EP 15

43 3 0
                                    

15

EP 15

05181025
“ညနေ ပြန်ရောက်မယ် ထင်တယ်..သူ ကြိုက်တက်တာလေးတွေ ချက်ထားဦး…ကောင်းကောင်းမွန်မွန်ပဲ ကြိုဆိုလိုက်ပါ…ဒါ ဝမ်းသာရမဲ့ ကိစ္စပဲ…သမီးငယ်…”
မီနာ ခေါင်းညိတ်လိုက်ရပေမဲ့လည်း ရင်ခုန် စိတ်လှုပ်ရှားမှုကို အတက်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းသိမ်းကာ မျက်လွှာချထားလိုက်ရသည်။
“ဆရာကြီး ကို ဆုံးမ‌ စကားပြောခိုင်းထားတာ ဆိုတော့ ပြန်ရောက်တာနဲ့ ကျောင်းကိုပဲ အရင်ခေါ်သွားလိုက်မယ်…”
“………”
“သမီးငယ်..”
မီနာ မလှုပ်မယှက် ငြိမ်နေတာကို အပါ က စိတ်တိုင်းမကျသလို ခေါ်တော့ မီနာ မျက်လွှာပင့်ကြည့်လိုက်ရသည်။
“သမီးငယ် စိတ်မကောင်းဖြစ်နေတာ..ဝမ်းနည်းနေတာ…လူတွေ စကားကြောင့် အားငယ်ပြီး သူ့အပေါ် စိတ်ကွက်နေတာ အပါ နားလည်ပါတယ်..ဒါပေမဲ့ ခုလောက်နဲ့ပဲ ဒီကိစ္စ ပြီးသွားတာ အရှင့်ကို ကျေးဇူးတင်ရမယ်…သူက ဒီအရပ်မှာ ဆွေမရှိ မျိုးမရှိဘူး..အပါတို့ဆီမှာ လာနေရတယ်…သူစိမ်းအိမ်မှာ နေရစားရခက်မှာပဲ..ခုလို အပြစ်တစ်ခုလုပ်သလို ခံစားနေရချိန် ကောင်းကောင်းမွန်မွန် မကြိုဆိုရင် သူ ဘယ်စိတ်‌ချမ်းသာမလဲ…သူက ဆိုးခဲ့ပေမဲ့ ဆရာကြီး အာမခံပေးသလို အပါ့ အမြင်လည်း လူကောင်းတစ်ယောက် ဖြစ်နိုင်တယ်ဆိုတဲ့ စိတ်နဲ့ သမီးနဲ့ လက်ထပ်ပေးခဲ့တာ…သမီးငယ်လေးကို အပါ က အဝေးကို မပို့ချင်လို့ ဒီလူကတော့ သင့်တော်ပါတယ်လို့ တွေးမိတာ…သူ့အဆိုးအကောင်းကို သမီးငယ် ခံစားရမှာပဲ သိလို့ အပါ သမီး အိမ်ထောင်ရေး အတွက် အမြဲ ဒိုအာ လုပ်ပေးပါတယ်…ဒီကိစ္စ ဖြစ်လာရတာ သူ့အပြစ်မဟုတ်ဘူးဆိုတာ…တခြားသူတွေ မသိရင် လက်မခံရင်တောင် အပါတို့သိတယ်လေ…ကောင်းကောင်းမွန်မွန် ပြောဆိုပြီး လေးလေးစားစား နေရမယ်..သမီးငယ်.. သမီး ခင်ပွန်း…လူဆိုးဖြစ်ဖြစ် လူကောင်းဖြစ်ဖြစ် ရိုသေရမဲ့ တာဝန်ရှိတယ်…အပါ တွေ့ရသလောက် သူက သမီးကို အနိုင်ယူတာ မရှိပါဘူး..ကြင်နာပါတယ်...သမီး ဘက် က  ဒီတစ်ကြိမ်တော့ နားလည်ပေးပြီး ခွင့်လွှတ်ပေးလိုက်ပါ…”
မီနာ မျက်လွှာချထားပေမဲ့ မျက်ရည်ကျနေတော့ မျက်နှာကို ပိုငုံ့ထားမိသည်။
အပါ က အနားရောက်လာပြီး ဖက်လိုက်တော့ အပါ့ ရင်ဘတ်မှာ မျက်နှာအပ်ကာ ငိုမိတော့သည်။
ဒီအချိန်တွေ အတွင်း အပါ့ရှေ့မှာ မငိုမိအောင် ထိန်းပြီး တစ်ယောက်တည်း ခံစားနေခဲ့ရတာ ပင်ပန်းလွန်းပါသည်။
သူ လူကောင်းဆိုတာ သိပေမဲ့ ခုလိုမျိုး ထပ်ဖြစ်လာမှာ မီနာ အရမ်းကြောက်ပါသည်။
“တိတ်တော့…တိတ်တော့…ဈေးသွားမလား…အပါ ပို့ပေးမယ်..”
အပါက မျက်ရည်ကို သုတ်ပေးပြီး ချော့တော့ ခေါင်းရမ်းလိုက်ကာ ငိုချင်စိတ်ကို ထိန်းလိုက်ရတော့သည်။
“သွားရမယ်..ဒီနေ့တော့ အာရှုရာ နှစ်သစ်ကူးနေ့လို ကောင်းကောင်းပြင်ဆင်ပြီး တို့ မိသားစုဝင် တစ်ယောက်ကို ကြိုဆိုရမယ်…”
“အပါ…ကျောင်းသွားရမယ်လေ…”
“နောက်မှ သွားတာပေါ့..”
အပါ က မီနာ ခေါင်းကို လက်နဲ့ ပွတ်ကာ ပခုံးကိုလည်း ပုတ်တော့ သက်ပြင်းဖွဖွ ချကာ မီးဖိုခန်းထဲဝင်ခဲ့လိုက်သည်။
မီးဖို‌ေချာင်ထဲမှာ လိုအပ်တဲ့ ပစ္စည်းတွေကို သေချာမှတ်ရသည်။
အခန်းထဲ ဝင်ကာ အဝတ်အစားလဲလိုက်ပြီး ပြန်ထွက်လာတော့ အပါ က ခေါင်းညိတ်ပြသည်။
အပါ နဲ့ ဈေးလိုက်သွားပြီး ဟင်းစာ ဝယ်နေရပေမဲ့လည်း လူတွေရဲ့ အကြည့် လူတွေရဲ့အမြင်ကို ကြောက်မိသည်။
ယောက်ျားရှိတုန်းက ကျတော့လည်း တမျိုးကြည့်ကြသည်။
ယောက်ျားထောင်ကျနေတာ သိကြတော့လည်း တမျိုးကြည့်ကြပြန်သည်။
မီနာ အိမ်ကို ပြန်ရောက်တော့မှ စိတ်သက်သာတော့သည်။
အပါ ကျောင်းထဲ ပြန်သွားတော့ မီနာ မီးဖိုချောင်မှာပဲ အလုပ်ကို အာရုံစိုက်ကာ လုပ်နေမိသည်။
ဟင်းချက်ပြုတ်ပြီးတော့ အခန်းထဲ ဝင်ကာ သန့်ရှင်းရေး လုပ်ထားလိုက်သည်။
နှစ်လကြာသွားပြီမို့ သူ့ခေါင်းအုံး သူ့စောင်တွေကို မ‌နေ့ကတည်းက လျှော်ဖွတ်ပြီး ပြန်ပြင်ပေးထားရသည်။
မနက်စာကို အပါနဲ့ နှစ်ယောက်တည်း စားရင်း သူ့အခု ဘယ်မှာ ဘာလုပ်နေမလဲ တွေးမိပြန်ပါသည်။
တနေကုန် အလုပ်လုပ်ရင်း စိတ်ပြောင်း ပေမဲ့ ညနေစောင်းတော့ မီနာ စိတ်လှုပ်ရှားကာ အလုပ်တောင် သေချာ မလုပ်နိုင်တော့ပါ..။
သူဘာတွေ ပြောင်းလဲသွားမလဲ တွေးကြည့်မိရင်း မီနာ့ စိတ်ထဲ သူ့ပုံသဏ္ဍန်တောင် အမျိုးမျိုး ပြောင်းလဲကုန်သည်။
နှစ်လလောက် ခရီးသွားနေတာလို့ တွေးလို့ရတာပဲလေ..။
ခရီးက ပြန်လာမဲ့ သူ့ကို ကြိုဆိုရမယ်လို့ စိတ်သွင်းလိုက်တော့မှ စိတ်က သက်သာသွားသည်။
မီနာ မီးဖိုခန်းထဲ ဝင်ထားရလို့ ရေချိုး အဝတ်အစားလဲပြီး မျက်နှာကိုလည်း မိတ်ကပ်ပါးပါး လိမ်းထားလိုက်သည်။
သူနဲ့အတူ ဧည့်သည်တွေလည်း လိုက်လာနိုင်သည်လို့ တွေးမိတော့ မျက်နှာအုပ်ပါ ဝတ်ထားရသည်။
မီနာ နေမဝင်ခင် ကတည်းက စောင့်နေပေမဲ့ နေဝင်ပြီးတဲ့အထိ ပြန်မရောက်တော့ သူ ပြန်မလာတဲ့နေ့က အကြောင်းတွေးမိပြီး မျက်ရည်ဝဲလာပြန်သည်။
ခုတင်ပေါ် ထိုင်ရင်း မျက်ရည်ကျလာလို့ တစ်ရှုးနဲ့ တို့သုပ်နေရသည်။
“….…”
“ဟင်…”
မီနာ ‌ခြေသံ ကြားတော့ အခန်းထဲက အမြန်ထွက်သွားလိုက်သည်။
အိမ်ရှေ့မှာ ကလေး တစ်ယောက်ကို တွေ့တော့ တံခါး အမြန်ဖွင့်လိုက်မိသည်။
“.အဘူလေး…ဆရာကြိးက ချက်ထားတဲ့ ဟင်းတွေ ထမင်းတွေ ပေးလိုက်ပါတဲ့…အဘူလေး ယောက်ျား ပြန်ရောက်ပြီ..ကျောင်းထဲမှာ…ဆရာကြီးတို့နဲ့ ထမင်းတူတူ စားဖို့တဲ့…”
“ဟင်..ရောက်ပြီလား…အင်း..ခဏနော်..”
မီနာ နှလုံးခုန်နှုန်းက မြန်နေပြီး လမ်းလျှောက်တာတောင် ကြမ်းပြင်နဲ့ ခြေထောက် မထိတော့လောက်အောင် ခံစားနေရသည်။
စိတ်လှုပ်ရှားမှုကြောင့် လက်တွေကလည်း အားမရှိသလိုကို တုန်ယင်နေပေမဲ့ မျက်ရည်ကျသည်အထိ ပျော်ရပါသည်။
ထမင်းအိုးလိုက်နဲ့ ချက်ထားသမျှ ဟင်းအိုးတွေ အကုန်သယ်ချသွားပြီး ကလေးနှစ်ယောက်ကို ပေးလိုက်သည်။
“လူတွေများလားဟင်..”
ထမင်းဟင်း မလောက်မှာ စိုးလို့ မေးလိုက်ပေမဲ့ ကလေး နှစ်ယောက်စလုံးက ခေါင်းညိတ်ပြသည်။
“အများကြီးပဲ..ဆရာကြီးတို့ သူငယ်ချင်းတွေလည်း ပါတယ်..ရန်ကုန်က ဆရာကြီးတွေလည်း ရောက်နေလို့…အဘူလေး ယောက်ျားနဲ့ စကားပြောနေကြတယ်..”
“ဟင်…---‌ေကျာင်းက ကျောင်းအုပ်ကြီးလား..”
“အင်း..ဟုတ်တယ်…”
မီနာ မျက်လုံးပြူး အံသြပေမဲ့လည်း သူ့အတွက် ဝမ်းသာပါသည်။
သူ့ဇနီး ဖြစ်တဲ့ ကိုယ့်ကို လူတွေ ဝေဖန်တာ အားငယ်ပေမဲ့ သူပြန်လာချိန် သူ့ကို ဖယ်ကြဉ်ထားကြမှာ စိုးရိမ်နေခဲ့တာ..။
အခုလို ဂုဏ်သိက္ခာရှိပြီး လူတကာ လေးစားရသည့် ဆရာကြီးတွေက သူနဲ့ အတူ ထမင်းစားပြီး ကြိုဆိုပေးတယ်ဆိုတော့ မီနာ မျက်ရည်ကျတဲ့အထိ အရှင့်ကို ကျေးဇူးတင်မိပါသည်။
“မလောက်ရင် လာထပ်ယူနော်…မောင်လေး..”
“ဧည့်သည်တွေ အတွက်က ထမင်းဟင်းတွေ အများကြီးပါလာတာ…ဆရာကြီးက  အဘူလေး  ယောက်ျားစားဖို့ပဲ နည်းနည်း လာယူခိုင်းတာ…ကျောင်းအုပ်ကြီး ကလည်း ဟင်းတွေ အများကြီး ချက်ထားတာ..ပိုတောင် နေတယ်…သွားပြီ..”
“အင်း..အင်း..”
ကလေး နှစ်ယောက်က ပြန်ပြေးသွားတော့မှ မီနာ ဝမ်းသာအားရ ပြုံးမိပြီး မျက်ရည်တွေကို သုတ်ပစ်လိုက်သည်။
အခန်းထဲကို ကပျာဝင်ပြီး ပေါင်ဒါ နည်းနည်း ထပ်ရိုက်ကာ နှုတ်ခမ်းနီ ပြေပြေလေးဆိုးလိုက်သည်။
ခေါင်းစည်းပုဝါကို ပြန်ချွတ်ပြီး ကျစ်ဆံမြီးကို အမြန်ဖြေကာ ဆံထုံးမြင့်မြင့်လေး ထုံးလိုက်သည်။
မျက်လုံးကို ကာခြယ်ဆွဲနေချိန် ရင်ခုန်ပြီး လက်တွေပင် တုန်နေလို့ သတိထားနေရသည်။
မီနာ ပြင်ဆင်ပြီးကာမှ ရှက်လာလို့ မျက်နှာအုပ်ကို ပြန်အုပ်လိုက်ရသည်။
အခန်းထဲ အလုပ်မရှိပေမဲ့ ရင်ခုန်နေလို့ အလုပ်ရှာကာ တံမြတ်စည်းကို သုံးခါ မြှောက် လှည်းနေမိသည်။
“မီနာ….”
သူ့ခေါ်သံကြားတော့ မီနာ မျက်လုံးပြူးသွားကာ လက်ထဲက တံမြတ်စည်းပင် ပြုတ်ကျသွားရသည်။
မီးဖိုခန်းဘက်က ခေါ်သံကနေ ခြေသံတွေက အခန်းနားကို အမြန်အဆန်ရောက်လာသည်။
အခန်းတံခါး ပွင့်သွားတော့ မျက်နှာချင်းဆိုင် မြင်လိုက်ရတဲ့ သူ့ပုံစံက လူကို စိတ်မကောင်းဖြစ်ကာ ဝမ်းနည်းစေသည်။
ပိန်သွားတာပဲ..။
သူ့မျက်နှာကို မြင်လိုက်ရရုံကိုပဲ မီနာမှာ ဘာမှ မတွေးနိုင်ကာ မျက်ရည်တွေ စီးကျလာတော့သည်။
“မီနာရယ်…”
မီနာ ခေါင်းငုံ့ပြီး ငိုနေမိချိန် အနားကို ရောက်လာပြီး ခေါ်တော့ ခေါင်းငုံ့ထားရင်း တစ်ဖက်ကို လှည့်ကာ ပိုငိုမိသည်။
“မီနာရယ်…ကျွန်တော့်ကို ခွင့်လွှတ်ပါနော်…”
မီနာ့ကို နောက်ကနေ သိုင်းဖက်လိုက်တော့ ရင်တုန်လန့်ဖြတ်ကာ  ကိုယ်ကို တွန့်၍ ရုန်းလိုက်မိသည်။
သူက လွှတ်ပေးပြီး ရှေ့ကို ပြန်ရောက်လာတော့ သူ့
အ‌ငွေ့အသက် သူ့အထိအတွေ့ သူ့အသံလေး ပြန်ကြားရပြီမို့ ဝမ်းသာလွန်းလို့ မျက်နှာကို ငုံ့ထားရင်း မျက်ရည်က ပိုကျလာသည်။
“မီနာ….ကျွန်တော် တောင်းပန်ပါတယ်..စိတ်မဆိုးပါနဲ့တော့နော်…”
“အင့်…ဟိုတစ်ယောက်…ကတိမတည်ဘူး..”
သူထားသွားတဲ့ အချိန်က စိတ်ပင်ပန်း စိတ်ဆင်းရဲရမှုတွေကို သူ့ဆီ ရန်တွေ့ချင်လို့ မီနာ စကားတစ်ခု ပြန်ပြောလိုက်သည်။
“ဟင်…”
“လူဆိုး မလုပ်ဘူးဆို…အင့်..ဟင့်…”
မီနာ ပြောလိုက်ပေမဲ့လည်း အသံက တုန်ယင်နစ်ဝင်သွားသလို ရင်ထဲမှာလည်း နာကျင်ရပါသည်။
“ကျွန်တော် မတက်သာလို့ပါ…တောင်းပန်ပါတယ်….”
“ဟိုတစ်ယောက် ကတိပေးပြီး လုပ်ချင်သလို လုပ်နေတာပဲ…ယောက်ျားဆိုတာ ကတိပေးပြီး တည်ရတယ်…အင့်ဟင့်….”
မီနာ ငိုနေရင်းဖြင့် ပလုံးပထွေး ရန်တွေ့မိတော့ သူ့ဆီက သက်ပြင်းချသံ ကြားရသည်။
“ကျွန်တော် ကတိတည်ပါတယ်..ခုက ဟိုကောင် ရန်ဖြစ်နေတာကို ဝင်ပါရတာ..အဲ့နေ့တုန်းက ကျွန်တော် ဆိုင်သိမ်းပြီး ပြန်လာဖို့ လုပ်နေတာကို ဖုန်းဝင်လာတယ်…အရက်ဆိုင်မှာ ရန်ဖြစ်နေတာ ဆိုတော့ ကျွန်တော် မသွားဖို့ ဆုံးဖြတ်ပြီး အိမ်ပဲ ပြန်လာခဲ့တာ…ရပ်ကွက်လမ်းထဲ ရောက်တော့ ဖုန်းထပ်ဝင်လာတာ ဟိုကောင်က ဓားနဲ့ထိုးခံရပြီး ပြေးနေရတာတဲ့…အဲဒါကြောင့် အမြန်လိုက်သွားရတာ…ကျွန်တော် မသွားရင် သူတကယ် အသတ်ခံရမှာ…နောက်ပြီး ကျွန်တော် မကြောက်ဘူး…လက်လည်းယဉ်တယ်..ဒါပေမဲ့ မီနာတို့ကို ကတိပေးထားလို့ ကာကွယ်တဲ့ အနေနဲ့ပဲ ပြန်လုပ်တာပါ…မဟုတ်ရင်…အရင်စိတ်နဲ့ဆို နှစ်ယောက်စလုံးကို အသေသတ်ပစ်မိမှာပဲ…လူဆိုးဆိုတာ နေချင်သလို နေတာ…ခုက အနိုင်ကျင့်ခံရတာ အသတ်ခံရတာ ကို ဝင်ကူတာ…ကျွန်တော့် အပြစ်မရှိဘူး..သူငယ်ချင်း မဟုတ်ပဲ လူတစ်ယောက် အဲလို ဖြစ်နေရင်လည်း ဝင်ကူမှာပဲ…နောက်လည်း ဝင်ပါနေဦးမှာပဲ…”
“ဟင့်…အီး…ကောင်းတာပေါ့…ကောင်းပါတယ်…နင့်အတွေးနဲ့ နင့်အလုပ်ကိုက်ညီနေတာပဲမလား…နင် မမှားဘူးမလား…ဟုတ်တယ်..မမှားဘူး…နောက်တစ်ခါလည်း ထပ်ဖြစ်...ဓားတွေနဲ့ ထိုးကြ…သေရင်သေ မသေရင် ထောင်ကျမယ်. …ခုက နင်မသေလို့ ထောင်ကျတာ…နောက်တစ်ခါ ထပ်ဖြစ်ရင် သေချင်သေမှာပဲ…ခုက လင်က ထောင်ကျလို့ပူပန်သောကနဲ့ သနားစရာ မိန်းမ အဖြစ် ကျန်ခဲ့ရတာ..နောက်တစ်ခါကျရင် တစ်ခုလပ်ဖြစ်ကျန်ခဲ့မှာပေါ့…ပြီးတော့ ငါ ဘာဆက်ဖြစ်မလဲ…ငါ မသိတဲ့ သူစိမ်း ယောက်ျားတစ်ယောက်နဲ့ ထပ်ပြီး လက်ထပ်ရမယ်  အဲ့မသိတဲ့ သူစိမ်းယောက်ကျားကို ဇနီးမယားတာဝန်အရ ထပ်ပြောင်းပြီး ချစ်ပေးဖို့”
“မီနာ…”
မီနာ စိတ်မကောင်းလို့ ငိုပြီး ပြောနေရင်းက အနားလေးကနေ အော်လိုက်တဲ့ သူ့အသံကြောင့် မျက်လုံးပြူးကျယ်သွားရသည်။
ခါးကို ဆောင့်ဆွဲဖက်ပြီး မျက်နှာအုပ် ခေါင်းစည်းပုဝါကို လှန်ချွတ်၍ အတင်းနမ်းတော့ မီနာ လန့်ပြီး တွန်းရုန်းမိသည်..။
မီနာ ရုန်းသော်လည်း ခါးကိုဆွဲကပ်ထားသလို မေးကိုလည်း လက်တစ်ဖက်က ကိုင်ထားတော့ နည်းနည်းမှတောင် မလှုပ်နိုင်ပါ..။
လွတ်လပ်နေတဲ့ မျက်ဝန်းတွေကသာ မျက်ရည်တွေ စီးကျလာတော့သည်။
“မီနာရယ်….”
သူက ရပ်တန့်လိုက်ပြီး မီနာ့ကို ဆွဲဖက်ကာ ရင်ခွင်ထဲ ထည့်လိုက်တော့ သူ့ ရင်ဘတ်ကို ထုကာ ငိုမိသည်။
“ကတိမတည်ဘူး…ကတိမတည်ဦး…အီး…”
“နောက်တစ်ခါ စိတ်ပူရအောင် မလုပ်တော့ပါဘူး..ရန်ပွဲတွေလည်း မပါတော့ဘူး..တစ်ယောက်တည်း ထားမသွားတော့ဘူးနော်…”
“ ………”
“တိတ်ပါတော့…ကာခြယ်တွေ ပေပွကုန်ပြီ…”
မီနာ့ မျက်နှာကို ဆွဲမော့ပြီး မျက်ရည်သုတ်ပေးရင်း ရယ်နေလို့ လက်တစ်ဖက်နဲ့ မျက်ရည်တွေကို ဆွဲသုတ်လိုက်ရသည်။
“အဟွင်းး..ပန်ဒါမလေး ဖြစ်နေပြီ…ညစ်ပတ်ထူးနေတာပဲ…”
သူက လှောင်ရယ်ပြီး ပြောတော့မှ သူ့ရင်ဘတ်ကို တွန်းကာ ပြန်ထွက်လိုက်သည်။
မီနာ ရှက်လည်းရှက်သလို နှစ်လစလုံး ငိုနေရအောင်လုပ်တဲ့ သူ့ကိုလည်း မကျေနပ်လို့ ကျောပေးလိုက်သည်။
“ဘယ်လဲ…မီနာ…”
“မီးဖိုခန်း..”
“ဟင်…ဘာလုပ်မလို့လဲ…”
“အလုပ်ရှိတယ်…”
“အလုပ်ရှိလည်း နောက်မှ လုပ်ပါဗျာ…ကျွန်တော် မီနာ့ကို အရမ်းလွမ်းနေတာ..ခဏနေပါဦး..”
‘မနေဘူး…မီ က ညစ်ပတ်ထူးနေတာ..”
“အဟွင်း..ညစ်ပတ်ထူးလည်း သိပ်ချစ်တာပဲဗျာ…”
“အို…”
မီနာ နောက်ကနေ ရုတ်တရက်ကြီး ရောက်လာကာ ပွေ့ချီလိုက်တော့ မျက်လုံးပြူးသွားသည်။
ခုတင်ပေါ် ချလိုက်တော့ မှ ရင်တွေခုန်ကာ လက်ဖျားတွေပင် အေးလာသည်။
ခေါင်းစည်းပုဝါက ကြိုးကို ဖြုတ်ပြီး ဆွဲချွတ်လိုက်တော့ ကလစ်သေချာ မထိုးထားတဲ့ ဆံထုံးက ပြေကျသွားရသည်။
မီနာ မျက်လွှာချ ငြိမ်သက်နေသော်လည်း ရင်ခုန်သံက ကြောက်စရာကောင်းလောက်အောင် ကျယ်လောင်နေသည်။
ရင်ဘတ်ပေါ် ပြုတ်ကျလာတဲ့ ဆံပင်တွေကို ဆွဲယူပြီး နမ်းနေမှန်း သိတော့ ရှက်ပြီး ရင်ခုန်လွန်းလို့ မျက်ရည် ပြည့်လာသည်။
“မီနာ..”
“……”
“ကျွန်တော့်ကို ကြည့်ပါဦး..မီနာရယ်…”
သူ့စကားကို မလွန်ဆန်နိုင်လို့ မျက်လွှာပင့်ကြည့်လိုက်ချိန် အကြည့်ချင်းဆုံသွားကာ မျက်လွှာ ပြန်ချလိုက်ရသည်။
မီနာ စိတ်လှုပ်ရှား ရင်ခုန်ခြင်းတစ်ဖက် ကြောက်ရွံ့စိုးရိမ်ခြင်း တစ်ဖက်ကြောင့် နှလုံးခုန်နှုန်းက မြန်လာသလိုရှိသည်။
“အဲ့မျက်လုံးလေးကို ကျွန်တော် အရမ်းလွမ်းနေတာ…”
မျက်လုံးပေါ် ရောက်လာတဲ့ နှုုတ်ခမ်းရဲ့ အနမ်းကြောင့် မျက်လုံးတွေ စုံမှိတ်ပစ်လိုက်ရသည်။
“ပူတယ်နော်…”
“ဟင့်အင်း…”
မီနာ ငြင်းလိုက်သော်လည်း  မျက်လုံး တစ်ဖက်စီ ကို နမ်းနေရင်းက ဘုရ်ခါ ဂါ၀န်ရဲ့ ရှေ့ဇစ်ကို ဆွဲချတော့ ရှက်လွန်းလို့ မျက်လုံးကို ပိုပြီး စုံမှိတ်ထားမိသည်။
အကျီ ၤအောက်မှာ သူဝယ်ပေးထားတဲ့ ဂါဝန်လေး ဝတ်ထားတာကြောင့် အသက်ပင် မရှုရဲလောက်အောင်ကို ရှက်မိသည်။
“မီနာ က ချစ်ဖို့ကောင်းလိုက်တာ…”
မျက်နှာပေါ်က နီးကပ်နေတဲ့ သူ့မျက်နှာနောက်ဆုတ်သွားပေမဲ့လည်း မီနာ မျက်လုံးမဖွင့်တော့ ပါးကို ဖွဖွ ဖျစ်ပြီး ရန်စနေပြန်သည်။
“ခိုးပြုံးမနေနဲ့…ဒီမှာ ပါးချိုင့်က ပေါ်နေတယ်…”
မီနာ့ ပါးကို ဖိကပ်နမ်းလိုက်တော့ မျက်လုံးတွေက အလိုအလျောက်ပြန်ပွင့်သွားရသည်။
တစ်ခါမှ မပြုံးမိပါဘူးနော်..။
တမင်လူလည်လုပ်တာပဲ..။
မီနာ တစ်ချက်ကြည့်မိပြီး နှုတ်ခမ်းစူပွပွ ဖြစ်ကာ အကြည့်လွဲလိုက်တော့ ပခုံးကို သိုင်းဖက်ပြီး ရယ်နေသည်။
“အဲလို မျက်စောင်းတောင် ရဲရဲ မထိုးတက်တဲ့ မျက်စောင်းလေးကို လွမ်းတာ…ချစ်လိုက်တာ…လွမ်းလိုက်ရတာ…အရမ်းကြောက်တယ်…မီနာ မုန်းနေမှာစိုးလို့လေ..”
“……….”
“မီနာ ကျွန်တော်နဲ့ ရင်းနှီးအောင် အများကြီး ကြိုးစားခဲ့ရတာ..ဒီကိစ္စကြောင့် ပြန်စိမ်းကားသွားမှာ စိတ်ပူနေတာ..စိတ်မဆိုးဘူးမလားဟင်…”
“ဆိုးတယ်…”
မီနာ မျက်နာ တစ်ဖက်လွဲပြီး ပြောလိုက်တော့ ခါးကို လက်တစ်ဖက်နဲ့ ဖက်ပြီး လည်ဂုတ်ကို နမ်းလို့ ကြက်သီးထသွားသည်။
“ယောက်ျား ဖြစ်သူတောင် လည်ဂုတ်နဲ့ ပခုံးကို ခုမှ သေချာ တွေ့ဖူးတော့တယ်…အသည်းယားဖို့ ကောင်းလိုက်တာနော်…”
လည်တိုင်နဲ့ ပခုံးကို အကြိမ်ကြိမ် နမ်းနေတော့ မီနာ မျက်လွှာချထားရပေမဲ့လည်း ရင်ခုန်သံတွေက ပြောင်းဆန်နေပြီ..။
ပါးနှစ်ဖက်ကို လက်နှစ်ဖက်နဲ့ ဖွဖွကိုင်ပြီး သူ့ဘက်ကို လှည့်ခိုင်းတော့ ရင်ခုန်လန့်ဖြတ်ရင်း သူ့ဆီ အကြည့်ရောက်သွားကာ အလန့်တကြား လှည့်ကြည့်မိချိန် နှုတ်ခမ်းကို နမ်းနေပြန်သည်။
အသက်ရှုမဝအောင် နမ်းနေတော့ မီနာ မောလာလို့ သူ့ရင်ဘတ်က အကျီ ၤစကို ဆုပ်ကိုင်ထားရသည်။
သူက မီနာ့လက်ကို ဆွဲပြီး လှဲသိပ်လိုက်တော့ မျက်လုံး မဖွင့်ရဲတော့ပါ..။
သူ့အနမ်းတွေ အောက်မှာ ရင်ခုန်တုန်ယင်ရင်း သတိလစ်မသွားဖို့သာ ကြိုးစား သတိကပ်နေရပါသည်။
.
“ဟင်..မီနာ…ခေါင်းလျှော်ပစ်လိုက်တာလား…”
“အင်း..”
မီနာ အခန်းထဲကို ပြန်ဝင်လာရတာ မျက်နှာပူ ရှက်ရွံ့၍ နေရခက်သော်လည်း မတက်နိုင်ပါ..။
သူနဲ့ကိုယ်က တရား၀င်ဇနီးမောင်နှံတွေလို့ ကိုယ့်စိတ်ကို ကိုယ် သတိပေးရင်း ရှက်တဲ့စိတ်ကို ကြိုးစား၍ မေ့ထားရသည်။
ဆံပင်ထူတွေကို တာဝါနဲ့ပတ်ထားလို့ လေးလံနေပေမဲ့လည်း ခုတင်နားကို ရောက်တဲ့အထိ ထိန်းလျှောက်သွားရသည်။
“အင့်…”
“ဘာလဲဟင်..”
ပေးတဲ့ ပန်းကန်ကို လှမ်းမယူသေးပဲ မေးတော့ မီနာ စကားမပြောရဲသေးလို့ ရှေ့ကိုသာ တိုးပေးလိုက်ရသည်။
“ဟင်..ဖက်ထုပ်..ဘယ်အချိန် လုပ်လိုက်တာလဲ..”
“ညနေကတည်းကပဲ..”
“အဟွင်း…စိတ်ဆိုးပြေသွားတော့မှ ကျွေးတာလား..”
“မဟုတ်ပါဘူး…ညတုန်းက ထမင်းစားမှာမို့လို့ ဟင်းပဲ ပို့ပေးလိုက်တာ…ခုမှ သတိရလို့…”
သူက ဖက်ထုပ်ပန်းကန်ကို ယူပြီး ခုတင်ဘေးမှာ ချလိုက်တော့ မစားချင်တော့လို့လား တွေးမိပြီး စိတ်မကောင်းဖြစ်သွားချိန် လက်ကို ရုတ်တရက် ဆွဲလိုက်လို့ ခုတင်ပေါ် ပြုတ်ကျသွားရသည်။
သူက လက်နဲ့ဆီးဖမ်းလိုက်လို့ သူ့ရင်ခွင်ထဲ ရောက်သွားကာ မျက်လုံးပြူး၍ မော့ ကြည့်မိသည်။
“ဘာလို့ ချက်ချင်း ခေါင်းသွားလျှော်ရတာလဲ..မီနာရဲ့…ညဘက်ကြီး..မီနာက ဆံပင်ရှည်တော့ ဘယ်ခြောက်မလဲ…”
သူက ပုံမှန်လိုပဲ ပြောနေပေမဲ့ မီနာ မျက်နှာပူကာ မျက်လွှာချလိုက်ရသည်။
“ဟွန့်…‌ယောက်ျား မေးနေတာကို…မဖြေဘူး..မလေးစားတာလား…ငရဲကြီးမှာ မကြောက်ဘူးလား..”
မီနာ ရှက်နေပေမဲ့လည်း ငရဲနဲ့ ခြိမ်းခြောက်တော့ မကျေမနပ်ဖြင့် နှုတ်ခမ်းနည်းနည်းစူသွားရသည်။
သူမေးတာ မဖြေရင်လည်း ခြိမ်းခြောက်နေဦးမည်လေ။
“ဟို..မသန့်တဲ့ အခြေအနေနဲ့ မနေချင်လို့…”
သူ့မျက်နှာကိုတော့ ကြည့်ပြီး မဖြေရဲလို့ မျက်လွှာချထားရင်း ရှက်ရွံ့စွာဖြင့် ခပ်တိုးတိုးသာ ပြန်ဖြေလိုက်မိသည်။
“ဟုတ်သားပဲ…နောက်ဆို ခေါင်းလျှော်မဲ့ ကိစ္စပါ ထည့်တွက်ရတော့မယ်…”
“ဟင်…”
“အဟင်း…ကျွန်တော်က ဆံပင်တိုတော့ ကိစ္စ မရှိဘူး..မီနာက ဆံပင်ရှည်တယ်လေ….ခုလို ညဘက်ကြီး ခေါင်းထလျှော်ရတာ အဆင်မပြေဘူး…ကျွန်တော့်ကြောင့် အခက်အခဲ ဖြစ်သွားရပြီ…တောင်းပန်ပါတယ်…”
မီနာ့ကို ရင်ခွင်ထဲ ထည့်ဖက်ထားရင်း ငုံ့ကြည့်ကာ ပြောတော့ သူ့မျက်နှာကို မော့မကြည့်ရဲလို့ ခေါင်းကိုပဲ ဖြည်းဖြည်း ရမ်းပြလိုက်ရသည်။
“ဘာလဲ…ငြင်းနေတာလား…”
မီနာ့ကို အထင်လွဲသွားတော့ စကားမပြောချင်သော်လည်း နှုတ်ခမ်းက ပွင့်ဟရတော့သည်။
“မဟုတ်ပါဘူး..တောင်းပန်စရာ မလိုဘူး ပြောတာ…မီ့ ဆံပင်က အခြောက်မြန်ပါတယ်…”
“ပုံမှန်လည်း မီနာက ကြာသာပတေးနေ့တိုင်း ခေါင်းလျှော်တာပဲမလား…အဲတော့ ချောလဲရောထိုင် လုပ်လို့ရပြီ…”
“………”
မီနာ မျက်နှာပူသွားပြီး ခေါင်းကို ပိုငုံ့ထားလိုက်တော့ သူ့ဆီက ရယ်သံထွက်လာပြီး နဖူးကို နမ်းနေပြန်သည်။
ခေါင်းပေါ်က တာဝါကို ဖြုတ်လိုက်ပြီး ဆံပင်တွေကို ဖိသုတ်ပေးနေတော့ နေရခက်သော်လည်း ရင်ခုန်ကာ ပျော်သလိုလို ခံစားရသည်။
“ဒရိုင်ယာ မသုံးဘူးလား..”
“ရှိတယ်…ခဏ…”
သူ့ရင်ခွင်ထဲက ရုန်းထွက်လိုက်ပြိး ခုတင်ပေါ်က ဆင်းခဲ့ကာ ဘီဒို တံခါး ဖွင့်၍ ယူလိုက်ရသည်။
သူကလည်း ခုတင်ပေါ်က ဆင်းလာပြီး မီနာ့လက်ထဲက ဒရိုင်ယာကို ယူကာ ပလပ်ထိုးပြီး လက်ခံစမ်းကြည့်နေသေးသည်။
“မီနာ..ခုတင်မှာ ထိုင်…”
မီနာ စကားနားထောင်ပြီး ခုတင်ပေါ် ထိုင်လိုက်တော့ ခေါင်းပေါ်ကို တာဝါနဲ့ လိုက်ဖိပေးနေသည်။
သူဘာလုပ်နေတာလဲ နားမလည်လို့ လှည့်ကြည့်မိတော့ ပြုံးကာ ကြည့်‌ေနလို့ ကပျာကယာ မျက်နှာ ပြန်လှည့်လိုက်ရသည်။
“ဆံပင်ထိပ်ပိုင်းတွေ ပူပြီး နာမှာ စိုးလို့..”
မီနာ ပြုံးမိသွားပေမဲ့ သူတွေ့သွားမလား စိုးရိမ်ကာ နှုတ်ခမ်းကို ဖွဖွ ဖိပိတ်လိုက်ရသည်။
ဆံပင်ထိပ်ပိုင်းတွေကို သုတ်ပေးပြီးတော့မှ ဒရိုင်ယာဖွင့်ပြီး ဆံပင်ကို နည်းနည်းချင်းစီ ခွဲလုပ်ပေးသည်။
မီနာကတော့ စိတ်မရှည်သူမို့ ခေါင်းလျှော်တဲ့နေ့ဆို တာဝါပတ်ပြီး အလုပ်လုပ်လိုက်တာ အလုပ်ပြီးရင် ခြောက်သွားတာပါပဲ..။
သူက စိတ်ရှည်တက်သူမို့ မီနာ အံသြရပါသည်။
“မီနာ..”
“ဟင်..”
မီနာ အ‌တွေးများနေချိန် စက်ကို ပိတ်လိုက်ပြီး အနောက်ကနေ ခါးကိုင်းကာ နားအနားကပ်ခေါ်လိုက်လို့ လန့်သွားရသည်။
“အဆင်ပြေရဲ့လားဟင်..”
“အင်း..ခြောက်ရင် ရပါပြီ…”
“အဲဒါ မဟုတ်ဘူး…ဟိုကိစ္စကို ပြောတာ..”
မီနာ မျက်နှာပူထူသွားကာ နားတွေအောင် အူကုန်သလိုပါပဲ..။
ဘယ်လိုပဲ ပတ်သက်ပြောင်းလဲပါစေ ရှက်နေတုန်းပါပဲ..။
“ဟလာဆိုတာ သိပေမဲ့ မီနာ နာကျင်ခံစားရမှာ စိတ်ပူနေတာ…ခုကော တကယ်အဆင်ပြေရဲ့လားဟင်…ကြမ်းတမ်းမိသွားလားဟင်..အရမ်းလွမ်းနေပြီး..စိတ်လွတ်သွားလို့ပါ…”
မီနာ ဆက်မကြားရဲလို့ ကပျာကယာ ခေါင်းရမ်း ငြင်းဆန်လိုက်ရတော့သည်။
သူက ခေါင်းကို နမ်းလိုက်တာ သိတော့ သက်ပြင်းဖွဖွ ချလိုက်မိသည်။
“‌ဆံပင် ဆီလိမ်းမလား…”
“အင်း…ရတယ်..မီပဲ လိမ်းလိုက်မယ်..”
မီနာ ပြောလိုက်သော်လည်း ဘီဒိုထဲက အုန်းဆီဘူးကို ယူပြီး လက်ဝါးထဲ ထည့်ပွတ်ကာ ခေါင်းပေါ်ကို သပ်လိမ်းပေးနေတော့ ငြိမ်နေရပါသည်။
ဆံပင်အဖျားပိုင်းတွေလည်း လိမ်းပေးပြီး ကျစ်ဆံမြီးပါ တစ်ခါတည်း ကျစ်ပေးတော့ မီနာ မနေတက်ဖြစ်ရသည်။
“ညီရဲ့လား..”
ကျစ်ဆံမြီးကို ရင်ဘတ်ပေါ် ချပေးပြီး ပြောတော့ မီနာ ကိုင်ကြည့်ပြီး ခေါင်းညိတ်လိုက်ရသည်။
“ဗိုက်တောင်ဆာသွားပြီ…ဖက်ထုပ်ငတ်နေတာကြာပြီ…”
သူကခုတင်ပေါ် ပစ်ချထိုင်လိုက်ပြီး ဖက်ထုပ်ပန်းကန်ယူကာ တစ်ခုယူစားတော့ သူ့မျက်နှာကို တစ်ချက်ကြည့်မိသည်။
သူက မုန့်ဝါးနေရင်း ကြည့်တော့မှ ကပျာကယာ မျက်လွှာချလိုက်ရတော့သည်။
“မီနာ တစ်ခါ လုပ်ပြီး ပို့ပေးသေးတယ်နော်..”
“အင်း..စားရလား..”
“စားရပါတယ်..ဒါပေမဲ့ ခုလို မဟုတ်ဘူး…”
“အင်း…အဲတုန်းက ကြာကြာစားလို့ရအောင် ခြောက်အောင် လုပ်ပေးလိုက်တာ…စားတော့ မာနေတယ်မလား..”
“မဟုတ်ပါဘူး..မီနာ့ မျက်နှာလေး ကြည့်ပြီး စားချင်တာ…”
မီနာ မျက်လွှာချထားပေမဲ့ ပြုံးမိသွားတော့ သူ့ဆီက ရယ်သံ ထွက်လာပြန်လို့ နေရခက်သွားသည်။
သူ အခုလို လွတ်လပ်သွားတာကို ဝမ်းသာရပါသည်။
မီနာလည်း သူ့ကို လွမ်းနေခဲ့တာပဲလေ..။
ခေါင်းထဲ ရည်းစူးချက်ကို သတိရတော့ သက်ပြင်းဖွဖွ ချလိုက်သည်။
“ဟိုတစ်ယောက်…”
“ပြောပါ..ဒီတစ်ယောက်ရယ်…”
သူက ရန်စသလို ပြောပေမဲ့ မီနာ စိတ်ထဲ အားနာမိသည်။
ကိုယ့်ယောက်ျားကို ခုလို ခေါ်တာ မလေးစားသလို ဖြစ်များနေမလား တွေးမိတော့ အပြစ်ရှိသလိုပါ ခံစားရသည်။
“အဲလို ခေါ်တာ မကြိုက်ဘူးလားဟင်…ပြောင်းခေါ်ပေးရမလား..မ‌လေးစားသလို ဖြစ်နေတယ်မလား..မီ နှုတ်ကျိုးနေလို့ပါ…”
“အဟွင်း..မီနာ က ချစ်ဖို့ကောင်းလိုက်တာ..”
မုန့်ကို ပလုတ်ပလောင်းစားပြီး တစ်ရှူးနဲ့ လက်သုတ်ကာ ပြောတော့ မီနာ မျက်ခုံးလေး တွန့်သွားသည်။
အလိုမကျဟန်က အကျင့်ပါနေလို့ဆိုပေမဲ့ စိတ်ထဲမှာတော့ ဒီရန်စတဲ့ စကားလုံးလေးကို အရမ်းလွမ်းနေခဲ့တာ ကိုယ့်ကိုယ်ကို အသိဆုံးပါလေ။
“လူတွေရှေ့မှာ ဘယ်လိုခေါ်ခေါ်ပေါ့…ကျွန်တော်ကတော့ ဟိုတစ်ယောက်ကိုပဲ အသည်းယားပြီး ချစ်နေတာ ကြာပြီ…ထောင်ကျဖူးပေမဲ့…ဒီနှစ်လက ပိုပင်ပန်းတယ်…
နှစ်လစလုံး ဟိုတစ်ယောက်ဆိုတဲ့ အသံလေးကိုပဲ သေလောက်အောင် လွမ်းနေခဲ့ရတာလေ…”
သူ့စကားတွေကို တစ်ခုခု တုန့်ပြန်သင့်မှန်း သိပေမဲ့ မိနာလည်း သူ့ကို သတိရကြောင်းကို ပြောပြဖို့ ရှက်နေလို့ နှုတ်ဆိတ်ကာ မျက်လွှာ ချထားမိသည်။
“ကျွန်တော့်ဖုန်းထဲမှာ ဟိုတစ်ယောက်ရဲ့မိန်းမ ဆိုတဲ့ ထူးဆန်းတဲ့ နံပါတ် ရှိတယ်..မီနာ့ဆီမှာ ဘယ်လို မှတ်ထားလဲ…ဟိုတစ်ယောက်လို့ မှတ်တယ်မလား..”
“ဟင့်အင်း..ဘယ်လိုမှ မမှတ်ဘူး..”
“အိုး..ရက်စက်လိုက်တာဗျာ..ချစ်မျက်ဝန်းလေးရဲ့ဟိုတစ်ယောက်လို့ မှတ်လိုက်ပေါ့…အဟင်း…”
မီနာ နှာခေါင်းရှုံ့မိတော့ သူ့ဆီက ရယ်သံထွက်လာလို့ ပြုံးမိသွားသည်။
သူရန်စနေတာနဲ့ လိုရင်းကို မပြောရဘူး..။
“ဟိုတစ်ယောက်ကို ပြောမလို့…မီ..ရိုဇာ ထားချင်လို့..”
“ဟာ..လုပ်ပြန်ပြီ…ဘာလို့လဲ…”
ရိုဇာထားမယ်ပြောတာလေးကို မျက်နှာကြီး ရှုံ့မဲ့ပြီး မေးတော့ တခြားသူသာဆို ရှိုင်သာန်လို့ ပြောမိမှာပါပဲ..။
ခုတော့ ပြောရခက်နေသည်လေ..။
“ဟိုတစ်ယောက် လွှတ်လာရင် ထားမယ်လို့ နိယသ်လုပ်ထားလို့…”
“နေ ဒီလောက်ပူတာ..ဘယ်နှစ်ရက်တောင်ထားမှာလဲ..”
“သုံးရက်..”
“သုံးရက်လား…အပေးအယူကတော့ အရင်အတိုင်းနော်…စကားနားထောင်ပြီး ကျွန်တော် နေစေချင်သလို နေရမှာနော်…”
“အင်း..”
မီနာ မကျေမနပ်ဖြင့် ခေါင်းညိတ်လိုက်ရတော့ သူက ရယ်ပြီး ပါးကို ဖွဖွဖျစ်ကာ ခုတင်ပေါ်က ဆင်းသွားသည်။
“မီနာ…”
“ဟင်..”
“ကြာသပတေး သောကြာတော့ မထားနဲ့နော်…ပင်ပန်းမှာ စိုးလို့…”
သူ လှမ်းခေါ်တော့ လှည့်ကြည့်မိတာကို သူ‌ပြောလိုက်တဲ့ စကားကြောင့် မျက်နှာ ပြန်လှည့်လိုက်ရချိန် ရယ်ပြီး အခန်းပြင်ထွက်သွားလို့ နှုတ်ခမ်းစူကာ ကျန်ခဲ့ရတော့သည်။
ရန်ချည်းစနေတာပါပဲ..။
သူ ရန်စတဲ့အချိန်လေးတွေကိုပဲ လွမ်းနေတာမို့ ကျေနပ်စွာပင် ပြုံးလိုက်မိပါသည်။
05180120









ချစ်မျက်၀န်းWhere stories live. Discover now