EP 7 Z

10 1 0
                                    

EP 7

05151041
"သား...ရိုဇာ ထားနိုင်ပါ့မလား..."
"ရပါတယ်...အပါ..."
မီနာ စက်ချုပ်နေရင်း နှာခေါင်းရှုံ့မိသွားသည်။
မနေ့က လမမြင်တော့ ဒီည ကတော့ သေချာနေပြီလေ..။
ခေါင်းစည်းပုဝါကို အနားလုံးပြီး လက်စသတ်ရမှာမို့ မီနာ အလုပ်လုပ်လိုက် စက်ရှေ့ထိုင်လိုက်ဖြင့် ပိုအလုပ်များနေသည်။
ညနေကျရင်တော့ အိမ်ကို သန့်ရှင်းရေး နည်းနည်းလုပ်လိုက်ဦးမည်။
အိမ်က မကြီးကျယ် မခမ်းနားသော်လည်း ရမဇာန်ကို ကြိုဆိုတဲ့ အနေနဲ့ မီနာ တက်နိုင်သလောက်လေး ပြင်ဆင်ဖြစ်သည်။
"အလုပ်ကလည်း ပင်ပန်းတယ်မလား..."
"ဆိုင်ကို စောသိမ်းလိုက်ပါမယ်.."
"အင်း.....ဒါနဲ့...သမီးငယ် စာသင်မသွားရဘူးမလား...သားနဲ့ပဲ ဈေးသွားဝယ်လိုက်မလား..."
"ဟင်..."
မီနာ စက်ချုပ်နေရင်း ထိတ်လန့်သွားရကာ ချုပ်ကြောင်းတောင် နည်းနည်းစောင်းသွားသည်။
"အပါ ပဲ ဝယ်လိုက်လေ..."
"အပါ က ဆရာကြီး နဲ့ ကျောင်းကိစ္စ တိုင်ပင်စရာ ရှိတယ်..."
နှစ်တိုင်း အပါပဲ လိုအပ်တာတွေ ဝယ်ပေးပြီး ခုတော့ မီနာ့ကို ခေါင်းဆောင်တင်တော့ စိတ်ညစ်ရပါသည်။
ရမဇာန် ဥပုသ်လ အတွက် လိုအပ်တာကို အပါ က ဝယ်ပေးနေကျပါ..။
မီနာ အလိုမကျမှုကြောင့် နှုတ်ခမ်းပင် နည်းနည်းစူလာပေမဲ့လည်း ဘာမှတော့ ထပ်မပြောဖြစ်တော့ပါ..။
"အပါ...ခြင်းထဲမှာ ပိုက်ဆံထည့်ထားမယ်..."
"နေပါစေ...အပါ....ဟို... ဒီတစ်ခေါက်တော့ ကျွန်တော့် ပိုက်ဆံနဲ့ ဝယ်ချင်ပါတယ်...ဟလာဟ်ပိုက်ဆံပါ...ဝယ်လို့ရမလား..."
"ရပါတယ်ကွ...သား ဆိုင်က ခုမှ လည်ပတ်ခါစဆိုတော့ ရမဇာန်အတွက် ဝယ်ရမှာ များတယ်...နည်းနည်းကြပ်သွားမယ် ထင်တယ်..."
"ကျွန်တော် စုထားတာလည်း ရှိပါတယ်..ဟလာဟ်တွေပါ.."
"အေးပါကွာ...သိပါတယ်...ဝယ်ချင်လည်းဝယ်ပေါ့....ငွေလိုရင် မင့်မိန်းမဆီကယူလည်းရတယ်..သူလည်း သူဌေးမကြီးပဲ..."
မီနာ စက်ချုပ်နေရင်း နှာခေါင်းရှုံ့မိသွားပြန်သည်။
သူဌေးမကြီးတဲ့...ကျောင်းကရတဲ့ လစာလေးနဲ့ တစ်လ တစ်ထည်ချုပ်ရတဲ့ ချုပ်ထည်ခလေးပဲရတာ..။
ကိုယ့်အတွက် ဘုရ်ခါ လှလှလေးတောင် မဝယ်နိုင်လို့ ချုပ်ဝတ်နေရတာလေ..။
ဒီလိုဆိုလည်း ကျေးဇူးကန်းရာ ရောက်လိမ့်မည်..။
သိန်းချီတန်တဲ့ ဘုရ်ခါ ဂါဝန်တွေ မဝတ်နိုင်ပေမဲ့ ခုချိန်ထိ စားလို့သောက်လို့ လောက်ငှနေတာပဲမလား..။
မီနာ့ စိတ်ထဲ အရှင့်ကို ကျေးဇူးတင်လိုက်မိကာ စက်ချုပ်တာကိုပဲ အာရုံစိုက်ထားလိုက်သည်။
စက်ချုပ်နေတဲ့ အချိန် အပါကလည်း ကျောင်းကို ပြန်သွားသလို သူလည်း ပျောက်သွားသည်။
အဝတ်ချုပ်ပြီးရင် ဈေးသွားမလို့ကို ဘယ်ထွက်သွားပြန်ပြီလဲ မသိပါဘူး..။
မီနာ ချုပ်ပြီးသား အဝတ်တွေကို ယူပြီး စက်ကို အဖုံးအုပ်ကာ အခန်းထဲ ကို ဝင်ခဲ့လိုက်သည်။
ကိုယ့်အကျင့်အတိုင်း ချုပ်ပြီးတာနဲ့ ဝတ်ကြည့်ချင်တဲ့စိတ်ကြောင့် အီးဒ်နေ့အတွက် ဂါဝန်ကို တစ်ခါတည်း ဝတ်ကြည့်ဖြစ်သည်။
လက်အိတ်လေးပါ ဆင်တူချုပ်ထားတာမို့ နံသာရောင် ဝမ်းစက်လေးဖြစ်သွားသည်။
ကိုယ့်မှာ မရှိတဲ့ အရောင်ဖြစ်သလို ကျောက်အနီတန်းလေးတွေက တော်တော်ပေါ်တာမို့ သဘောကျပြီး ပြုံးမိသည်။
ဟိုတစ်ယောက်က ကျောက်ကပ်တာ တော်လိုက်တာ..။
ညီညီလေးနဲ့ စီစီတန်းတန်းလေးပဲ..။
မီနာ ဂါဝန်ကို လှည့်လိုက်တော့ အောက်နားက ကျောက်တန်းလေးက တဖျတ်ဖျတ်နဲ့ ပိုလှသည်။
အိမ်ရှေ့ခန်းမှာ တံခါးဖွင့်သံကြားတော့ မီနာ အခန်းထဲက ကပျာကယာထွက်သွားပြီး အိမ်ရှေ့လိုက်ကာ နည်းနည်းဟကာ ချောင်းကြည့်မိသည်။
ဟိုတစ်ယောက် ကိုတွေ့တော့ စိတ်ထဲ ဝမ်းသာသွားသည်။
"ဟိုတစ်ယောက်..ခဏ..."
"ဟင်..အင်း.."
မီနာ လိုက်ကာကို ပြန်ချလိုက်ပြီး အခန်းထဲကို ကပျာကယာ ပြန်ဝင်နေလိုက်သည်။
"ဒီမှာ...ရပြီ...လှလား..."
"........"
သူ အခန်းထဲ ဝင်လာတာနဲ့ ဂါဝန်အနားနှစ်ခုကို ကိုင်ပြီး ဖြန့်ပြရင်း မေးလိုက်တာကို ပြုံး၍ ခေါင်းညိတ်ပြတော့မှ နေရခက်သွားသည်။
"ဟိုတစ်ယောက် ကျောက်ကပ်တာ ညီနေလို့ ပြတာပါ..မီ က ကျောက်ကပ်တာ စိတ်မရှည်လို့ တစ်ခါမှ အဲလောက်များများ မကပ်ဖြစ်ဘူး..ကျောက်အလုံးတစ်ထောင်တောင် ကပ်ပေးတာ...ကျေးဇူး..."
မီနာ ဂါဝန် အနားစကို ငုံ့ကြည့်ရင်း ပြောလိုက်မိသည်။
"ပုဝါက ချုပ်မပြီးသေးလို့လား.."
"သြော်...ပြီးပြီ....ဂါဝန်ကို သဘောကျနေလို့ မေ့နေတာ...ဟိုမှာ..."
ခုတင်ပေါ်တင်ထားတဲ့ ခေါင်းစည်းနဲ့ပါဝါကို သူက ယူတော့ လက်လှမ်းပေ့မဲ့ မပေးပဲ ခေါင်းပေါ် တစ်ခါတည်း ဝတ်ပေးသည်။
"ဒါက နောက်ဘက်မှာပဲ ကျောက်ကပ်တာလား.."
"အင်း...အနောက်က ကြည့်ရင် ပန်းပုံပေါ်ရဲ့လားဟင်...နှင်းဆီပန်းပုံလေ...တူတယ်မလား...မီ က ကျောက်များတာ သိပ်မကြိုက်ပေမဲ့ အဲလို ပန်းပုံလေးတွေကိုတော့ ကြိုက်တယ်..လက်က မငြိမ်လို့ ညီရဲ့လား မသိဘူး..ဟိုတစ်ယောက်ကို ကပ်ခိုင်းဖို့က အဲ့ညတုန်းက ညနက်နေလို့ အားနာပြီး နောက်နေ့မှ ကိုယ့်ဟာကိုကပ်လိုက်တာ...ပန်းသုံးပွင့်တည်းတောင်မှ တော်တော်ကပ်ယူရတယ်...ပေါ်တယ်မလားဟင်..."
"အင်း..."
မီနာ မေးခွန်းတွေများနေပေမဲ့ သူကတော့ ပုဝါအောက်ကို လက်ထည့်ပြီး ခေါင်းနောက်မှာ ကြိုးချည်ပေးရင်း အင်းတစ်ခွန်းသာပြောတော့ မကျေနပ်ချင်ပါ..။
သိပ်မလှလို့လား မသိပါဘူး..။
ကိုယ့်မျက်လုံးထဲတော့ ကျောက်ကလှပေမဲ့ မညီမညာဖြစ်နေတာလား မသိဘူး..။
"ကျောက်က မညီဘူးမလား..သိသာနေလား..ပန်းပုံတောင် သေချာမပေါ်ဘူးမလား..မလှဘူးမလား...အသစ်ပြန်ချုပ်ရင် ကောင်းမလား..မသိဘူး..."
သူက ဘာမှ မပြောပဲ မျက်နှာအုပ် ပုဝါစကို ကိုင်ကာ ရှေ့ကို ရောက်လာပြန်သည်။
မီနာ့မျက်နှာကိုတောင် မကြည့်ပဲ မျက်နှာအုပ်ပေးကာ ခေါင်းစောင်းပြီး ခေါင်းနောက်ကို ပုဝါစ သေချာ ချပေးနေတာ့ သူ့မျက်နှာကို မော့ကြည့်မိသည်။
တစ်ခုခု စိတ်ဆိုးနေတာလား..။
မီနာ ဘာများပြောမိသွားလို့လဲ..။
ကျောက်ကပ်ခိုင်းတာကို မကျေနပ်တာလား မသိဘူး..။
အင်းလေ...ဘယ်ယောက်ျားက သူတို့မိန်းမ ဂါဝန်အောက်နားစကို ကျောက်ကပ်ပေးချင်မှာလဲ..။
အပါ သိရင် မရိုသေလို့ဆိုပြီး ဆူလိမ့်ဦးမည်။
မီနာ က တမင်ခိုင်းတာမှ မဟုတ်တာပဲ..။
သူက ကူချင်တယ်ပြောတာလေ...။
"နှင်းဆီပန်း သုံးပွင့်လား..."
"အင်းလေ...မတူဘူးလား..."
"ကျွန်တော့်ကို ကပ်ခိုင်းရင် ကောင်းဖို့နော်..."
"ခုက မညီလို့လား..မလှလို့လားဟင်..."
"နှင်းဆီသုံးပွင့်ရဲ့ အဓိပ္ပာယ်ကို မီနာ သိလို့လား.."
"ဟင့်အင်း.."
ခေါင်းနောက်ကို ကြိုးချည်တာကလည်း မပြီးနိုင်တော့ဘူးလား မသိပါဘူး..။
သူ ဘာတွေ ပြောနေလည်း နားမလည်လို့ ခေါင်းရမ်းပြီးသာ ငြင်းမိသည်။
"အိုင်လပ်ယူ တဲ့..."
မီနာ့ကို ငုံ့ကြည့်ပြီး ပြောလိုက်တော့ နီးကပ်နေတဲ့ သူ့မျက်နှာကို မော့ကြည့်နေမိရင်းက ကပျာကယာ မျက်လွှာချလိုက်မိသည်။
နေရခက်ပြီး စိတ်ညစ်လိုက်တာနော်..။
ရင်တွေခုန်နေပြန်ပါပြီ..။
မီနာ အနောက်ကို တစ်လှမ်းဆုတ်လိုက်ပြီး ဘီဒိုမှန်ရှေ့ကို သွားကာ ဝတ်စုံကိုပဲ အာရုံစိုက်ပြနေလိုက်သည်။
ဂါဝန်လို ပုံစံမို့ မီနာ့ကိုယ်လုံးက နည်းနည်းပေါ်နေသည်။
တော်သေးတာပေါ့ ပုဝါစကို ရင်အုပ်အောင် ရှည်ထားလို့..။
"ဒါက အီးဒ်နေ့ ဘယ်အချိန်ဝတ်မှာလဲ..."
"ဟင်...အိမ်မှာနေချိန်ပဲ ဝတ်ရမှာပေါ့...ဧည့်သည်ရှေ့တော့ ဝတ်လို့မရဘူး..နည်းနည်းကြပ်နေတယ်..ရှက်ဖို့ကောင်းတယ်.."
မီနာ သူ့ဘက်ကို လှည့်မကြည့်ပဲ မှန်ကိုပဲ ကြည့်ရင်း ဖြေလိုက်ကာ ရှေ့က ပုဝါစကို နည်းနည်းဆွဲချမိသည်။
"နောက်တစ်စုံ ချုပ်ရဦးမှာပေါ့..."
"မချုပ်တော့ပါဘူး..ဆုပေးပွဲတုန်းက အကျီ င်္ပဲ ပြန်ဝတ်လိုက်မယ်လေ...အဲဒါ တစ်ခါပဲ ဝတ်ရသေးတာ...အနက်ချုပ်ထားတာ တစ်ခုကောင်းတယ်...ခဏခဏ ဝတ်လည်း လူတွေ မမှတ်မိဘူး...ဟီး.."
"မီနာ က အနက်ချည်းဝတ်တော့ ...မသိခင်တုန်းကတော့ အနက်ပဲ ဝတ်ရတယ် ထင်နေတာ...သူများတွေ တခြားအရောင်တွေဝတ်တာတွေ့တော့မှ ဝတ်လို့ရမှန်း သိတာ..မီနာကတော့ အမြဲအနက်ပဲနော်...အနက်ကြိုက်တာလား..."
"ဟွန့်...မကြိုက်ပါဘူး...အရောင်ရင့်တော့ ထူသလို ရှိတယ်လေ...လုံခြုံတယ်လို့ ခံစားရတယ်..အရောင်နုလေးတွေကျတော့ စိတ်ထဲ ပါးသလိုခံစားရလို့ပါ...ခုနောက်ပိုင်းတော့ အရောင်လေးတွေ ပိုဝတ်လာကြတယ်...သူတို့ဝတ်တာ မပါးပါဘူး..လှလည်းလှတယ်...မီလည်း ရမဇာန်ပြီးရင် တစ်ထည်လောက် ချုပ်ထားဦးမယ်...မီ့မှာ ပန်းရောင် တစ်ထည်ရှိတယ်...ချုပ်ထားတာ ကြာပြီဆိုတော့ ပုံဟောင်းနေတာ...ခုခေတ်ပုံစံလေး လက်ပါ ထည့်ဝတ်ရတဲ့ ဟာမျိုးလေး ထပ်ချုပ်ကြည့်ဦးမယ်...နံသာရောင်က ချုပ်ပြီးပြီဆိုတော့...ဘာအရောင် ချုပ်ရင် ကောင်းမလဲ...ဟင်...ဟိုတစ်ယောက်..."
မီနာ မှန်ထဲကနေပဲ လှမ်းကြည့်ပြီး အကြံညဏ်တောင်းလိုက်မိသည်။
"မီနာ က ဘာအရောင်ကြိုက်လဲ...."
"လက်ဖက်ရည် ပေါ့စိမ့် အရောင်.."
"အဟွင်း...မီနာ က ချစ်ဖို့ကောင်းလိုက်တာ..."
"........."
မီနာ့ကို လှောင်ရယ်လို့ စိတ်ဆိုးချင်ပေမဲ့ နောက်စကားကြောင့် ရင်ခုန်ရင်း အကြည့်လွဲကာ မကြားချင်ယောင်ဆောင်လိုက်ရသည်။
"အဟက်...မီနာ...လက်ဖက်ရည် သောက်ချင်နေလို့လား.."
မီနာ နှုတ်ခမ်းစူ မျက်မှောင်ကြုတ်ပြီး လှည့်ကြည့်လိုက်တော့ ပြုံးစေ့စေ့နဲ့ စောင့်ကြည့်နေလို့ ရင်တုန်ပြီး အကြည့်ပြန်လွဲလိုက်ရသည်။
"မဟုတ်ပါဘူး...မီက ဟိုတစ်ယောက် မြင်သာအောင် ပြောပြတာ..လိမ္မော်လည်း မဟုတ် ပန်းရောင်လည်း မဟုတ်တဲ့ အရောင်အရော နုနုလေးကို ပြောချင်တာ..."
"သြော်...မီနာ ပြောတဲ့အရောင်မျိုး ကျွန်တော် မကြားဖူးဘူး..အရောင်ရှိရင် ပြပါလား...မြင်ဖူးချင်လို့..."
မီနာ ဘီဒိုထဲက ပုဝါစခြင်းထောင်းကို ထုတ်ပြီး Nudeအ‌ရောင်လေးကို ထုတ်ပြလိုက်ရသည်။
သူက ပုဝါကို လှမ်းယူပြီး ကိုင်ကြည့်ကာ ခေါင်းညိတ်နေတော့ နောက်တစ်ရောင်လည်း ထုတ်ပြရသည်။
"တွေ့လား..ဒါက ကျစိမ့်အရောင်..ဒါက ပေါ့စိမ့်..မတူဘူး..ကျစိမ့် အရောင်ဆိုတာ လိမ္မော်ဘက်ကို ပိုရင့်နေတယ်..တူတယ်မလား.."
"အဟက်...တကယ်တူပါတယ်ဗျာ...မီနာ က ချစ်ဖို့ကောင်းလိုက်တာ..."
မီနာ ‌နေရခက်စွာဖြင့် သူ့လက်ထဲက ပုဝါကိုပါ ဆွဲယူပြီး ခြင်းထောင်းထဲ ပြန်ထည့်ထားလိုက်သည်။
"အဲအရောင် ပုဝါတွေ သိပ်မဝတ်ဘူးနော်..."
"အရောင်ကြိုက်လို့သာ ချုပ်ထားတာ...အနက်ရောင်နဲ့ ကွဲထွက်နေတော့ တစ်ခါလောက် ဝတ်ပြီး မဝတ်ရဲတော့လို့ သိမ်းထားလိုက်ရတယ်.."
"မီနာ က အသားဖြူတော့ ဘာအရောင်ဖြစ်ဖြစ် လိုက်ပါတယ်..."
"ဟိုတစ်ယောက်လောက်တော့ မဖြူပါဘူး..."
"ဘယ်တစ်ယောက်..."
မီနာ့ကို ရန်စနေတာ သိသော်လည်း ပြန်ပြောရခက်လို့ ဘာမှ မပြောတော့ပဲ ပုဝါစတွေကိုသာ သေချာ ပြန်စီနေမိသည်။
"မီနာ့ကို သဘောကျတယ်ဆိုတော့ ကျွန်တော့် သူငယ်ချင်းတွေက ရန်စဖူးတယ်..မီနာက ရုပ်ဆိုးလို့ မျက်နှာအုပ်ထားတာ..မျက်နှာမှာလည်း အမာရွတ်ကြီး ရှိတယ်တဲ့.."
"ဟိုတစ်ယောက်ကလည်း ယုံတယ်မလား.."
"အဟက်...မမြင်ရတော့ ယုံရတာပေါ့..."
"အဲဒါဆို ဘာလို့ယူလဲ..."
"ချစ်လို့ပေါ့...."
မီနာ စိတ်ထဲ အပိုတွေ ပြောနေတာလို့ ပြန်ပြောမိပေမဲ့လည်း လက်တွေ့မှာတော့ တိတ်ဆိတ်ငြိမ်သက်ရင်း စီပြီးသား အဝတ်တွေကို ညီအောင်ညှိကာ အလုပ်ရှာနေမိသည်။
"မီနာ က အမြဲတမ်း ခေါင်းငုံ့လျှောက်တယ်နော်...ကျွန်တော့်မှာ မျက်လုံးကိုတောင် သေချာ မတွေ့ရဘူး...ဒါပေမဲ့ တစ်ခါလေး မြင်မိတဲ့ မျက်လုံးလေးကိုပဲ ချစ်သွားတာ..."
"ဟင်.."
"မီနာ ကျောင်းက ပြန်လာရင်း ကျွန်တော်နဲ့ တိုက်မိမလို့ဖြစ်ပြီး မျက်လုံးလေးပြူးရင်း လန့်သွားတာလေ....မီနာက မှတ်မိမှာမဟုတ်ပါဘူး..သုံးနှစ်တောင် ကြာပြီလေ..."
"........"
မီနာ အံသြရင်း သူ့ဘက်ကို လှည့်ကြည့်မိပေမဲ့လည်း သူ့မျက်နှာကော မျက်လုံးကော ရန်စနေတဲ့ ပုံစံမဟုတ်လို့ အကြည့်ပြန်လွဲလိုက်မိသည်။
"အစတုန်းကတော့ မကြိုက်ချင်ပါဘူး..မကြိုက်ချင်ပေမဲ့လည်း ကျောင်းပြန်တဲ့အချိန် အလိုလို ရောက်သွားတာပဲ...ကျွန်တော့်သူငယ်ချင်းတွေက ပြောတယ်...မီနာ့ကို စကားလိုက်ပြောရင် သူတို့ပါ ဝိုင်းရိုက်မယ်တဲ့...လိုချင်ရင် လူကြီးတွေကို ပြောပြီး တစ်ခါတည်းတောင်းရတာတဲ့...ကျွန်တော့်လိုကောင်နဲ့ ဘယ်သဘောတူပါ့မလဲ...အီမာန်ယူထားပေမဲ့ ကျွန်တော်က ဂျလေဘီလို နေတာလေ...အများကြီး ကြိုးစားပြုပြင်ပြီးတော့မှ ဆရာကြီးကို ပြောလိုက်တာ...ဒါတောင် ဆရာကြီးက စောင့်ကြည့်နေသေးတာ...အတော်လေး လိမ်မာပြလိုက်ရတယ်...မီနာ့က ကျွန်တော့်ဘဝမှာ ခက်ခက်ခဲခဲနဲ့ ရယူထားရတဲ့ တန်ဖိုးကြီးရတနာလိုပဲ...အများကြီး ပင်ပန်းခံ စိတ်ညစ်ခံရတယ်...ဟူး...ပြန်တွေးရင်တောင် အလူးအလဲပဲ...ဆေးလိပ်ဖြတ်တုန်းက အဆိုးဆုံးပဲ..."
"ဟင်...ဆေးလိပ်မသောက်တော့ဘူးလား..."
မီနာ အံသြရင်း မေးလိုက်မိချိန် လူကို စိုက်ကြည့်နေတာနဲ့ မျက်လုံးချင်းဆုံသွားလို့ မျက်လွှာချလိုက်ရပြန်သည်။
"ကျွန်တော် ဆေးလိပ်သောက်တာ မီနာ တွေ့ဖူးလို့လား..."
"မတွေ့ပေမဲ့ သောက်မယ်ထင်တာ..."
"အထင်တွေ လွဲနေတာ....ကျွန်တော် လိမ်မာနေတာ မီနာ့ကို စတွေ့ကတည်းကပါပဲ...ဘာတွေ အထင်လွဲနေလဲ...တစ်ခါတည်းမေးလေ..."
"မလွဲပါဘူး..ဒါနဲ့...ဥပုသ် တကယ်စောင့်မှာလား..."
မီနာ စကား‌ပြောင်းလိုက်ရသည်။
မဟုတ်ရင် ဆက်ကြားရမဲ့ စကားတွေကြောင့် ရင်ခုန်စိတ်လှုပ်ရှားကာ နှလုံးရောဂါ ဖြစ်လာနိုင်သည်။
"တကယ်ပေါ့.."
"နိုင်ပါ့မလား...အလုပ်လည်း လုပ်နေရတာ...အရင်က ထားဖူးလို့လား..."
"ငယ်ငယ်လေးတုန်းကတော့ အမေထားခိုင်းလို့ ထားဖူးတယ်...အိပ်ရာထချိန် အရမ်းအေးနေတာပဲ မှတ်မိတယ်..."
သူငယ်ငယ်တုန်းက အကြောင်းတွေ သိချင်လာတော့ မေးသင့် မမေးသင့် အရင်တွေးမိသည်။
အရပ်ဇာတိလောက်တော့ မေးခွင့်ရှိမှာပါလေ..။
"ငယ်ငယ်တုန်းက....ဘယ်မှာနေတာလဲဟင်..."
"ကျွန်တော်က တောင်ပေါ်သားလေ..မသိဘူးလား..."
"အင်း....ဒီဘက်ကလူတွေနဲ့ ရုပ်မဆင်တာတော့ နည်းနည်း သတိထားမိပါတယ်..."
"အဟက်...မီနာ က ကျွန်တော့် အကြောင်း ဘာမှမသိပဲနဲ့လက်ထပ်လိုက်ရတာ သနားဖို့တောင်ကောင်းသွားပြီ...အင်းလေ...အဘိုင်လေးနဲ့ မှားပြီး ချက်ချင်းလက်ခံလိုက်တာကိုး...အပါက လက်ခံတယ် ဆိုပြီး အကြောင်းပြန်တော့ ကျွန်တော့်ကို လက်ခံလို့ အံသြပြီး ဝမ်းသာသွားတာ...ကျွန်တော်မှန်း သာ သိရင် လက်ခံမှာ မဟုတ်ဘူးနော်..."
"အဲလိုလည်း မဟုတ်ပါဘူး...အကုန်လုံး အရှင်စီစဉ်သလို ဖြစ်လာတာပဲလေ..."
"ဟုတ်တယ်..အဲလို တလွဲတွေ ဖြစ်ကုန်တာပဲ ကျွန်တော်က အရှင့်ကို ကျေးဇူးတင်မိတယ်...အဟွင်း.."
မီနာ သက်ပြင်းခိုး တစ်ချက် ချလိုက်မိသည်။
အဲတုန်းက အရမ်းကြောက်ပြီး စိတ်မကောင်းဖြစ်လို့ ငိုရတာ..။
လူဆိုး လူမိုက် တွေနဲ့ သူငယ်ချင်းဆိုကတည်းက မီနာ သူ့ကို မသိသေးပဲ ကြောက်နေရသည်။
"ကျွန်တော် ခြောက်နှစ်မှာ အမေဆုံးသွားတော့ အဖေ နဲ့ ဟိုဘက်နိုင်ငံကို လိုက်သွားရတယ်...အဲ့မှာပဲ အသက် ဆယ့်‌ခောက်နှစ်ထိ နေတာ...နောက်ပြီး အဖေတို့နဲ့ အဆင်မပြေလို့ ဒီဘက်ကို ပြန်လာပြီး ကျောက်ရောင်းဝယ်လုပ်တယ်..အုပ်စုဖွဲရန်ဖြစ်တာ ဝင်ပါမိလို့ ထောင် တစ်နှစ်ကျတယ်...အဲဒါကြောင့် မီနာနဲ့တွေ့တာ.."
"ဟမ်..."
"ကျွန်တော့်သူငယ်ချင်းတွေကို ထောင်ထဲမှာ ခင်သွားတာလေ..သူတို့က ထောင်ထွက်ရင် လာလည်ဆိုလို့ လာလည်ရင်း ဒီမှာ သောင်တင်နေတာ...အဖေက ကျွန်တော် ဒီဘက်မှာ ထောင်ကျသွားတာတောင် မသိပါဘူး..သူ့ဆီမှာ ဘာသာတူတဲ့ မိန်းမနဲ့ကလေးတွေလည်း ရှိတော့ ကျွန်တော်က သေသေရှင်ရှင် အရေးမပါဘူးလေ...ဘာသာမတူပဲ လက်ထပ်တာ မကောင်းပါဘူး...နှစ်ဖက်စလုံး အတ္တကြီးတဲ့ ဘာသာအယူစွဲတွေနဲ့ ကလေးတွေက မြေစာပင်ဖြစ်ရတယ်...အဖေက ကျွန်တော့်ကို သားစာရင်းတောင် မသွင်းထားဘူး ကျွန်တော်ကလည်း သိတက်စ ဆယ်ကျော်သက်ကတည်းက သာသာမဲ့ လေလိုက်နေရင်းက ဒီပတ်ဝန်းကျင်ကို ရောက်လာတော့မှ အမေ့ကို သတိရတယ်..အမေ့နောက်ဆုံးဆန္ဒအတိုင်း အီမာန်ပြန်ယူခဲ့တယ်..နောက်ပြီး မိန်းမပါ ရှာတွေ့သွားတာပဲ...အဟက်...နဖူးစာက ဒီမှာဆိုတော့ ဟိုတိုင်းပြည်က ဟိုတစ်ယောက်လည်း ထောင်တွေဘာတွေကျရပြီး သူငယ်ချင်းရပြီး...ဒီရောက်လာရတာပဲ..."
"........"
မီနာ မျက်လွှာချထားပေမဲ့လည်း ပြုံးမိသွားသည်။
သူ့ဘ၀ အကြောင်းတွေ အကြောင်းစုံ မသိရသော်လည်း ခုသိရသလောက်တော့ စုံသလောက်ရှိပါပြီ..။
ထောင်ကျဖူးတာ သိရတုန်းက ရမ်းကားဆိုးဝါးတက်တဲ့ လူလို့ တွေးပြီး အရမ်းကြောက်နေပေမဲ့ ခုလို သူရှင်းပြလိုက်တော့ စိတ်သက်သာသွားသည်။
အခု သူ ကောင်းနေပြီပဲလေ..။
ဒါပေမဲ့လည်း ငယ်ငယ်ကတော့ တော်တော်ဆိုးမဲ့ပုံပါပဲ။
"ဟိုတစ်ယောက် ငယ်ငယ်က တော်တော်ဆိုးတာနော်..အဲဒါကြောင့် မီ က မသိတာတောင် စိတ်ထဲ အလိုလို ကြောက်နေခဲ့တာ.."
"ကျွန်တော်က ပိုကြောက်တာပါနော်...မီနာ က ဘူဘူး ဆိုတော့လေ..."
"ဟင်..."
"ကျွန်တော် က နှစ်ဆယ်လေး ပြည့်ရုံရှိသေး..မီနာက နှစ်ဆယ့်ခြောက်ဝင်တော့မယ်လေ..အရှင်က မီနာ တစ်ယောက် အပျိုကြီး ဖြစ်တော့မှာ သိနေလို့ ကျွန်တော်နဲ့ နဖူးစာ တွဲပေးလိုက်တာ..."
မီနာ နှုတ်ခမ်းစူမိသော်လည်း ဘာမှတော့ပြန်မပြောနိုင်ပါ..။
သူ့အသက် ဘယ်လောက်လဲ သိဖို့ မပြောနဲ့ နာမည်တောင် စိတ်ဝင်စားခဲ့တာ မဟုတ်ပါဘူး..။
"မီနာ က ချစ်ဖို့ကောင်းလိုက်တာ...အဟွင်း...ဈေးသွားကြမယ်လေ..နောက်ကျနေမယ်...ဒါ ပြန်ချွတ်ပေးရမလား."
မီနာ့ အနားရောက်လာပြီး ပဝါကြိုးကို ပြန်ဖြုတ်ပေးတော့ ငြိမ်သက်ကာ မျက်လွှာချထားမိသည်။
လက်အိတ်တွေကို ချွတ်နေချိန် ရှေ့မှာ ရပ်နေလို့ မျက်လွှာပင့်ကြည့်လိုက်ရသည်။
"လှတယ်..."
"မလှပါဘူး..မီ့ လက်က ကြမ်းတယ်...နေကားဖ်နဲ့နေပေမဲ့ သာမန်မိန်းကလေးတွေလိုပဲ အိမ်မှုကိစ္စ လုပ်ရတာပဲလေ...အဲဒါကို တခြားလူတွေက နေကားဖ်နဲ့ဆို ဖြူအုနုဖက်နေမယ် ထင်ကြတယ်.."
"လက်အိတ် ချုပ်ထားတာ လှတယ် ပြောတာပါ...."
"ဟင်.."
မီနာ မျက်ခုံးလေးတွန့်သွားကာ ရှက်လွန်းလို့ ငိုတောင် ငိုချင်သွားသည်။
သူ့ကို ကျောပေးလိုက်ပြီး လက်အိတ်ကို ဘီဒိုထဲ ဆောင့်အောင့်ပြီး ထည့်လိုက်မိသည်။
"ကျွန်တော် က မီနာ့လက်ကို နမ်းချင်တာကို ခွင့်မပြုပဲ..."
မီနာ ရင်ခုန်သွားကာ ဘီဒိုရှေ့မှာပဲ ငြိမ်သက်စွာ ရပ်နေရသည်။
"အဝတ်လဲပြီး ထွက်ခဲ့နော်...ကျွန်တော် ရှေ့မှာ စောင့်နေမယ်..."
သူ က ပြောပြီး အခန်းထဲက ထွက်သွားတော့မှ သူ့ကျောပြင်ကို လှည့်ကြည့်၍ သက်ပြင်းဖွဖွလေး ချလိုက်မိသည်။
ခွင့်မပြုတာ အပြစ်ဖြစ်နေမှာပါပဲ။
သူ့ကို ရွံလို့ ခွင့်မပြုတာလို့ အထင်လွဲနေမလား မသိဘူး။
တကယ်တော့ သူနဲ့ လင်မယားလို ပတ်သက်ရမှာကို မီနာ ကြောက်နေမိတာ။
လက်ထပ်ပြီးတာ ကြာပေမဲ့လည်း မီနာတို့ မရင်းနှီးသေးသလို ခံစားနေရသည်လေ။
လက်ကိုပဲ နမ်းချင်ရုံလား။
မီနာ့ ညာဘက်လက်ကို ဘယ်လက်နဲ့ ကိုင်၍ ကြည့်လိုက်သည်။
လက်ချောင်းတွေက လှမှ မလှပဲကို...ဘာလို့နမ်းချင်ရတာလဲ မသိပါဘူး..။
သူ့စိတ်ကို နားမလည်လို့ မီနာ အဝတ်ပဲ မြန်မြန်လဲဝတ်လိုက်ကာ ထွက်လာခဲ့လိုက်သည်။
အိမ်ရှေ့ခန်း ရောက်တော့ မျက်နှာအုပ်ထားတာတောင် အနားရောက်လာပြီး ကြိုးကို သေချာထပ်ချည်ပေးသေးသည်။
"ဟင်...ဆိုင်ကယ်က..."
အိမ်ပေါ်က ဆင်းလိုက်ချိန် သူက ဆိုင်ကယ် တစ်စီးကို သော့ဖွင့်နေတော့ အံသြမိသည်။
"ဟိုတစ်ယောက်က ဟိုတစ်ယောက်ဆီက ခဏငှားလာခဲ့တာ..မီနာ စီးရဲတယ်မလား..."
မီနာ့ကို ရန်စပြီး ပြောရင်း ဆိုင်ကယ် ဦးထုပ် ကို ခေါင်းပေါ် ဝတ်ပေးကာ မေးတော့ ခေါင်းညိတ်လိုက်ရသည်။
"အင်း....ဒါပေမဲ့ ဖြည်းဖြည်းပဲမောင်းနော်..."
"ကြောက်ရင် ဟိုတစ်ယောက် ခါးကို ဖက်ထားလို့ရတယ်နော်...ဟလာဟ်ကောင်လေးပါ..."
စကားတက်လွန်းလို့ မီနာ နှာခေါင်းရှုံ့မိသွားသည်။
"ဟလာဟ်ပေမဲ့ ဘေအေဇသ် မဖြစ်အောင်လည်း နေရသေးတယ်..နေကားဖ်ကို ရိုသေရမယ်လေ..."
"အဲလိုလား...ဒါဆိုလည်း ဖြည်းဖြည်းပဲ မောင်းပါမယ်ဗျာ.."
အပါ ကလည်း စက်ဘီးပဲ စီးတာကြောင့် မီနာလည်း စက်ဘီးပဲ စီးတက်သည်။
ဆိုဖီ့ဆိုင်ကယ်နောက်မှာပဲ ထိုင်လိုက်ခဲ့ဖူးတော့ ခုလို အခြေအနေကို ရှက်သလို မျက်နှာပူသလို ဖြစ်ရပါသည်။
ဆိုင်ကယ်မောင်းတာ ဆိုဖီ့လောက်တောင် မမြန်လို့ စိတ်သက်သာရသည်။
ဈေးထဲကို ရောက်တော့ သူနဲ့ ယှဉ်လျှောက်ရတာကို လူတွေက တမျိုးကြည့်ကြသေးသည်။
အပါ ပြောဖူးသလို ဘယ်သူ ဘာပြောပြော ဘာထင်ထင် သူနဲ့ကိုယ်က နေကာဖတ်ပြီးသား တရားဝင်ဇနီးမောင်နှံပဲ ဆိုတာ နှလုံးသွင်းထားရသည်။
"ဒီပဲတွေပဲ စားကြမှာလား..မီနာ.."
"ဟင်...အင်းလေ...ပဲသုပ်စားကြတာ...ဒီရောက်ကတည်းက တစ်ခါမှ ရိုဇာမထားဖူးဘူးလား..."
"အင်း..ဟို...ဆေးလိပ်သောက်ချင်လို့ပါ..."
မီနာ နှာခေါင်းရှုံ့မိသော်လည်း ဆေးလိပ်ပြတ်သွားတာကို ကျေးဇူးတင်ရသည်။
ဆေးလိပ်အနံ့ကို မီနာ မခံနိုင်ဘူးလေ..။
မီနာ ဝယ်လိုက် သူက ပိုက်ဆံရှင်းပေးလိုက်ဆိုတော့ နည်းနည်း အားနာသည်။
ပဲထုပ်ကော အချိုရည်ပုလင်းနဲ့ ဂျုံနဲ့သကြားကော သူချည်းပဲ စုပြုံကိုင်နေတော့ မီနာ သူ့ကို စောင့်နေမိသည်။
"ပေးလေ..မီ နှစ်ထုပ် ကိုင်မယ်..."
"ကိုင်ချင်ရင် ကျွန်တော့်လက်ကို ကိုင်ပေးလေ..."
မီနာ နှုတ်ခမ်းစူလိုက်မိကာ မကြားချင်ယောင်ဆောင်၍ ကျော်တက်လာခဲ့လိုက်သည်။
စကားတစ်ခွန်းပြောတိုင်း အဲလိုတွေ ထည့်ပြောနေတာ တကယ်မကောင်းတဲ့လူ..။
ဈေးဝယ်ပြီး အိမ်ကို ပြန်ရောက်တော့ သူက ဆိုင်ကယ်ပြန်ပေးဖို့ တစ်ခေါက် အပြင်ထွက်သွားသည်။
မီနာ ဝယ်လာတဲ့ အစားအသောက်တွေကို နေရာချရင်း ပိုက်ဆံများကြီး ကုန်သွားမှာ သိနေတော့ သူ့အလုပ်တွေ အဆင်ပြေဖို့ ဆုတောင်းပေးမိသည်။
ရမဇာန်လမှာ သူ့အတွက် လွယ်ကူဖို့လည်း ဆုတောင်းပေးလိုက်မိသည်။
05150127

ချစ်မျက်၀န်းWhere stories live. Discover now