန်သည်။
ကျောင်းဆင်းပွဲ ရှိလို့ ညစာ ထမင်းစားပြီး အပါနဲ့ သူ ကျောင်းကို လိုက်ကူပေးသည်။
ခုတော့ သူတစ်ယောက်တည်း ပြန်ရောက်လာတော့ မေးရခက်သည်။
“မီနာ တစ်ယောက်တည်းမို့ အပါ က ပြန်လွှတ်လိုက်တာ…”
မီနာ ချုပ်စက်ကို နင်းနေရင်း စိတ်မသက်သာလို့ သက်ပြင်းဖွဖွ တစ်ချက်ချလိုက်မိသည်။
“အဟမ်း…ဟို…ကျွန်တော့်ဆီ စာအုပ်မရှိဘူး..မီနာ..”
“ဟင်..စာအုပ်…”
“အင်း..”
မီနာ နားမလည်လို့ လှည့်ကြည့်ပြီးကာမှ သူက ခေါင်းထပ်ညိတ်ပြတော့ စာအုပ်ဆိုတဲ့ ကိစ္စကို တွေးရသည်။
“စာသင်ဖို့လေ..”
“သြော်…ခဏ..”
မီနာ သတိရပြီး ခုံကနေ ထရပ်ကာ အခန်းထဲကို ဝင်ခဲ့ရသည်။
အိတ်ထဲက အသံထွက်ပါ ပါတဲ့ စာအုပ်ကို ယူလိုက်ရင်း ပြုံးမိသည်။
ကိုယ့်ယောက်ျားကို ကိုယ် စာပြန်သင်ရတာ ထူးထူးဆန်းဆန်းပါပဲ..။
အခန်းပြင်ကို ရောက်လာတော့ အပ်ချုပ်စက်နားမှာ ခုံတစ်လုံးချပြီး ထိုင်နေလို့ ရင်ထိတ်သွားရပြန်သည်။
အဲလို အနီးကပ်ကြီး ထိုင်တော့ ဘယ်လို အလုပ်လုပ်ရမှာလဲ..။
တခြားခုံ သွားထိုင်ပါ ပြောရင်လည်း မကောင်းပြန်ဘူး။
“အင့်…အသံထွက်ပါ…ပါတယ်…စူရဟ် ဆယ်ပုဒ်ပဲ အရင်ကျက်ဦး…”
“ဟုတ်ကဲ့…”
မီနာ့ လက်ထဲက စာအုပ်ကို လှမ်းယူရင်းပြောတော့ သူ့ဘေးနားက ခုံမှာ ဝင်ထိုင်ရပေမဲ့လည်း နေရခက်ပါသည်။
အပ်ချုပ်စက်ပေါ်က ချုပ်လက်စ အကျီ ၤစကို ပြန်ကိုင်ပြီး နေရချရင်း တစ်ဖက်ကိုလည်း နားစွင့်ထားမိသည်။
ဘာသံမှ ထွက်မလာတော့ တစ်ချက် ကြည့်လိုက်တာ စာအုပ်ကိုင်ထားပြီး အသံမထွက်ပဲ ကြည့်နေသည်။
“ဟိုတစ်ယောက်…”
“ဟင်…”
“အသံထွက်ဖတ်လေ..အဲဒါမှ အမှားအမှန် ပြောပေးလို့ရမှာပေါ့…”
“သြော်…အင်း…”
“အအူးသူဗစ်လာဟေ့မီ….”
“မှားနေတယ်…မှားနေတယ်…”
မီနာ ကြားလိုက်ရတဲ့ အသံထွက် အမှားတွေကြောင့် လက်ထဲက အဝတ်စကို နေရာချရင်း ပြောလိုက်တော့ တိတ်သွားသည်။
“အအူးဇု..ဇု…ဗေ့လာဟိ…ဟေ…ဒေ မဟုတ်ဘူး…”
“သြော်…အင်း…”
“အအုသုဇူ..အအုဇူ…”
“ဟင်…မဟုတ်ဘူးလေ…”
မီနာ စက်ကို မကြည့်နိုင်တော့ပဲ သူ့ဘက်ကို ခေါင်းငှဲ့ကြည့်လိုက်ကာ ခေါင်းလည်း ရမ်းမိသည်။
လက်ထဲက အဝတ်အစ ကိုလည်း ချလိုက်ပြီး သူ့ဘက်ကို ကိုယ်လှည့်လိုက်ရသည်။
စာအုပ်ကြည့်နေတဲ့ သူ့အနားကို ပိုတိုးလိုက်ပြီး စာအုပ်ကို ကြည့်ရသည်။
အသံထွက်ရေးထားပေမဲ့လည်း အတိအကျ မဟုတ်တော့ ပိုခက်သည်။
“ဒီမှာကြည့်..ဒီမှာကြည့်နော်…ဒိလို…အအူးဇု…လျှာကို သွားထိပ်နဲ့ထိပြီး ထွက်လာတဲ့အသံမျိုး..”
မီနာ သေချာ ရှင်းပြလိုက်တော့ ခေါင်းညိတ်ပြီး သက်ပြင်း အရင်ချနေသေးသည်။
“ဆိုကြည့်လေ…”
“အအူးသု…”
“မဟုတ်ပါဘူးဆို…အ…အု…ဇူ…ဇူ..ဇ…ဇု..ဇေ…”
မီနာ ပါးစပ်ကို သေချာဟပြပြီး သင်ပေးတော့ ပြုံးစေ့စေ့ဖြင့် အကြည့်လွဲသွားကာ မျက်ခုံးကို ကုတ်ပြီး ခိုးရယ်နေတော့မှ အသိဝင်ပြီး ရှက်မိသည်။
သေချာ သင်ပေးချင်တဲ့ ဆရာမ ဗီဇ အရ အကုန် မေ့ကုန်တော့တာပါပဲ..။
စာသင်ပေးတာကို ရှက်အောင် ရယ်လိုက်တာ မကျေနပ်လို့ သင်ပေးချင်စိတ်တောင် မရှိတော့ပါဘူး.။
“မရရင်တော့ အပါ့ကိုပဲ သင်ခိုင်းတော့မယ်..”
“ဆရာတို့နဲ့ သင်တုန်းက အဲလောက် မခက်ပါဘူး…ဘယ်လို ဆိုဆို ရတယ် ပြောတယ်…”
“အသံထွက်က မှားနေတာလေ…ထားပါတော့ သင်ထားသလိုပဲ ဖတ်ပါ…ရရင် ပြော..စာ ကြည့်ပေးမယ်..”
မီနာ မျက်နှာပူပြီး ရှက်နေလို့ အပ်ချုပ်စက်ကို ပြန်ကြည့်ပြီး ချုပ်ဖို့ပဲ ပြင်လိုက်ရသည်။
“အရင်အတိုင်းပဲ ကျက်ရမှာလား..”
“အင်း…”
“အအုသုဗိစ်လာဟေမိ……”
မီနာ မကြားချင်လို့ အလုပ်မှာပဲ အာရုံနစ်လိုက်ရပေမဲ့လည်း စိတ်ထဲမှာတော့ ဘဝင်မကျပါ..။
ဆိုဖီ ပြောသလို သူ့စကားကိုက မပီကလာ ပီကလာ ဖြစ်နေတာဆို မီနာ ပြင်ပေးလည်း ရမယ် မထင်ပါဘူး..။
အပ်ချုပ်တာကိုပဲ အာရုံစိုက်ကာ ဆက်ချုပ်နေရင်း အသံတိတ်နေတာ သတိဝင်ပြီး ကြည့်လိုက်တော့ မီနာ့ကို ကြည့်နေတာမို့ ကပျာကယာ မျက်လွှာပြန်ချလိုက်ရသည်။
“ကျက်လေ…”
“ရပြီ…မီနာ ချုပ်နေတုန်းမို့…”
“သြော်…ရတယ်…ဆိုပါ…”
လက်ထဲက စာအုပ်ကို စက်ခုံပေါ် တင်ပေးပြီး လက်ပိုက်တော့ မီနာ ခေါင်းငုံ့လိုက်မိပြီး တစ်ချက် ရယ်မိသည်။
ဆရာမ ဆိုပေမဲ့လည်း အခုလို အနေအထားက ရယ်ဖို့ကောင်းသည်လေ..။
“ဘီရသိဟစ်…”
“ဟင်..မဟုတ်ပါဘူး…”
စူရဟ် တစ်ပုဒ်မှာတင် ရောထွေးကာ ကလေမဟ်နဲ့ မှားနေတော့ မီနာ သတိပေးလိုက်တာကို အချိန်ကြာအောင် စဉ်းစားနေပြန်သည်။
“အဲ့စာလုံးကို မပါတာ…အစကပဲ ပြန်ဆိုတော့…”
“………..ဘိရသီဟစ်ခိုင်း…”
“ဟိုတစ်ယောက်..စာကို သေချာ ကျက်ပါနော်…မှားနေတယ်..ပြန်ကျက်…”
မီနာ စာအုပ်ကို ဆွဲယူပြီး သူ့လက်ထဲ ပြန်ထည့်ပေးလိုက်တော့ နှာခေါင်းရှုံ့ပြီး ခေါင်းကုတ်ကာ စာအုပ်ကို ပြန်ကြည့်နေသည်။
“ဟိုတစ်ယောက်..”
“ဟင်…”
“ဒီနေ့ စာတစ်ပုဒ်တော့ ရမှာပါနော်..”
“အာ…ရတာပေါ့..ရောကုန်လို့ပါ…ရပြီးသားတွေ…”
မီနာ တစ်ချက်ပြုံးမိပြီး မျက်လွှာချကာ အကျီ ၤချုပ်စကို ထုတ်၍ အပ်ချည်ကို ညှပ်လိုက်သည်။
“အခက်အခဲ တစ်ခုတော့ ရှိနေတယ်…”
“ဘာလဲ…”
“မီနာ့ ပါးချိုင့်ကို မြင်ရင် စာမေ့သွားရောလေ..”
မီနာ မျက်နှာပူသွားကာ မျက်နှာကို ပိုငုံ့မိပြီး အောက်ချည်လွန်းအိမ်လေးကို ထုတ်၍ အသစ်ပြောင်းတပ်လိုက်ရင်း အလုပ်ရှာနေမိသည်။
“……”
“အဲဒါ ဘယ်လိုလုပ်မလဲ…”
“မကြည့်နဲ့ပေါ့…”
“အဲဒါဆို စာမကျက်ချင်တော့ဘူး…”
“မကျက်နဲ့ပေါ့…သူများတွေသိရင် မီတို့ပဲ သိက္ခာကျမှာ…ဟိုတစ်ယောက်က ပျင်းလို့ စာမကျက်တာ လူတွေက သိတာ မဟုတ်ဘူး….”
“ဒါတော့ မကောင်းဘူးနော်…ဆရာမ ယောက်ျားဖြစ်နေတော့လည်း စာကြိုးစားရမှာပေါ့နော်…မဟုတ်ရင် ဆရာမ သိက္ခာကျဦးမယ်…”
“သဘောပဲ…”
မီနာ ရွဲ့ဖြေလိုက်ပြီး စက်ပြန်နင်းနေလိုက်တော့ သူ့ဆီက စာဆိုသံတွေ ပြန်ထွက်လာသည်။
အကျီ ၤချုပ်ရင်း စာကြည့်ပေးလိုက်တာ သုံးပုဒ်တော့ ရသွားသည်မို့ မဆိုးပါဘူးလေ..။
အပါ ပြန်လာတော့ မီနာလည်း အိပ်ရာ ပြင်ပေးပြီး ကိုယ့်အိပ်ခန်းထဲ ဝင်ခဲ့လိုက်ရသည်။
ခုတင်ပေါ်က အခင်းတွေ စောင်တွေကို နေရာချရင်း မနက်က ဆိုဖီနဲ့ သူ ပြောနေတဲ့ ကိစ္စ ကို စိတ်ရောက်နေမိသည်။
“ဟိုတစ်ယောက်…”
“ဟင်…”
“ဟိုတစ်ယောက်က ဘာအလုပ်လုပ်တာလဲ…”
သူ့အကျီ ၤ တွေ ကို အဝတ်တန်းပေါ် ဖြန့်လှန်းနေရင်း က လှည့်ကြည့်တော့ သူ့ကို ကျောပေးပြီး အခင်းကိုပဲ ခါ၍ ခင်းလိုက်ရသည်။
“ဟို အရင်တုန်းကတော့  ဂျလေပေါ့…”
“အဲဒါတော့ မပြောလည်း သိပါတယ်…”
မီနာ ခေါင်းအုံးကို ရိုက်ခါရင်း မကျေမနပ်ဖြင့် ပြောလိုက်မိတော့ နောက်ဘက်က ရယ်သံထွက်လာပြန်သည်။
“အဟင်း…ခုလိမ်မာနေတာကော မီနာ သိလား..”
‘မသိဘူး..”
မီနာ ရပ်တန့်သွားတဲ့ လက်တွေနဲ့ ခေါင်းအုံး တခြား တစ်ဖက်ကို ထပ်ရိုက်ရင်း ဘုစပ်စပ်ပဲ ပြန်ဖြေ ပစ်လိုက်သည်။
“လိမ်မာနေပါပြီ…ဆရာကြီးရဲ့ အိမ်ဆောက် ပစ္စည်းဆိုင်မှာ အရင် အလုပ်လုပ်တယ်…ခုတော့ ဆိုင်က ပစ္စည်းနည်းနည်းကို အကြွေးယူပြီး ဆိပ်ကမ်းဘက်မှာ သွားရောင်းနေတယ်…”
မီနာတို့မိသားစု က အပြင်အလုပ်ထက် စာသင်တာပဲ လုပ်ဖူးကြတော့ အခုလို ဈေးရောင်းဈေးဝယ်တဲ့ ကိစ္စတွေ မီနာသေချာ မသိပါ..။
ဆိုဖီ နဲ့ သူ စကားပြောတာကြတော့လည်း နားလည်တဲ့သူချင်းဆိုတော့ ပြောရလွယ်နေတာလေ..။
မီနာ သေချာ နားမလည်သော်လည်း သူ့အလုပ်ကိစ္စတွေကိုတော့ ဆိုဖီလို သေချာလေး နားထောင်ပေးချင်ပါသည်။
သူ့ဘက်က ဘာမှ ဆက်မပြော လာတော့ မီနာ သက်ပြင်းတစ်ချက် အရင်ရှိုက်ရှုကာ စကားပြောဖို့ အားယူရသည်။
“ပင်ပန်းလား…”
“ဟင်…”
“မီ က အဲလို ဈေးမရောင်းဘူးတော့ သေချာမသိဘူးလေ…ဟိုရက်ကဆို နောက်ကျမှ ပြန်လာတာ..မီပြောလို့ စောပြန်လာရတာမလား…”
“မဟုတ်ပါဘူး..ဆိုင်က ခြောက်နာရီဆို လူရှင်းနေပြီလေ..အဲ့အချိန်ပဲ ပိတ်လိုက်တာပါ…ကွမ်းယာဆိုင်လောက် ဆိုင်လေးပါပဲ…ပစ္စည်းကလည်း တစ်နိုင်ပဲယူသွားတာ…အရင်ရက်တုန်းက မီနာ စိတ်ဆိုးနေလို့ ကျွန်တော်ရှိနေရင် စိတ်ရှုပ်ပြီး နေရခက်မှာစိုးလို့ အပြင်မှာပဲ နေဖြစ်တာပါ…နောက်ပြီး ကျွန်တော် အရက်မသောက်တာ ကြာပြီ..မီနာ့ကို စ ချစ်မိကတည်းကပဲ…”
“……..”
မီနာ ရင်တွေခုန်လာလို့ လက်ထဲက ခေါင်းအုံးကို ဆုပ်ကိုင်ထားရင်း ငြိမ်သက်စွာ ရပ်နေမိသည်။
“မနက်ကျ ကျွန်တော့်ကို နိုးနော်…”
“ဟင်…”
မီနာ နားမလည်လို့ ခေါင်းငှဲ့ကြည့်မိတော့ အိပ်ရာပေါ်တောင် ရောက်သွားပြီ..။
လက်ထဲက ခေါင်းအုံးကို ချလိုက်ပြီး မီးမှိတ်လိုက်ကာ စိတ်ထဲ အတွေးများနေသည်။
“မနက် သွားစရာ ရှိလို့လား..ဘယ်နှစ်နာရီ နိုးရမှာလဲ…”
“မရှိပါဘူး…မီနာ စိတ်မဆိုးတော့ဘူးဆိုတော့ပြန်နိုးပေးလေ…အနားကို လာနှိုးနော်..အဝေးကဆို မနိုးဘူး..”
“မီက ရေနဲ့ပတ်နိုးမှာ..”
“အဟွင်း…”
သူ့ဘက်က ရယ်သံထွက်လာတော့ မီနာ ကျောပေးအိပ်လိုက်ပေမဲ့လည်း ပြုံးမိသွားသည်။
အနားကပ် မနှိုးရဲပါဘူး..။
အိပ်ပျော်နေတဲ့ သူ့မျက်နှာကိုတောင် မကြည့်ရဲပါဘူးဆို ဘယ်လို သေချာ နိုးရမှာလဲ…။
နောက်ပြီး ဟိုတစ်ခါ နိုးတော့  လက်ကို ဆွဲထားသေးတာ..။
မဖြစ်ပါဘူး…မီနာ သူ့ကိုမနှိုးရဲတော့ဘူး..။
မီနာ ရင်ခုန်စိတ်လှုပ်ရှားရင်း တစ်ချက်ပြုံးမိသွားသည်။
“ငါတို့ မယားညီအစ်မတွေလေ…”
“ဟင့်အင်း..”
“အတူတူ နေကြပေါ့…သူစိမ်းတွေမှ မဟုတ်တာ…”
“ငါ့ကို ချစ်လာအောင် လုပ်မှာပဲ…နင်က မချစ်ဘူးမလား…”
“ဟင့်အင်း…”
“နင်က သူ့ကို မကြိုက်ပါဘူး..”
“ကျွန်တော် သိပါတယ်…”
“ဟင့်အင်း…မဟုတ်ဘူး..”
မီနာ အိပ်ရာက လန့်နိုးလာချိန် နှလုံးခုန်နှုန်းက မြန်နေသည်။
ညမီးရောင် အောက်မှာ ထထိုင်လိုက်ပြီး ရေခွက် လှမ်းယူကာ နည်းနည်း သောက်လိုက်ရသည်။
ရေခွက် ပြန်ထားရင်း သက်ပြင်းဖွဖွ တစ်ချက် ချလိုက်မိသည်။
ဆိုဖီမ ရန်စနေတာ သိတာတောင် ဘာလို့ အဲလောက် စိတ်စွဲပြီး ခံစားနေရတာလဲ..။
အိပ်မက်တဲ့အထိအောင်ပဲ စိတ်စွဲနေမိသည်။
မီနာ မဝံ့မရဲဖြင့် တစ်ဖက်ကို လည်ပြန် ခိုးကြည့်မိတော့ ဟိုတစ်ယောက်က အိပ်‌ပျော်နေသည်။
သူ့မျက်နှာကျ ပုံစံက မီနာ့ ပတ်ဝန်းကျင်က ယောက်ျားတွေနဲ့ ကွဲထွက်နေသည်။
နှာတံချွန်ချွန် မျက်ခုံးထူထူနဲ့ မျက်နှာ မဟုတ်ပဲ နှာတံတအား မချွန်သလို မျက်ခုံးကလည်း သိပ်မထူပါဘူး..။
နှုတ်ခမ်းမွှေးမရှိတော့ နှုတ်ခမ်းတွေက ပါးပေမဲ့ ပေါ်လွင်နေသည်။
ဆိုဖီပြောသလို သူရယ်ရင် ချောတာတော့ လက်ခံမိပါသည်။
မီနာ ကြောက်တာ သူ့မျက်လုံးတွေ..။
သူ့မျက်လုံးတွေက စူးစူးရှရှ မဟုတ်ပဲ နူးညံ့နေပေမဲ့လည်း အဲ့မျက်လုံးတွေနဲ့ မျက်လုံးချင်း ဆုံရတိုင်း ရင်ခုန်ပြီး ထိတ်လန့်မိသည်။
သူ့မျက်လုံးနဲ့ ရင်ဆိုင်ရတိုင်း ကိုယ်ထဲက အားအင်တွေပါ ဆွဲငင်ယူခံလိုက်ရသလိုပါပဲ..။
ဆိုဖီ နဲ့ သူ ရင်းနှီးသလို စကားပြောနေတာ တွေ့လိုက်တော့ မီနာနဲ့လည်း အဲလို ရင်းနှီးစေချင်ပါသည်။
လက်ထပ်ပြီးတာ ကြာပြီဆိုပေမဲ့လည်း သူ့ဘက်က စကားပြောလာတိုင်း သူ့မျက်လုံးတွေနဲ့ ရင်မဆိုင်ရဲလို့ မီနာ မျက်လွှာချလိုက် ကျောပေးလိုက် မျက်နှာလွဲလိုက်နဲ့ စကားပြောဖို့ မဝံ့မရဲဖြစ်မိသည်။
သူ့ဆီက အဝေးပဲပြေးနေမိတာ ဆိုပေမဲ့ သူနဲ့ အဝေးမှာပဲ နေချင်တာမျိုးလည်း မဟုတ်ပါဘူး..။
ဇနီးမယား တာ၀န်မကျေသလို အပြစ်ဖြစ်နေမလား တွေးရင်း သက်ပြင်းဖွဖွ တစ်ချက် ချလိုက်ကာ ပြန်လှဲအိပ်လိုက်သည်။
“မီနာ…”
“အင်…”
မီနာ့ လက်မောင်းကို ဖွဖွပွတ်ရင်း နူးညံ့ ညင်သာ သည့် တီးတိုး ခေါ်သံကြောင့် မျက်လုံး  ဖြည်းဖြည်းဖွင့်လိုက်သည်။
မျက်လုံးဖွင့်ချင်း မတ်တပ်ရပ်ကာ ပြုံး၍ ငုံ့ ကြည့်နေတဲ့ လူကို ပြန်ပြုံးပြမိသွားသည်။
“အိပ်မက်နေတာ မဟုတ်ဘူးနော်…အဟင်း…”
“ဟင်…”
မီနာ အသိဝင်ပြီး မျက်လုံးပြူးသွားကာ ကပျာကယာ ထထိုင်လိုက်ရသည်။
ဆံပင်တွေ ဖွာလန်နေတာကို လက်နှစ်ဖက်နဲ့ သပ်လိုက်ရပြီး နာရီဆီကို အကြည့်ရောက်သွားသည်။
“အို..နောက်ကျနေပြီ…”
“ကျွန်တော်က မီနာ နိုးမလား စောင့်နေတာ…အိပ်ပျော်နေတာ နောက်ကျနေတော့ နိုးလိုက်ရတယ်….”
“စောစောနိုးပါတော့လား…မီ အိပ်ပျော်သွားလိုက်တာ…”
မီနာ အခန်းပြင်ကို ထွက်တော့ အပါတောင် မရှိတော့ဘူး..။
အရင်တုန်းက နဲ့ မတူတဲ့ အခြေအနေကြောင့် မျက်နှာလည်း ပူပါသည်။
မီးဖိုခန်းကို သွားကာ ကိုယ်လက်သန့်စင်ပြီး ပြန်ရောက်လာတော့ အခန်းထဲမှာ အခင်းနှစ်ခု ခင်းထားပြီ..။
“……….”
မီနာ ခေါင်းစည်းပုဝါကို ယူပြီး ခေါင်းပေါ်စွပ်လိုက်တော့ အနောက်ကနေ ကြိုး အမြန်ချည်ပေးလို့ အခင်းပေါ် မြန်မြန် ရပ်လိုက်ရသည်။
ဟိုတစ်ယောက်ကတော့ စာရတဲ့ ကျောင်းသားလိုပဲ ညတုန်းက ကျက်ပြီးသား စူရဟ်ကိုပဲ အသံထွက်မပီမသနဲ့ ဖတ်တော့ မီနာ ပြုံးချင်သွားသည်။
ဒီလူနဲ့ဆိုရင် ဝတ်ပြုတာတောင် စိတ်သေချာ မနစ်နိုင်တာ မကောင်းပါဘူး..။
မီနာ့စိတ်ကို သတိပေးပြီး သေချာ အာရုံစိုက်ထားလိုက်ရတော့သည်။

ချစ်မျက်၀န်းWhere stories live. Discover now