EP 16 zaw

12 1 0
                                    

16
EP 16
05180120
“မီနာ..”
“……”
‌မီနာ ကျောင်းက ပြန်ယူလာတဲ့ ဟင်းအိုးတွေ နွှေးနေချိန် သူက  ဝင်လာတော့ နေရခက်သွားပြန်သည်။
အပါ နဲ့ သူ စကားထိုင်ပြောနေတာ ကိုယ့်မှာ အလိုလို မျက်နှာပူလို့ မီးဖိုခန်းထဲ အလုပ်ရှာနေပါတယ်ဆို..။
“ဟင်းချက်နေတာလား..”
“ဟင့်အင်း..များနေလို့ ပြန်နွှေးနေတာ…”
“သြော်..အင်း…အင့်..ဒါသောက်လိုက်…”
သူ က ရေတစ်ခွက်ယူကာ မီနာ့ရှေ့ကို ဆေးလုံးပေးတော့ လက်ထဲက ဇွန်းကို ချပြီး ဘာမှန်း မသိပေမဲ့လည်း သောက်လိုက်ရတော့သည်။
သူ က ခေါင်းကို ပုတ်ပေးပြီး ပြန်ထွက်သွားတော့ မီနာ ဟင်းအိုး ဆက်နွှေးရင်း ပြုံးမိသွားသည်။
ဟင်းအိုးကိစ္စ ပြီးတော့ အပါ့အတွက် အိပ်ရာပြင်ပေးလိုက်သည်။
“အပါ…မီ မနက်ဖြန် ရိုဇာထားမလို့..”
“နှစ်သစ် အတွက်လား..”
“ဟင့်အင်း…သူလွှတ်လာရင် ထားမယ်လို့ နီယသ်လုပ် ရည်ရွယ်ထားလို့ပါ…”
“အိုမာကို ပြောလိုက်ဦးနော်…”
“ဂျီး..”
မီနာ ခေါင်းညိတ်လိုက်ရပေမဲ့လည်း မျက်နှာပူပါသည်။
အိပ်ရာပြင်‌ပေးပြီး အခန်းထဲ ရောက်လာချိန် သူက ဖုန်းကြည့်နေတော့ မီနာလည်း ခုတင်ပေါ် ခဏထိုင်လိုက်သည်။
“ဟိုတစ်ယောက် မအိပ်သေးလား..”
“အိပ်မယ်လေ..”
မီနာ မီးမှိတ်ဖို့ မတ်တက်ရပ်လိုက်တော့ ခေါင်းက မူးနောက်နောက် ဖြစ်နေသည်။
မီးမှိတ်လိုက်ပြီး ခုတင်ပေါ် လှဲအိပ်လိုက်ချိန်မှာလည်း မူးတုန်းပါပဲ..။
သူက ခါးကို ဆွဲလိုက်လို့ အိပ်လျက်သားဖြင့် သူ့အနားကို ရောက်သွားရသည်။
ခါးကို ဖက်ထားပြီး ကျောကို မျက်နှာအပ်ထားတာ သိတော့ နေရခက်ပေမဲ့လည်း မရုန်းဖယ်မိပဲ ပြုံးမိသွားသည်။
နှစ်လတောင် ဝေးနေခဲ့တာမို့ ခုမှ သူအနားမှာ ရှိနေတာကိုပဲ မီနာ ပျော်‌ရပါသည်။
“ဟိုတစ်ယောက်….မီ့ကို ဘာဆေးတိုက်တာလဲဟင်..မီ အဲ့ဆေးသောက်ပြီးကတည်းက မူးနေလို့..”
“ဟင်..မူးတယ်…”
“အင်း..”
သူက ခေါင်းထောင်သွားပြီး မေးတော့ မီနာ ခေါင်းညိတ်လိုက်ပေမဲ့လည်း သူက အိပ်နေရာကပါ ထထိုင်တော့ လှည့်ကြည့်မိသည်။
“တော်တော် မူးလို့လားဟင်…”
“ဟင့်အင်း..မူးနောက်နောက် ဖြစ်ရုံပါပဲ…အိပ်လိုက်ရင် ကောင်းသွားမယ် ထင်ပါတယ်..အိပ်ဆေးများလားလို့ မေးကြည့်တာ….”
“အိပ်ဆေးတော့ မဟုတ်ဘူး…ပိုမူးလာရင် ကျွန်တော့်ကို သေချာ ပြောနော်…သိလား..”
“အင်း..”
မီနာ ‌ခေါင်းညိတ်လိုက်တော့ သူက လက်ကို ကိုင်ပြီး သက်ပြင်းချလို့ မီနာလည်း မနေတက်တာနဲ့ ထိုင်လိုက်ရ‌တော့သည်။
“ဘာဆေးမို့လို့လဲဟင်..”
“ဟို…ကိုယ်ဝန်မရှိအောင်ပါ..”
“ဟင်..”
မီနာ အံသြလွန်းလို့ မျက်လုံးတောင်ကျယ်သွားပေမဲ့ နားကြားမှားတာလားလို့လည်း တွေးနေမိသည်။
သူ က မီနာ့ကို ဒီလောက် ကြင်နာချစ်ပြနေပြီး..။
မီနာ မွေးတဲ့ ကလေးကျတော့ မလိုချင်တာလား…။
အများကြီး မတွေးတာတောင် မျက်ရည်က ဝေ့တက်လာတော့ မျက်လွှာချလိုက်မိသည်။
“မီနာ…ကျွန်တော့်ကို အထင်မလွဲပါနဲ့နော်…ကြည့်ပါဦး..မီနာရယ်..”
မီနာ ‌ခေါင်းငုံ့နေတော့ သူက မေးဖျားကို ဆွဲမော့ပြီး ကြည့်ခိုင်းပေမဲ့လည်း အကြည့်လွဲကာ မျက်လွှာချထားမိသည်။
သူ့မျက်လုံးကို တွေ့ရရင်ငိုမိတော့မှာ သိနေသည်လေ..။
“ကျွန်တော်လေ…ဟင်း..မီနာရယ်….ကျွန်တော် မီနာ့ကို ချစ်တယ်..မီနာနဲ့မိသားစုဘဝလေးလည်း ပိုင်ဆိုင်ချင်ပါတယ်..ဒါပေမဲ့…ကျွန်တော့်ဘဝက သူများနဲ့မတူဘူး..ဘာသာမတူတဲ့ မိဘက မွေးလာတာ..နှစ်ဖက် ဆွေမျိုး ပြဿနာတွေ မိဘချင်း ပြဿနာတွေ အများကြီးကို မြင်တွေ့ပြီး ကြီးပြင်းလာခဲ့ရတာပါ…မီနာတို့က အတ္တမကြီး အစွဲမကြီးပဲ နားလည်ပေးတက်တဲ့ အသိုင်းအဝိုင်း ဆိုတာ သိပေမဲ့ ကျွန်တော် ကြောက်မိတယ်…ကျွန်တော်တို့ ကလေးလေး အဲလို ခံစားရမှာ စိတ်ပူတယ်…နောက်ပြီး…အပါ က ကျွန်တော့်ကို ခေါ်ထားရတာ…အလုပ်အကိုင်ကလည်း သေချာ သေးတာ မဟုတ်တော့ ကလေးတစ်ယောက်ကို ပြည့်စုံအောင် မထားနိုင်မှာ စိတ်ပူလို့ပါ…အချိန်တစ်ခု ရောက်လာမှ ကလေးလေးတွေ အများကြီး မွေးရအောင်နော်…နော်..မီနာ…”
မီနာ ပြောစရာ စကားလည်း မကျန်တော့လို့ ခေါင်းကိုသာ ညိတ်လိုက်ရတော့သည်။
သူ့ဘက်က ကြည့်တော့လည်း သူ့အယူအဆနဲ့ သူပေါ့လေ..။
“စိတ်မကောင်းလည်း မဖြစ်ပါနဲ့..အထင်လည်း မလွဲပါနဲ့..ကျွန်တော်လေ..မီနာ့ကို အရမ်းချစ်ပါတယ်…မီနာ့ကို စိတ်မဆင်းရဲစေချင်လို့ပါ…မီနာ့ မျက်ရည်တွေကို ကျွန်တော့်ကြောင့် မဖြစ်စေချင်ဘူး…”
မီနာ ငြိမ်သက်နေမိတော့ ပါးကိုဖွဖွ ဖျစ်လို့ သူ့ဆီကို အကြည့်ရောက်သွားချိန် ပြုံးပြိး နှုတ်ခမ်းကို နမ်းလိုက်လို့ မျက်လုံးမှိတ်လိုက်ရသည်။
“မူးတာ သက်သာရဲ့လားဟင်…”
“အင်း..”
“ပင်ပန်းလို့ဖြစ်မယ်…လာအိပ်ကြရအောင်..”
သူက ခေါင်းအုံးကို သူ့ခေါင်းအုံးဘေးကို ဆွဲယူကာ ပြောတော့ မီနာ ကျောပေးကာ လှဲအိပ်လိုက်ရ တော့သည်။
ခါးကို ဖက်ထားသလို လည်ဂုတ်မှာ မျက်နှာအပ်ထားတော့ သူ့အသက်ရှုနေတဲ့အထိအတွေ့က နေရခက်စေသည်။
သူ့စိတ်ကိုနားလည်ရခက်တော့ မီနာ သက်ပြင်းဖွဖွ ချလိုက်ပြီး မျက်လုံးတွေ မှိတ်ထားလိုက်ရသည်။
.
“ကိုဂျပန်ကြီး…မီနာ့ကို လာကြိုတာလား..”
“ဟုတ်တယ်ဗျ…ကျောင်းလွှတ်လိုက်ပြီလား…”
“ကြာပေါ့..”
“ဟာ…”
မီနာ အမြင်ကပ်လို့ ရန်စနေတဲ့ ဆိုဖီ ခြေထောက်ကို ဖြည်းဖြည်းဆိတ်လိုက်ပြီး ဝယ်ထားတဲ့ ပန်းခက် နှစ်ခုကို ကောက်ယူကာ ထ လိုက်ရတော့သည်။
ဟိုတစ်ယောက်ကတော့ ဟိုဘက်လမ်းမှာ ရပ်ပြီး ကျောင်းဘက်ကို လှမ်းကြည့်နေလို့ ပြုံးမိသွားသည်။
“ရန်စတာတောင် မစောင့်နိုင်ဘူး…နင်တော်တော်ဖြစ်..”
“ယောက်ျားကို စိတ်ညစ်အောင် မလုပ်ရဘူး..ငရဲကြီးတက်တယ်လေ..”
“အမလေး..ချက်ချင်း ငရဲကြောက်တက်သွားတာနော်…”
ဆိုဖီက ရန်စနေသော်လည်း မီနာ တစ်ချက်ရိုက်ခဲ့ပြီး ဖိနပ်ဝတ်ကာ ဆိုင်ထဲက ထွက်လာခဲ့လိုက်သည်။
ဟိုတစ်ယောက်က ကျောင်းဘက်ကို သွားနေတော့ အနောက်ကနေ လိုက်သွားရင်း ရယ်နေမိသည်။
“ဟင်..”
ထီးကိုင်ထားတဲ့ သူ့လက်မောင်းကို ဖွဖွ ကိုင်လိုက်တော့မှ မျက်လုံးပြူးဖြင့် လှည့်ကြည့်သည်။
“ဟာ..မီနာ…ကျွန်တော်က ကျောင်းပြန်သွားပြီ ထင်နေတာ…”
“အင်း…ဆိုဖီတို့ဆိုင်မှာ ပန်းခက်လေး ရွေးနေလို့ပါ…”
“ဆိုဖီက ကျွန်တော့်ကို ကြပ်လွှတ်လိုက်တာပဲ..”
“မီ ပြောသားပဲ…သူ့စကားက မယုံရပါဘူးဆို…”
“အဟွင်း…ဟုတ်တယ်…လာ…နေပူတယ်..ဒီဘက်က လျှောက်..”
မီနာ့ ပခုံးကို ဖက်ပြီး တစ်ဖက်ကို ဆွဲပို့ပေးတော့ လမ်းမပေါ်မှာမို့ နေရခက် မျက်နှာပူသွားချိန် ဆိုဖီမရဲ့ အယ် ဆိုတဲ့ အသံကြီးက ထွက်လာတော့သည်။
“နေပူမှာ စိုးလို့ပါဗျာ..”
“ဘာမှ မပြောပါဘူး…မျက်စိရှေ့ကနေသာ မြန်မြန်သွားကြစမ်းပါ…ရေနဲ့ပတ်လွှတ်မှာနော်…”
“ဟာလာ တရားဝင် ထိပိုင်ခွင့်နဲ့ ဖက်ထားတာပါဗျာ…”
သူက ဆိုဖီ့ကို ပြန်ရန်စပြီး မီနာ့ ပခုံးကို ဖက်လျက်သား လျှောက်နေတော့ နေရခက်ပေမဲ့လည်း မငြင်းရဲပါ..။
သူ က အဲလို ဟာလာ တရားဝင်ဖက်ခွင့် နမ်းခွင့်နဲ့ပဲ ကိုင်ခြောက်နေတာလေ..။
ဆိုဖီက အမြင်ကပ်ပြီး တကယ်ရေနဲ့ ပက်တော့ သူက ခုန်ရှောင်ရသလို မီနာလည်း ရယ်မိသည်။
“ဆိုဖီ့ကိုလည်း တစ်ယောက်ရှာပေးမှပါဗျာ..”
“အမလေး..မယူဘူး…”
မီနာ ရယ်နေချိန် လက်ကိုဆုပ်ကိုင်လိုက်တော့ ရယ်တာရပ်ပြီး ကြောင်သွားရသည်။
“နေပူနေပြီနော်..ပင်ပန်းနေပြီလား..”
“ဟင့်အင်း..”
“သွားပြီ..ဆိုဖီရေ..မီနာ က ရိုဇာနဲ့မို့လို့..”
မီနာ့ ဘက်ကို ထီးမိုးပေးပြီး လက်ကို ကိုင်ကာ ခေါ်တော့ သူ့ဘေးကနေ လျှောက်ရင်း ပြုံးမိသွားသည်။
“မီနာက ချစ်ဖို့ကောင်းလိုက်တာ..”
“ဟင်..”
“နေဒီလောက်ကူတာကို ကျွန်တော့်အတွက်နဲ့ ရိုဇာထားပေးရတာလေ..”
“အဲလိုလည်း မဟုတ်ပါဘူး..မီ က ဟိုတစ်ယောက်အတွက် စိတ်ပူပြီး ဒိုအာတောင်းရင်း နိယသ်လုပ်လိုက်တာပါ..”
“မီနာတို့ ဒိုအာတွေကြောင့် အထဲမှာ မခက်ခဲပါဘူး..”
“အရှင့်ကို ကျေးဇူးတင်ပါတယ်…သြော်…ဟိုတစ်ယောက် ဆိုင်ဖွင့်တာ ရောင်းရရဲ့လားဟင်..ဆိုင်ပြန်ဖွင့်တဲ့နေ့ကို နေ့တစ်ဝက်နဲ့ ပြန်လာပြန်ပြီ…”
“မိန်းမ က စာသင်ပြီး နေပူထဲ ပြန်ရမှာ ပိုအရေးကြီးတယ်လေ..”
“မီ ထီးယူလာသားပဲ..ကိုယ့်ထီးကိုယ်စောင်းပြီး ပြန်လို့ရပါတယ်…အရင်ကတည်းက အဲလိုပဲ ပြန်နေတာပဲကို..”
“အရင်က ထီးမိုးပေးမဲ့ ယောက်ျားမှ မရှိတာ…ခုက ရှိနေပြီမလား..”
သူနဲ့ စကားနိုင်မလုနိုင်လို့ မီနာ ပြုံးရင်း အရှုံးပေးလိုက်ရတော့သည်။
“သြော်..မီနာ..’ဒီနေ့ နောက်ဆုံးမလား..ဝါဖြေရင် ဇီးသံပုရာ သောက်မလား..ဝယ်ခဲ့မယ်လေ..”
“ဟင့်အင်း..”
“ညနေမှ ကျွန်တော်နဲ့ သွားချင်တာလား..”
“ဟင့်အင်း..”
မီနာ ခေါင်းရမ်း ငြင်းဆန်လိုက်ရသော်လည်း ရင်ထဲမှာ အကြောက်တရားက ပိုများပါသည်။
သူနဲ့ အပြင်မှာ ဖျော်ရည်သွားသောက်ဖို့ ပြင်ဆင်ပြီး ကြားလိုက်ရတဲ့ သတင်းစကားက ခုချိန်ထိ ခြောက်ခြားနေတုန်းပါပဲ.။
“ကျွန်တော် ဒီနေရာက အမြဲစောင့်ကြည့်မိတယ်..”
“ဟင်…”
“ဆိုဖီ့ဆိုင်ကို ဝင်နေတက်တာ သတိထားမိတော့ ဆိုဖီသိပြီး တစ်ခုခု ပြန်ပြောရင် မီနာ ရှက်ပြီး ကျွန်တော်ကို ရှောင်သွားမှာလည်း ကြောက်လို့ ဆိုဖီတို့လည်း မသိအောင် ဒီနားမှာ အမြဲထိုင်ဖြစ်တယ်..ဟိုအရက်သမားက မူးနေတော့ မသိဘူးလေ…”
သူက အရင်တုန်းက အကြောင်း ပြောတာ ဆိုပေမဲ့ မီနာ အံသြမိသည်။
ဘယ်သတိထားမိပါ့မလဲ..။
ဒီနားမှာက ယောက်ျားနှစ်ယောက် သုံးယောက် အမြဲရှိနေတက်လို့ ခြေလှမ်းမြန်မြန်နဲ့ ခေါင်းငုံ့လျှောက်ရတာလေ..။
ဆိုင်ကယ်အငှားလိုက်တဲ့ လူတွေလည်း ရှိနေလို့ ဘယ်သတိထားမိပါ့မလဲ..။
“အမြဲတမ်း ညာခြေကပဲ စလှမ်းတယ်..လွယ်အိတ်ကို ညာလက်က ပိုက်ပြီး ဘယ်လက်က ထီးကိုင်တယ်..ဒီနားရောက်ရင် ပိုမြန်ပြီး ထီးကလည်းငိုက် လူကလည်း ငုံ့နေလို့ တစ်ခါတလေ မြေကြီးမှာ ထိုင်စောင့်ကြည့်နေရတဲ့ ဘဝရောက်သေးတယ်…”
“………”
သူက ခပ်တိုးတိုး ရယ်နေတော့ မီနာလည်း ပြုံးမိသွားသည်။
“အပါက အဘူတို့ လာလည်မယ် ပြောတယ်…”
“အင်း…အာရှုရာနေ့ကျ လာမှာလေ…အဲ့နေ့ကို သိလား..နှစ်ကူးတာလေ..မုန့်တွေ ဟင်းတွေ အများကြီးချက်ပြီး မိသားစု စုံစုံလင်လင် စားရတာ..ပျော်ဖို့ကောင်းတယ်…”
“အီးဒ်နေ့တော့ သိပေမဲ့ အဲ့နေ့တော့ မလုပ်ဖူးဘူး..”
“ဟုတ်လား…ဟိုတစ်ယောက် လည်း ပျော်မှာပဲ…ဟိုတစ်ယောက် ကြိုက်တဲ့ ဖက်ထုပ်လည်း လုပ်ပေးမယ်လေ…နောက်ပြီး…မာလာမောက်ချိုင်ဆိုတာလည်း ချက်ကျွေးမယ်နော်..”
“အဲဒါဆိုရင်တော့ ပျော်သွားပြီ…”
“အဲဒါက စပ်မှာနော်…စားနိုင်ပါ့မလား…”
“စားနိုင်ပါတယ်ဗျာ…”
သူနဲ့ မီနာ စကားပြောရင်း လမ်းလျှောက်လာတာ ကျောင်းရှေ့နားမှာ ကားတစ်စီးရပ်ထားတော့ မီနာ စိတ်ထဲ အဘူတို့များ စောရောက်လာတာလား လို့တွေးမိသွားသည်။
“ဘူဘူတို့ ရောက်ချလာတာလား မသိဘူး..လေးရက်တောင် လိုပါသေးတယ်…”
မီနာ ပြောပေမဲ့ သူက ဘာမှ မပြောတော့ တစ်ချက် ကြည့်မိတာ မျက်နှာက တစ်မျိုးဖြစ်နေသည်။
ကျောင်းဝန်းကို ဖြတ်ပြီး ကျော်လာချိန်ထိ စကားမပြောတော့လို့ မီနာ အံသြမိသည်။
“ဟိုတစ်ယောက် အထဲမှာတုန်းက အဘိုင်လေး ပြန်လာသေးတယ်..အီးဒ်ကြီးတုန်းကလေ…”
“ဟင်..”
သူက နားမလည်သလို လှည့်ကြည့်တော့မှ မီနာ သူ့ကို သေချာကြည့်မိသည်။
“မီ့ကို နှုတ်ဆက်ဖို့လာသေးပေမဲ့ မီ ထွက်မတွေ့ခဲ့ဘူး..ဟိုတစ်ယောက် မကြိုက်လို့လေ..”
“ဟင်…ဟုတ်လား..မကြိုက်တာ မဟုတ်ပါဘူး..မီနာရဲ့…”
“ခုလည်း သူတို့လာတယ် ထင်နေတာမလား..”
ကားကိုတွေ့ကတည်းက ငြိမ်သွားတာကို ပြောလိုက်တော့ သူက အသက်မပါစွာ တစ်ချက်ပြုံး၍ ခေါင်းရမ်းပြသည်။
အိမ်ရှေ့နားကို ရောက်တော့ အိမ်ပေါ်မှာ ဧည့်သည်တွေ စကားပြောသံ အရင်ကြားရလို့ မီနာ တစ်ချက်မော့ ကြည့်မိသည်။
“လာပြီ…”
“မိုးမြတ်…”
“ဟင်..”
အိမ်ပေါ်တက်တာနဲ့ ကိုယ်ပတ်ဝန်းကျင် မှာ မသိဖူးမမြင်ဖူးသည့် မျက်နှာစိမ်း ယောက်ျား နှစ်ယောက်နဲ့ အပါက ထိုင်နေသည်။
သူတို့ထဲက တစ်ယောက်က လှမ်းခေါ်တော့ မီနာ နားမလည်စွာဖြင့် ဘေးက သူ့ကို မော့ကြည့်မိသည်။
“………”
သူက မီနာ နားမလည် မရင်းနှီးသည့် ဘာသာစကား တစ်မျိုးနဲ့ ပြောလိုက်တော့ ဟိုလူကလည်း ပြန်ပြောသည်။
“သူတို့ကို လက်ဖက်ရည်ဆိုင် ခေါ်သွားလိုက်ဦးမယ်..အပါ…”
“အင်း..မပြန်ဖြစ်သေးရင် အိမ်မှာ ညစာ လာစားဖို့လည်း ဖိတ်လိုက်ပါဦး..”
“ဟုတ်ကဲ့…”
ဟိုလူနှစ်ယောက်နဲ့သူက အိမ်ပေါ်က ဆင်းသွားတော့ မီနာ ထိတ်လန့် တုန်လှုပ်စွာဖြင့် လိုက်ကြည့်နေမိသည်။
“အပါ..သူ ဘာဖြစ်ပြန်ပြီလဲဟင်..”
မီနာ စိုးရိမ်စိတ်ကြောင့် ငိုသံပါဖြင့် မေးလိုက်မိတော့ အပါက မီနာ့ကို အံဩသလို ကြည့်သည်။
“သူ့သူငယ်ချင်းလို့ပြောတာပဲ…ကျောင်းရှေ့မှာ ကားရပ်စောင့်နေတာ ကြာပြီ..အပါ စာသင်ပြီး ထွက်လာတော့မှ သွားမေးကြည့်တော့ သူ့မြန်မာ နာမည် ပြောလို့ အိမ်ခေါ်ခဲ့တာ…”
“ဘာပြောလဲဟင်..”
“မန္တလေးကလို့တော့ ပြောတာပဲ…အလုပ်ကိစ္စလာပြောတာတဲ့..အပါကတော့ တည်းခိုတာ အဆင်ပြေလား ဘာလိုအပ်လည်း မေးရတာပေါ့…အလုပ်ကိစ္စ ဘာလဲ မေးလို့ မကောင်းဘူးလေ…”
အပါ က မီနာ့ကို တစ်ချက် ကြည့်တော့ သက်ပြင်း ဖွဖွ ချလိုက်မိသည်။
“သူ့မှာလည်း သူ့ဘက်ဆွေမျိုး သူ့အသိမိတ်ဆွေ သူ့အပေါင်းအသင်း အသိုင်းဝိုင်း ရှိမှာပဲလေ…သိပ်လည်း မစိုးရိမ်ပါနဲ့ သမီးရယ်..ငါ့သမီး က အတွေးများလွန်းတယ်..”
မီနာ ခေါင်းညိတ်လိုက်ပြီး အခန်းထဲ ဝင်လာကာ အဝတ်အစားလဲနေရပေမဲ့လည်း စိတ်တွေက ရှုပ်ထွေးကာ ပင်ပန်းပါသည်။
အပါ ပြောသလို တွေးပေမဲ့လည်း မီနာ မသိတဲ့ သူ့အတိတ်ကြောင့် ပို စိတ်ပူမိပါသည်။
ဟိုတစ်ခါတုန်းကလည်း ရိုဇာ နောက်ဆုံးနေ့မှာ သူထွက်သွားတာလေ..။
ခုလည်း..။
မီနာ ခုတင်မှာ ထိုင်လိုက်ရပေမဲ့လည်း စိုးရိမ်စိတ်ကြောင့် မျက်ရည်က ဝဲလာသည်။
“ပြန်လာပြီလား…”
“ဟုတ်ကဲ့..အပါ့ကို ကျွန်တော် မေးစရာ ရှိလို့ပါ…”
“ပြောလေ..သား..”
သူ့အသံကြားလို့ ရင်ခုန်သွားပေမဲ့လည်း ဧည့်သည်တွေလည်း ရှိမှာသိလို့  အခန်းထဲကနေပဲ နားစွင့်ထားမိသည်။
“ဟို…ကျွန်တော်…ဒီမရောက်ခင် ထောင်မကျခင်တုန်းကပေါ့…ကျောက်အရောင်းအဝယ်လုပ်တယ်…ဟိုဘက်မှာပါ..”
“အင်း..”
“တရားဝင်ရော တရားမဝင်ရော လုပ်တာပါ…”
“ဟင်..”
မီနာ မျက်လုံးပြူးသွားရသလို ရင်တွေလည်း အဆမတန် ခုန်ပေါက်ပြီး လူက မူးနှောက်လာခဲ့သည်။
“ခုက အဲ့တုန်းက ကျွန်တော် ရောင်းခိုင်းထားတဲ့ ကျောက်က ရောင်းထွက်သွားလို့ ငွေလာပေးတာ..အဲဒါ ယူလို့ ပိုင်ပါ့မလား…”
“အပါတို့က အဲ့ကိစ္စတော့ သေချာ မသိဘူး..ဒီရောင်းခိုင်းတဲ့ကျောက်က ဟလာဖြစ်နိုင်လား ဟရာမ် ဖြစ်နိုင်လား သား ပဲသိတာလေ…တကယ်လို့ ဟလာဆိုရင်တော့ ဒါ အရောင်းအဝယ် တည့်သွားတာမို့ စားလို့ရပါတယ်..”
“ဒီကျောက်တွေ ၀ယ်တုန်းကတော့ ကျွန်တော် တရားဝင် ပေါက်ဈေးတွက်ပြီး ဝယ်ထားတာပါ… နှစ်လည်းကြာနေပြီ…ခုလာတာ ကျွန်တော့် သူငယ်ချင်းတွေ ဆိုပေမဲ့… သူတို့ကို ကော်မရှင် ပွဲစားခတော့ ပေးရတာပေါ့…သူတို့က ဝယ်လက်ရှာပေးတာပါ…”
“အင်း ဒီကိစ္စ ဆရာကြီးကို အပါမေးပေးမယ်..ခုတော့ ဧည့်သည်တွေကို ကောင်းကောင်း ပြုစု ဧည့်ခံလိုက်ပါ..အဝေးကလာရတာလေ…”
“………”
မီနာ သက်ပြင်းတစ်ချက် ချလိုက်ပြီး မူး‌‌နေလို့ ခုတင်ပေါ် လှဲအိပ်လိုက်ရသည်။
သူနဲ့ပတ်သက်သမျှ ကြောက်စရာ ကိစ္စတွေက ဘယ်တော့များမှ ပြီးမှာပါလိမ့်..။
.
“မီနာ…အပြင်သွားရအောင်လေ..ဖျော်ရည်ဝယ်တိုက်မယ်လေ…”
မီနာ ခေါင်းရမ်းလိုက်ပြီး ဟင်းအိုး နွှေးနေတော့ အနားကို ရောက်လာကာ ပခုံးကို ဖက်သည်။
ဆရာကြီးက သူ့ကို သေချာ မေးပြီး သုံးခွင့်ရှိကြောင့် ဆုံးဖြတ်ပေးလိုက်တော့ အိမ်ပေါ်ကို ရောက်လာတာ မီနာ မမြင်ခဲ့ဘူးတဲ့ ငွေစက္ကူပမာဏပါ…။
တစ်သောင်းတန်ကိုအရွက်ငါးဆယ်ထက် ပိုမရေတွက်ခဲ့ဖူးပေမဲ့ အခန်းထဲက ဘီဒိုအောက်ကန့်တစ်ခုလုံး အပြည့် ထည့်ထားရတာ ဝမ်းမသာတဲ့ အပြင် တုန်လှုပ်ခြောက်ခြားမိပါသည်။
သူ့ကို မယုံကြည်တာ မဟုတ်သော်လည်း အခြေအနေ အကြောင်းကြောင့် သူနဲ့ထပ်ဝေးမှာ တွေးကြောက်မိတာပါ..။
“မီနာ..မီနာ့ကို ကြည့်ရတာ စိတ်ဆိုးနေသလိုပဲ…ပိုက်ဆံ တွေ ယူလိုက်မိလို့လား..ကျွန်တော် အရောင်းအဝယ်လုပ်ပြီး ရှာထားတယ်ဆိုတာ မယုံလို့လားဟင်…ကျွန်တော် မသန့်တဲ့ ပိုက်ဆံကို ကိုယ်တိုင်လည်း မသုံးဘူး..မီနာ့ရှေ့လည်း ယူမလာဘူးဆိုတာ မီနာ မယုံပေးနိုင်ဘူးလားဟင်..”
သူက မီနာ့လက်ကို ဆွဲယူကိုင်ပြီး မျက်နှာချင်းဆိုင်ကာ မေးတော့ သူ့ကို မော့ကြည့်ရင်း ငိုချင်လာလို့ မျက်လွှာချလိုက်ရသည်။
“ကြောက်တယ်…”
“ဟင်..”
“မီ..မသိဘူး..မီကြောက်နေတယ်..ဟိုတစ်ယောက်က တရားမဝင်လည်း လုပ်တယ်ဆို…အဲဒါတွေကြောင့် ဖမ်းခံရရင် ဘယ်လို လုပ်မလဲဟင်..မီ ကြောက်တယ်.ဟိုတစ်ယောက် အဝေးကို ထပ်ရောက်သွားမှာ မီ ကြောက်တယ်..မီ့အတွက် အိပ်မက်ဆိုးလို့ပဲ..အချိန်တိုင်း ခြောက်လှန့်နေတယ်..ဟိုတစ်ခါ နောက်ဆူံး ဝါဖြေတော့ ဟိုတစ်ယောက် မရှိဘူး..ပြန်မလာဘူး…ခုလည်း တိုက်ဆိုင်ပြန်ပြီ…မီ…ဟင့်…”
မီနာ မျက်ရည်တွေကို ပွတ်ဆွဲသုတ်လိုက်မိချိန် သူက ဆွဲဖက်ထားလို့ သူ့ရင်ဘတ်က အကျီ င်္စကို ဆုပ်ကိုင်ကာ သူ့ရင်ခွင်မှာ နဖူးအပ်၍ ငိုမိသည်။
“မီ..ငွေလည်း မမက်ပါဘူး..အပါ ရှာကျွေးတဲ့ ပိုက်ဆံနဲ့ မီတို့ ခုရွယ်ထိ ရောက်လာတာ…မီ ကျောင်းမှာ စာသင်နေတာနဲ့ စားလို့လောက်နေတာ…အေးချမ်းတာပဲ မီ မြတ်နိုးတယ်..လိုချင်တယ်…ဟိုတစ်ယောက်ကိုလည်း မချမ်းသာစေချင်ဘူး..မီ့အနားမှာပဲ ငြိမ်းချမ်းအေးချမ်းစေချင်တာပါ..ငွေတွေအများကြီး ရပြီး..တစ်ခုခု ဖြစ်သွားမှာ မီ စိတ်ပူနေလို့ပါ…”
“ဒီပိုက်ဆံတွေက တရားဝင်ပါ…မတရားတာ တစ်ခုမှ မပါပါဘူး..ကျွန်တော့် အရင်အလုပ်က ဒီငွေလောက်က တကယ့်ကို အသေးအမွှားပါ…ကျွန်တော် ထောင်ကျပြီး အလုပ်လက်စပြတ်သွားတာရယ်..့ ဒီကိုရောက်လာပြီး မီနာ့ကို သဘောကျလို့ မီနာ့တို့ အေးချမ်းတာလေးကိုမြတ်နိုးလို့ အနားမှာ အေးချမ်းစွာနေချင်လို့ ရတဲ့အလုပ်လေးလုပ်နေတာပါ…”
“လူနှစ်ယောက် ရုတ်တရက်ကြီး ရောက်လာပြီး ငွေတွေ အများကြီး ပေးသွားတာ မီ့ နေရာမှာဆို ဘယ်လို နေမလဲ စဉ်းစားကြည့်ပါဦးလား..”
“မီနာ က ကျွန်တော့်ကို အထင်မကြီးတာ သိပေမဲ့…ကျွန်တော်က ငမွဲတစ်ယောက် မဟုတ်ခဲ့ဘူး..အဖေ နဲ့ ငယ်ငယ်ကတည်းက အလုပ်လုပ်ခဲ့ရတော့ အိမ်ကထွက်လာချိန် အဖေ့အကူအညီမပါလည်း ကျွန်တော် အလုပ်တွေ အများကြီး လုပ်နိုင်တယ်…လူငယ်စိတ်နဲ့ ဖြုန်းသုံးခဲ့တာလည်း အများကြီးပဲ…မန္တလေးမှာကော နယ်စပ်မှာကော ကျွန်တော့် ပိုင်ဆိုင်မှုတွေ ရှိတယ်…ထောင်ကျပြီး ကိုယ့်ဘဝကို ပြောင်းလဲပစ်လိုက်လို့ ယူချင်တဲ့ကောင်ယူ လုပ်ချင်တာ လုပ်နေကြတာကို ဒီတိုင်း လျော်ပေးလိုက်တာ…ဒီငွေတွေက တရားတာကော မတရားတာကောပါတယ်…ငါ မယူချင်တော့ဘူးဆိုပြီး လှူလိုက်တဲ့ သဘောပဲ..ခုကျောက်က ကျွန်တော် ငွေ အသန့်သုံးပြီး ဝယ်ထားတာမို့ ယူရဲတာ..နောက်ပြီး..အမှန်အတိုင်း ပြောရရင် ခုချိန် ဘာအရှုပ်မှ မရှိ ဇယားလည်း မရှိတဲ့ အဲလို ဟလာပိုက်ဆံဆို ကျွန်တော်လိုချင်မိတယ်..မီနာကို…ပြည့်စုံအောင် ထားချင်တယ်…ဆိုင်ကလည်း သေးသေး…ပစ္စည်းကလည်း နေ့ပြန်လို ယူရောင်းရတာ..ဆိုင်ကယ်တစ်စီးတောင် မရှိဘူး..ကျွန်တော် အလုပ်ကို အလုပ်နဲ့ တူအောင် လုပ်ချင်လို့ အရင်းအနှီးအတွက် ပိုက်ဆံလိုချင်မိတယ်..မီနာရယ်..မီနာ ရွံတယ်..ကျွန်တော့်ကို မယုံဘူး..မလိုချင်ဘူးဆို..ဒီပိုက်ဆံတွေ ပြန်ပေးလိုက်ပါမယ်…
“မီ မသိတော့ဘူး..မီ က ဟိုတစ်ယောက် ဒီငွေကြောင့် ဒုက္ခရောက်မှာပဲ စိတ်ပူတာပါ..”
မီနာ မျက်လွှာချထားရင်း ပြောလိုက်မိတော့ လက်ကို ဆွဲခေါ်လို့ အခန်းထဲကို လိုက်သွားရတော့သည်။
ဘီဒို တံခါးကို ဖွင့်တော့ သူလုပ်သမျှကို လိုက်ကြည့်နေမိသည်။
“မီနာ..ရေကြည့်…အဲဒါ ဘယ်လောက်လဲ…”
“ဟင်…”
“‌ရေတက်တယ်မလား..”
သူက မေးငေါ့ခိုင်းတော့ မီနာ ငွေအစည်းတွေကို အကြည့်ရောက်သွားကာ စိတ်မှန်းနဲ့ ရေတွက်မိသည်။
“ဘယ်လောက်လဲ..”
“ရှစ်စီးဆိုတော့…ရှစ်ရာ..”
“ရှစ်ရာနော်…”
သူ က သူ့ခါးကြားမှာ ထိုးထားတဲ့ ဖုန်းကို ဆွဲထုတ်ပြီး လျှောက်နှိပ်နေတော့ မီနာ အကဲခပ် စောင့်ကြည့်နေမိသည်။
“ဒါက ဘယ်လောက်လဲ…”
စာတွေကို မဖတ်ပဲ ကိန်းဂဏန်းတွေကိုပဲ ချဲ့ပြီး ဖတ်ခိုင်းတော့ စိတ်မှန်းနဲ့ ရေတွက်ရသည်။
“တစ်သောင်း နှစ်ထောင်…”
“ဘယ်ဟာ..ပိုများလဲ…”
“……..”
“အဲဒါ ကျွန်တော်တို့ အဖွဲ့က အရင်ရောင်းခဲ့တဲ့ပစ္စည်းတွေကို တင်ထားတာ..ဒါက တစ်ခုစာတောင်မှ အဖွဲ့အချိုးကျ ခွဲယူရလို့ ဒီလောက်ပဲ ရတာ..အများကြီး အနှိမ်ခံထားရတာ..ဒါကိုတောင် မတရားရတဲ့ ပိုက်ဆံလို့ ထင်နေတုန်းလား..မီနာ မရက်စက်လွန်းဘူးလား..”
သူ ‌ပြောသမျှ ရှင်းပြသမျှ မီနာ နားမလည်သလို သူကလည်း အတင်းချည်းပဲ ရှင်းပြနေတော့ မီနာ စိတ်ရှုပ်ပြီး ငိုချင်တာသာ သိတော့သည်။
“မီနာ က မီနာ့ အဘိုင်လေး ကိုပဲ အထင်ကြီးနေတာပါဗျာ..”
“ဟင်…”
မဆိုင်တဲ့ ကိစ္စ က ပါလာပြန်တော့ မီနာ အံသြသွားကာ သူ့ကို ကြည့်မိချိန် မျက်မှောင်ကြုတ်ထားတော့ စိတ်မကောင်း ဖြစ်မိသည်။
ငွေကိစ္စ က သူ့ကို အထင်သေးတာ အထင်ကြီးတာ မဟုတ်ပဲ ဒီငွေကြောင့် သူတစ်ခုခု ဖြစ်မှာသာ စိုးရိမ်စိတ်ပူမိတာပါ..။
ဒါကို သူနားလည်အောင် မီနာ မရှင်းပြတက်တော့လို့သက်ပြင်းဖွဖွ ချလိုက်မိသည်။
“အရင်တုန်းက ဒီဂလေကောင် ဘယ်လောက် ချမ်းသာတဲ့ ဘောစိမှတ်လဲ…”
သူက ဖုန်းကို ပြန်နှိပ်ပြီး ဖုန်းကို မီနာ့ရှေ့မှာ ထားပြတော့ အနက်ရောင် ကားတစ်စီးကိုသာ တွေ့ရသည်။
ဗိဒီယို မှန်းသိလို့ ဆက်ကြည့်နေမိချိန် ကားထဲကနေ ထွက်လာတာ အသားဖြူဖြူနဲ့ လူတစ်ယောက်ပါပဲ.။
ရှပ်အကျီ င်္ အမဲရောင် ရင်ဘတ် ဟပြဲကြီးနဲ့မို့ မီနာ သေချာ မကြည့်တော့ပဲ ကားကို အကြည့်ရွှေ့လိုက်ရသည်။
လူပုံပဲ ပေါ်နေလို့ ဘောင်းဘီအနက်ရောင်နဲ့ ဖိနပ်ကို အကြည့်ရွေ့ရပြန်သည်။
လက်က နာရီကို နေရာချလိုက်တဲ့ မီးတောက်ပုံကို တွေ့တော့မှ မျက်လုံးပြူး ရင်ခုန်သွားကာ မျက်နှာကို ကြည့်မိသည်။
ဆံပင်တိုတို ကို ဘေး မှာ အစင်းကြောင်းနဲ့ ပုံဖော်ထားသည်။
မျက်မှန် အမဲတပ်ထားပေမဲ့ ရယ်လိုက်တဲ့ မျက်နှာကိုတွေ့ရတော့ အပြင်က တစ်ယောက်ကို မျက်လုံးပြူးရင်း မော့ကြည့်မိသည်။
“သိပြီလား..အဲဒါ ရုံးခွဲ ဖွင့်တဲ့ ဗီဒီယိုလေ…ကားတွေ အိမ်တွေ အကုန် လှူပစ်ခဲ့ပြီး ဒီရင်ခွင်မှာ လာနားခိုနေတာ ဂျလေကောင်က အချဉ်တော့ မဟုတ်ဘူးနော်…”
“ဒါက ဟိုတစ်ယောက်လား..”
“ဟမ်…မတူဘူးလား..”
“တူပါတယ်..”
မီနာ ခေါင်းညိတ်ပြီး ပြောလိုက်ချိန် ဗီဒီယိုက ဆက်သွားနေပြီး ပေါင်တို ဂါဝန် အကြပ်လေးတွေနဲ့ ကောင်မလေး ချောချောလေးတွေကို ရှန်ပိန်ငှဲ့ထည့်ပေးရင်း ရယ်နေတဲ့ သူ့ပုံရိပ်က ချက်ချင်း မဲမှောင်သွားသည်။
“ဟင်..ဘာလို့ ပိတ်လိုက်တာလဲ..”
“အတိတ်က အခြေအနေကို သိရင် တော်ပြီပေါ့…”
“မီ ကြည့်ချင်လို့ပါ…ပြန်ပြပါ…”
“တော်ပြီ..တော်ပြီ….ဒီလိုဆို သဘောပေါက်ပြီမလား..”
“မီ့ ဖုန်းမှာပဲရိုက်ရှာလိုက်မယ်..”
“ရိုက်ရှာပေါ့..ကိးဘုတ်တောင် မရှိဘူး…နာမည်ရိုက်တက်ဖို့ကတော့ အဝေးကြီးပဲ…”
သူ့ဖုန်းကို မပြတဲ့ အပြင် ခါးနောက်ကို ထည့်လိုက်တော့ မီနာ အမြင်ကပ်လို့ နှာခေါင်းရှုံမိသွားသည်။
“ဒီလိုသာဆို ဟိုတစ်ယောက်က ဂိုနဟ်အပြစ်ကအစုံပဲ…ဇေနာ ကာမေသုလည်း ပါမှာပဲ..”
မီနာ နှာခေါင်းတွန့်ကာ မျက်နှာ နောက်ဆုတ်ရင်း ပြောမိတော့ လူကို မျက်လုံးပြူးကြီးဖြင့် ကြည့်လာသည်။
“မစော်ကားနဲ့နော်…”
“ကောင်မလေးတွေ အများကြီးပဲလေ..”
“အဲဒါ အလုပ်သဘောအရ ပါတနာတွေချည်းပဲ…စိတ်နဲ့ ပစ်မှားပေမဲ့ ဘယ်မိန်းမနဲ့မှ မအိပ်ဘူး.. …ကျွန်တော့်လူပျိုဘဝကို မီနာနဲ့ပဲ ကုန်ခဲ့တာ..”
မီနာ မျက်နှာပူလို့ အကြည့်လွဲပစ်လိုက်ပြီး ဘီဒိုတံခါးကိုလည်း ပြန်ပိတ်ပစ်လိုက်သည်။
“ကျွန်တော် ဆယ်‌ခြောက် နှစ်တုန်းက အဖေ နဲ့ နောက်ဆုံးပြဿနာတက်တယ်…သူ့မိန်းမ အငယ်ဆုံး က ညဘက်ကြီး ဖုန်းဆက်ခေါ်တယ်…သူ ခြေထောက်ခေါက်သွားတာ ထ လို့မရဘူး..အဖေ့ကို ဖုန်းဆက်တာလည်း မရလို့ ဆေးရုံသွားဖို့ ကူ‌ပေးပါ ဆိုပြီး ပြောတယ်…တစ်အိမ်ထဲလည်း ဖြစ်သလို အပေါ်အောက်ပဲမို့ ကျွန်တော် သွားမိတာ..အဖေက ဘယ်တုန်းက ဘယ်လို လိုက်လာလည်း မသိဘူး..အဲ့အခန်းဝမှာပဲ ကျွန်တော့်ကို ထိုးတာ…ပြီးတော့ ရိုင်းစိုင်းတဲ့ စကားလုံးတွေနဲ့ စွပ်စွဲတာ…ကျွန်တော် ရှက်လွန်းလို့ အဖေ့ကိုတောင် ပြန်ထိုးမိမလို  ဖြစ်သွားသေးတယ်..အိမ်က ထွက်လာခဲ့တယ်..အဲ့ကတည်းက ဘယ်မိန်းမနဲ့မှ တစ်ခန်းတည်း တောင် အလုပ်မလုပ်ဖြစ်တော့ဘူး…မိနာနဲ့ တွေ့ရတော့ ဒီကောင်မလေး ဒီလောက် မျက်လွှာချနေတာ ငါသာ လက်ထပ်ရရင် တင်းတင်းဖက်ပြီး မျက်လုံးကို ချည်း စိုက်ကြည့်ပစ်မယ်လို့ တွေးမိတဲ့အထိပဲ…”
“ဟမ်…”
“သြော်..’စိတ်ဒဏ်ရာ ရှိပေမဲ့ အချစ်စိတ်ကြောင့် ရုတ်တရက် ပြောင်းလဲသွားတာကို ပြောပြတာပါ..”
သူက ရယ်ပြီး မီနာ့ကို သိုင်းဖက်လိုက်တော့ ပခုံးကျုံ့လျက်သားဖြင့် ပြုံးမိသွားသည်။
“အဝတ်လဲ..အပြင်သွားမယ်..”
“ဟင့်အင်း..”
“ယောက်ျားစကား နားမထောင်ဘူးပေါ့လေ…”
“ပိုက်ဆံတွေကများကြီး စိတ်မချရဘူးလေ…မသွားဘူး..”
‘ဟာ..မနက်ဖြန် ဘဏ်သွားအပ်လိုက်မယ်…”
“ကောင်းတယ်…ဟိုတစ်ယောက် လုပ်ချင်တဲ့အလုပ် လုပ်လို့ရပြီပေါ့နော်…အရင်က ဆိုးပေမဲ့ ခုလို လိမ်မာသွားတာ မီ ကျေးဇူးတင်ပါတယ်…”
“ကျွန်တော်လို ကောင်ကို လက်ထပ်ဖို့ လက်ခံပေးတာလည်း ကျေးဇူးတင်ပါတယ်ဗျာ..အာ အမှန်တော့ မီနာ လက်ခံတာမှ မဟုတ်တာ..အရှင်စီစဉ်ပေးလိုက်လို့သာ လက်ထပ်ရတာ..မီနာသာဆို လက်ခံမှာ မဟုတ်ဘူး..”
“ပြောပြန်ပြီ..”
မီနာ မကျေနပ်စိတ်ကြောင့် မျက်ခုံးတွန့်ရင်း နောက်ကနေ ချုပ်ဖက်ထားတဲ့ သူ့ဗိုက်ကို တံတောင်နဲ့ တွန်းပစ်လိုက်သည်။
“အာ..နာသွားပြီ…”
“ဟင်…တကယ်နာသွားလား…မဖ်လုပ်ပါ…နာနေလားဟင်..”
မီနာ တွန်းတာ မပြင်းသော်လည်း သူကလက်အုပ်ပြီး မျက်နှာမဲ့နေလို့ ကပျာကယာ လှည့်ပြီး လက်နေရာကို ကြည့်ရင်း စိတ်ပူမိသည်။
သူ့မျက်နှာကို ပြန်မော့ကြည့်မိတော့ စူးစိုက်ကြည့်နေလို့ ရင်ခုန်လန့်ဖြတ်သွားကာ မျက်လွှာချလိုက်ရသည်။
“အဲ့မျက်လုံးလေးကိုပဲ ချစ်ရတာ အသက်ရှုဖို့တောင် မေ့ထားမိတဲ့အထိ…”
မီနာ့ မျက်လုံးကို နမ်းလိုက်တော့ မျက်လုံးတွေ မှိတ်ပစ်လိုက်ရသည်။
မေးကို ပင့်ယူပြီး နမ်းလိုက်တော့ မီနာ မျက်လုံးတွေ ပြန်မဖွင့်ရဲတော့ပါ..။
သူ့ဆီက လွတ်လပ်ခွင့်ပေးတော့မှသာ မျက်လုံးတွေကို ပြန်ဖွင့်လိုက်တော့ ပြုံးစေ့စေ့ဖြင့် ပါးကို ဖွဖွဖျစ်သွားသည်။
“မီနာ..”
“ဟင်..”
“မနက်ဖြန် ကြာသပတေးနော်..”
“အင်းလေ..”
မီနာ ခေါင်းညိတ်လိုက်ပြီး အခန်းထဲက ထွက်လာရင်းမှ သူ့စကားကို သဘောပေါက်လို့ မျက်နှာပူသွားရသည်။
မီးဖိုခန်းကို ပြန်ရောက်လာပြီး ညစာအတွက် ပြင်ဆင်နေရင်းက ရန်စလိုက်ပြန်တဲ့သူ့ကို မကျေနပ်လို့ နှုတ်ခမ်းက မသိမသာစူနေမိတော့သည်။
05180437




ချစ်မျက်၀န်းWhere stories live. Discover now